"Steemit ခရီးလမ်းကိုလျှောက်ရတာ ငြီးငွေ့သွားတတ်သလား"

Words
326
Reading
2 min
Listen
Play
8y

ဘ၀မှာ အောင်မြင်ချင်တဲ့လူတိုင်း ရည်မှန်းချက်တွေ ရှိပါတယ်။ အိမ်မက်တွေလည်း ကိုယ်စီရှိကြပါတယ်။ ဒီအိမ်မက်တွေရှိရာကို သွားတဲ့လမ်းခရီးတစ်လျှောက်မှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ အနှောင့်အယှက် ပေါင်းစုံတွေလည်း ကြုံရလေ့ရှိပါတယ်။ တစ်ချို့ကတော့ ဒါတွေကို မရရအအောင်ဖြတ်ကျော်ပြီး ပန်းတိုင်ကို အရောက်သွားတယ်။ တစ်ချို့ကတော့ လမ်းတွေပျောက်ပြီး အရှုံးပေးလိုက်ကြတယ်။
Steemit ပလပ်ဖေါင်းပေါ်မှာ လျှောက်လှမ်းနေကြသူတိုင်းမှာလည်း အိမ်မက်ကိုယ်စီရှိကြမှာပါ။ သို့သော်လည်း steemit ခရီးလမ်းကို လျှောက်တဲ့အခါမှာ ကိုယ်တိုင် ကြိုးစားနေရက်နဲ့ တစ်ခါတစ်လေမှာတော့ မရည်ရွယ်တဲ့ အမှားလေးတွေ ပြုကောင်း ပြုမိတတ်ပါတယ်။ ဒီအမှားသေးသေးလေးတွေဟာ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ စိတ်ခွန်အားကို မသိမသာနဲ့ ထိခိုက်နေစေပါတယ်။ နောက်ဆုံး ကျွန်တော်တို့ အရှုံးပေးသွားရတဲ့အထိပေါ့။ ယခုဆိုရင် ဟိုးအယင်ကလုပ်တဲ့သူတွေ တဖြည်းဖြည်းလျော့နည်းလာတာကို စိတ်မကောင်းစွာ တွေ့လာရပါတယ်။ pro တင်တဲ့နေ့တောင် ၁၀ယောက် မပြည့်တော့ပါဘူး။
1_6.jpg
Images Credit - Original Source
လက်တွေ့ဘ၀မှာ တစ်နေရာကို သွားတဲ့အခါ အချိန်ဆိုတာ အတိုင်းအတာတစ်ခုထိ ပေးရတတ်ပါတယ်။ ခရီးကဝေးလေလေ အချိန်က ပိုပေးရလေလေပါပဲ။ တစ်ခါတစ်လေမှာတော့ ဖြစ်ချင်စိတ်တွေများပြီး အားသွန်ခွန်စိုက် ကြိုးစားပါတယ်။ မြန်မြန်ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ကြပါတယ်။ ဒါပေမယ့် မျှော်လင့်ထားတဲ့အချိန်မှာ ဖြစ်မလာတော့ စိတ်တွေလည်း ပင်ပန်းပြီး စိတ်ဓါတ်တွေလည်း ကျလာပါတယ်။ တကယ်တော့ ဘ၀အိမ်မက်ခရီးကို သွားတဲ့လမ်းက မာရသွန်ပြေးလမ်းကြီးပါ။ မြန်မြန်ရောက်ဖို့ထက် မှန်မှန်နဲ့ ဝေးဝေးရောက်ဖို့ပဲ လိုအပ်ပါတယ်။ မာရသွန်ခရီးမှာ ဘယ်သူကမှ အပြေးမြန်တဲ့သူကို မချီးကျူးပါဘူး။ နောက်ဆုံး ပန်းဝင်သွားတဲ့သူကိုပဲ ချီးကျူးတာပါ။ Steemit ခရီးလမ်းကရှည်းလျားပါတယ်။ အချိန်အတိုင်းအတာတခုထိ မှန်မှန်လေးလျှောက်လှမ်းဖို့လိုပါတယ်။
လူတစ်ချို့က ပြောကြတယ်။ လောကကြီးက မတရားဘူးတဲ့။ တကယ်တော့ လောကကြီးက လူတိုင်းအပေါ် အရမ်းကို မျက်နှာသာပေးလွန်းပါတယ်။ တစ်ခါချော်လဲတိုင်း တစ်ခါပြန်ထခွင့်ပေးတယ်။ ကျရှုံးသွားတိုင်း အခွင့်အရေးတွေပေးတယ်။ ဘယ်တော့မှ Game Over ဆိုပြီး စာတမ်းမထိုးဘူး။ ဒီအခွင့်အရေးကို ယူတတ်ဖို့ပဲ လိုတယ်။ ဘ၀လမ်းခရီးမှာ တစ်ခါလဲကျတိုင်း အရှုံးမဟုတ်ပါဘူး။ အခါခါလဲကျလည်း အရှုံးမဟုတ်သေးပါဘူး။ (ခဏခဏလဲကျနေရင်တော့ လိုရာခရီးဘယ်ရောက်ပါတော့မလဲနော်။)
တက်ကြွတဲ့လူငယ်တွေ ဘ၀ခရီးပန်းတိုင်ကို လျှောက်လှမ်းတဲ့အခါ လုပ်တတ်တဲ့ အမှားအယွင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့စိတ်ပါ။ ဒီစိတ်ဟာ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်တဲ့အခါမှာ တော်တော်လေးတော့ အသုံးဝင်ပါတယ်။ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတွေ (တစ်နည်းအားဖြင့်တော့ - ဖြစ်နိုင်ဖို့ ခဲယဉ်းတာတွေ) ကို လုပ်နေရင်းနဲ့ပဲ အချိန်တွေ၊ ခွန်အားတွေ ကုန်နေကြတတ်ပါတယ်။ မဖြစ်နိုင်တာတွေအတွက် အချိန်ပေးရင်း ဖြစ်နိုင်တာတွေကို လျစ်လျူရှုလိုက်ကြပါတော့တယ်။ ဒီတော့ တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် ဘယ်အရာက ဖြစ်နိုင်ချေရှိမလဲဆိုတာကို အရင်စဉ်းစားပါ။ ဖြစ်နိုင်တာတွေကို အရင်လုပ်ပါ။ ဖြစ်နိုင်တာတွေ အားလုံးကို တစ်ခုမကျန်လုပ်ပြီးတဲ့အခါမှာတော့ မဖြစ်နိုင်တာကြီးကို လုပ်ပြီးလျက်သားဖြစ်နေတာကို ထူးဆန်းစွာ တွေ့ရမှာပါ။
1_7u9pcC7QyepCO4A04qtTvA.jpeg
Images Credit - Original Source
"Steemit ခရီးလမ်းကိုလျှောက်ရတာ ငြီးငွေ့သွားတတ်သလား" လို့လားလို့ မေးရင်တော့ "ငြီးငွေ့သွားတတ်ပါတယ်"လို့ပဲ ဖြေရမှာပါပဲ။ ဒီခရီးလမ်းမှာ ကြုံရတဲ့ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ၊ အတားအဆီးတွေအပြင် စိန်ခေါ်မှုတွေမရှိခဲ့ရင်လည်း ဒီလမ်းကိုလျှောက်ရတာ ပျင်းလာတတ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်မှန်းသလို မဖြစ်တဲ့အခါ၊ ကိုယ်ကြိုးစားသလောက် ဘာမှအရာမထင်လာတဲ့အခါမှ စိတ်ပျက်ခြင်းကနေတစ်ဆင့် ငြီးငွေ့ခြင်းကို အသွင်ပြောင်းလေ့ရှိပါတယ်။ ဒီတော့ တစ်ခု လုပ်သင့်တာက အမြဲတမ်းအလိုလို ကိုယ့်ကိုယ်ကို နှိုးဆော်နေဖို့လိုပါတယ်။ အောင်မြင်မှုပန်းတိုင်ရဲ့ နောက်ကွယ်မှာ ဘယ်လိုချိုမြိန်သာယာမှုတွေရှိလဲဆိုတာ ကိုယ့်ကိုယ်ကိုအမြဲမပြတ် အသိပေးနေသင့်ပါတယ်။ ဒါမှ steemit ပလပ်ဖေါင်းပေါ်မှာ လျှောက်နေတဲ့ ခြေလှမ်းတွေဟာ ပျင်းတိပျင်းရွဲ့မဖြစ်ဘဲ အားမာန်အပြည့်နဲ့ တက်ကြွနေမှာ ဖြစ်ပါတယ်။
"မင်း steemit ကလဲကွာ လုပ်နေတာဖြင့် ဒီလောက်ကြာနေပြီ၊ ခုထိဘာမှဖြစ်မလာသေးဘူး၊ အလကား အချိန်ကုန် ဘေလ်ကုန်တာပဲအဖတ်တင်တယ်"လို့ သူငယ်ချင်း အပေါင်းအသင်းတွေ ညီအစ်ကိုမောင်နှမတွေ ပြောကောင်းပြောပါလိမ့်မယ်။
လူတွေဟာ ပတ်ဝန်းကျင်ကြောင့် အမှားတွေဖြစ်တတ်ပါတယ်။ ဟိုလူကတော့ ဟိုလိုလုပ်တာ အောင်မြင်သွားပြီ။ ဒီလူကတော့ ဒီလိုလုပ်တာ အဆင်ပြေသွားပြီ။ ငါကျတော့ ဘာလုပ်လုပ် ဘာမှမဖြစ်ပါ့လားဆိုတဲ့ အတွေးတွေက သင့်ရဲ့ တက်ကြွခြင်းတွေအားလုံးကို အဆုံးသတ်လိုက်ပါတော့တယ်။ "သူကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး" ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေဟာလည်း သင့်ရဲ့ ဘ၀လမ်းခရီးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ stemit ခရီးလမ်းမှာလဲ ဒီလိုပါပဲ။ ဒီစကားတွေကို ခေါင်းထဲ ပိုထည့်လေလေ သင့်ခြေလှမ်းတွေက လေးကန်လေလေဖြစ်ပြီး နောက်ဆုံး အဆုံးသတ်သွားတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ သတိထားသင့်ပါတယ်။
နောက်ပြီး ပါးနပ်မှုရှိဖို့ လိုအပ်ပါတယ်။ လှေနံဓါးထစ် လုပ်တတ်တဲ့သူတွေထဲက အနည်းစုသာ အောင်မြင်တတ်ပြီး အများစုဟာ ပန်းတိုင်သွားရာလမ်းမှာပဲ ကျရှုံးသွားလေ့ရှိပါတယ်။ တကယ်တမ်း ပန်းဝင်သွားတဲ့သူအများစုဟာ ပါးနပ်မှုရှိကြပါတယ်။ သူတို့လမ်းကို သွားတဲ့အခါ ဘယ်လိုသွားရင် မြန်မလဲ၊ ဘယ်လိုသွားရင် အခက်အခဲနည်းမလဲဆိုတာကို အမြဲတမ်း ကြံစည်တွက်ဆပါတယ်။ ဘယ်လိုလူနဲ့ လက်တွဲပြီးသွားရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီနိုင်မယ်။ ဘယ်လိုလူကိုတော့ လက်တွဲဖြုတ်သင့်တယ်။ စသဖြင့် တွေးတတ်ခေါ်တတ်ပါတယ်။ ဒီလို ပါးနပ်လိမ္မာမှုမရှိဘူးဆိုရင်တော့ ပန်းတိုင်ဟာ သင်မျှော်မှန်းထားတာထက် သေချာပေါက် ဝေးကွာနေဦးမှာပါ။
steemit-keychain-dolphin-3d-printing-101475.jpg
Images Credit - Original Source
ဒါကြောင့် steemit ခရီးလမ်းမှာလျှောက်လှမ်းနေကြသော မိတ်ဆွေများ ငြိမ်းငွေ့မှုတွေကိုပယ်ခွာ ပါးနပ်လိမ်မာစွာ လျှောက်လှမ်းနိုင်ပြီး ကိုယ်လိုရာခရီးကို အဆင်ပြေချော့မွေ့စွာ ရောက်ရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

kyawhlaing@kyawhlaing
MSC-015

"Steemit ခရီးလမ်းကိုလျှောက်ရတာ ငြီးငွေ့သွားတတ်သလား" | Ecency