သတိထားကြပါ
ဘယ်တရားမဆို "ယထာဓမ္မ ယထာသဘာဝ" ချည်းပါပဲ ဆိုတာကို သဘောထားကြတဲ့ သူတွေရယ်လို့မရှိပါ။
များသောအားဖြင့် တရားရှာတဲ့လူ (တရားသမား) ဟာ မြတ်ဗုဒ္ဓဒေသနာတော်နဲ့ မညှိနှိုင်းဘဲ ဇွတ်ပြောတတ်သော အကျင့်ရှိသူတွေ များပြားလာပါတယ်။
၁။ ဗုဒ္ဓနဲ့ သာသနာ ယှဉ်ပြိုင်လုပ်လာသည့် သူတွေ
၂။ မြတ်ဗုဒ္ဓတရားတော်ကို လိုရာဘက်ကို ဆွဲယူတဲ့သူတွေ
၃။ ငြင်းခုံမှုအမျိုးမျိုးကို လိုလားတဲ့သူတွေ စသော ပြိုင်ချင် နိုင်ချင် ထင်ပေါ်ချင်တဲ့သူတွေ မရှားပါးပါပဲ။
မြတ်ဗုဒ္ဓ သတိပေးတဲ့ စကားတစ်ခွန်းက
"အပြင်အပ ရုပ်ဝတ္တု ညစ်နွမ်းသဖြင့်သတ္တဝါတို့ ညစ်နွမ်းကုန်၏ ရုပ်ဝတ္တုစင်ကြယ်မှ သတ္တဝါစင်ကြယ်၏ ဟူရ်ျ မြတ်ဗုဒ္ဓ မဟောခဲ့ပေ"
"စိတ်ညစ်နွမ်းသဖြင့် သတ္တဝါတို့ ညစ်နွမ်းကုန်၏။ စိတ်စင်ကြယ်လျှင် သတ္တဝါစင်ကြယ်၏။ ဤသို့သာလျှင် မြတ်ဗုဒ္ဓ ဟောကြားတော်မူ၏" ဟု သတိပေးထားခဲ့ပါသည်။
ထိုစကားသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးပင် အလေးအမြတ်ထားသင့်သော စကားများပင်ဖြစ်ပါသည်။ "သတ္တာနံ ဝိသုဒ္ဓိယာ" အရ သတ္တဝါတိုင်းသည် စင်ကြယ်နိုင်ရေးဆိုသော အရာသည် ထိုသတ္တဝါများ၏ စိတ်ထဲတွင် တည်ရှိနေသော ကိလေသာများပင် ဖြစ်ပါသည်။ ထိုကိလေသာ၏ အညစ်အကြေးများကို လျှော်ဖွတ်နိုင်မှသာလျှင် ဖြူစင်သော စင်ကြယ်မှုသို့ ရောက်ရှိနိုင်ပေလိမ့်မည်ဟု မြတ်ဘုရားမှ ဟောကြားတော်မူထားခဲ့ပါသည်။
ထိုစိတ်ထဲ၌ စွဲမြဲကိန်းအောင်းနေသော ကိလေသာအညစ်အကြေးများကို လျှော်ဖွတ်စင်ကြယ်စေနိုင်ဖို့အတွက် အားထုပ်နေတယ် ကျင့်ကြံနေတယ်ဟူ၍ ပြောဆိုနေရုံကလေူဖြင့် မရနိုင်ပါ ။ အပြင်ပန်း၌ မြင်တွေ့နေရသော ကျင့်ကြံမှုပြယုဂ် (ရုပ်ဝတ္တု) ကိုလည်းကြည့်၍မရနိုင်ပါ။ အကျင့်တရားတို့မည်သည် ကိလေသာဟူသောစိတ်ကလေး ဖြစ်,မဖြစ် ဆိုသောစိတ်ကလေးကို သတိထားနေရပါမည်။ ကိလေသာကို ဖြစ်ပေါ်စေနိုင်သော အကျင့်မျိုးဖြစ်ပေါ်ခဲ့လျှင် ထိုအကျင့်တို့အား မကျင့်ရပါ မမှီဝဲအပ်ပါ ၎င်းအကျင့်တို့အား စွန့်ပယ်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အားထုပ်နေသည် ကျင့်ကြံနေသည်ဟု ဆိုနေပေမဲ့လည်း ထိုအရာကို ဟုတ်နေသည်ဟု မထင်ကောင်းပါ။
လောဘတဏှာ များသည်လည်း ဘယ်သန္တာန်တွင်မဆို ကိန်းအောင်းနေတတ်သည်က များလှပေသည်။ ကာမဂုဏ်အာရုံတို့၌ မပျော်မွေ့သောသူများ မရှိတတ်ကြသလိုပင် ကိလေသာဟူသော စိတ်တွင်လည်း တင်းတိပ်ရောင်ရဲခြင်း မရှိနိုင်ကြပါ။ ပျင်းရိ မုန်းတီး ငြီးငွေ့သောစိတ်များလည်း မရှိကြပါ။ ထိုကိလေသာတို့အား ပိုပို၍ခိုင်မြဲလာအောင် သာလျှင်သိမ်းဆည်းထာတတ်ကြပါသည်။ ထို့ကြောင့်
၁။ မိမိတို့ စားနေကျဖြစ်သော အစားအစာတို့မှသည်လည်း ခြိုးခြံလျှော့ပေါ့စားခြင်း|လုံးဝမစားခြင်း။ (ဆိုသောအကျင့်တွေ)
၂။ ဝတ်နေကျအဝတ်တို့မှလည်း ကောင်းသောအဝတ်အစားများကို မဝတ်ဆင်တော့ပဲ ခြိုးခြံခေါင်းပါးစွာ ဝတ်ဆင်ခြင်း|လုံးဝမဝတ်တော့ခြင်း။ (ဆိုသောအကျင့်တွေ)
၃။ ဆန္ဒရာဂ လောဘတဏှာ မကပ်ရောက် မဝင်လာနိုင်စေရန် ရေငုပ်ခြင်း မီးလှုံခြင်း နေပူထဲတွင်အပူခံခြင်း ဆူးပေါ်တွင်အိပ်ခြင်း စသော အကျင့်တွေသည် တစ်ခေတ်တစ်ခါဆီက ပေါ်ထွန်းလာခဲ့ဖူးပါသည်။ ထိုကဲသို့ပေါ်ထွန်းလာခဲ့သော ကြင့်ကြံမှုများသည်လည်း မြတ်ဗုဒ္ဓသည် "အကျိုးမဖြစ်စေပဲ ဆင်းရဲခြင်းသာ ဖြစ်ပေါ်တတ်သည့်အကျင့် | အရိယာဖြစ်ကြောင်း လမ်းစဉ်မဟုတ်သောအကျင့် | ပစ္စုပ္ပန် တမလွန်ချမ်းသာကြောင်း မဂ်ဖိုလ်အကျိုးစီးပွားနှင့် မအပ်စပ်သောအကျင့်" ဟုဆို၍ သတိပေး ဆုံးမ ဟောကြားတော် မူခဲ့ဖူးပါသည်။
တဏှာ|ဒိဋ္ဌိ ဦးစီးသောလမ်းစဉ်နှင့် ဒေါသ|ဒိဋ္ဌိ ဦးစီးတဲ့လမ်းစဉ်တို့သည် "အလွန်ချမ်းသာဖွယ် အလွန်နှစ်သက်ဖွယ် စွဲမက်ဖွယ် ဟူ၍ စွဲလန်းနှစ်သက်လျက် သေလွန်ပြီးသောနောက် တမလွန် နောင်အခါ ဘဝတို့၌လည်း ထိုစွဲလန်းမက်မောမှု တဏှာ|ဒိဋ္ဌိ သည် ဆင်းရဲကြမ်းတမ်းသော ခါးစပ်သော အကျိုးကိုသာလျှင် ပေးလိမ့်မည် " ဟူ၍ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ မှာဖော်ပြထားပါသည်။ နတ်သားတစ်ဦးက "သြဃလေးဖြာ သံသရာကို ဘယ်ပုံဘယ်နည်း ကူးသနည်း" ဟူ၍လျှောက်သောအခါတွင် မြတ်ဗုဒ္ဓသည် "ငါသည် ရပ်မနေဘဲ လက်ပစ်အားထုပ် မကူးပဲ သြဃလေးဖြာ သံသရာကို လွန်မြောက်ခဲ့သည်'' ဟူ၍ ဖြေကြားတော်မူခဲ့ပါသည်။ ထိုအခါ နတ်သားမှ "အဘယ်သို့ ရပ်မနေပဲ အဘယ်ပုံ လက်ပစ်အားထုတ် မကူးဘဲ သံသရာကို လွန်မြောက်ခဲ့သနည်း" ဟူ၍ပြန်လည် လျှောက်တင်သောအခါ မြတ်ဗုဒ္ဓသည် " ငါသည် အကြင်အခါ၌ ရပ်နေသည် ထိုအခါ နစ်မြုပ်ရသည် အကြင်အခါ၌ လက်ပစ်အားထုပ်ကူး၏။ ထိုအခါ မျောပါရ၏ ။ ထို့ကြောင့် ငါသည်ရပ်မနေပဲ လက်ပစ်အားထုပ် မကူးပဲ သံသရာကိုလွန်မြောက်ခဲ့၏" ဟူ၍ ဖြေကြားတော်မူခဲ့လေသည်။
ကိလေသာကို ဖြတ်တောက်မှုမပြုပဲ ကိလေသာဖြစ်အောင် ကိလေသာပွားလာအောင် အားထုပ်နေခြင်းတို့သည် အသိတရားရပိနေသည်ဖြစ်၍ နစ်မြုပ်သောသူနှင့် သဏ္ဍာန်တူညီနေပါသည်။ ရလိုသောစိတ်နှင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲအောင်အားထုပ်ပြီး ကျင့်ကြံသည့်အတွက်ကြောင့် လက်ပစ်ကူးခြင်းနှင့်တူသောကြာင့် မျောပါနေရသူဖြစ်နေပါသည်။ မြုပ်လမ်းနှင့်မျောလမ်းတို့ကြောင့် သံသရာဝဲဂရက်ထဲ ကျင်လည်နေရသည်သာလျှင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုလမ်းကြောင်းနောက်သို့မျောပါသောသူများသည်
၁။ပုန်းအောင်းနေရသောသူနှင့်
၂။ လွန်ပြေးရသောသူနှင့် တူညီနေပါသည်။ ပုန်းအောင်းနေရသောသူသည် ကာမနယ်ထဲက မထွက်ခွါလိုကြပဲ ကာမဂုဏ် ဘုံဘဝတို့၌ ကျင်လည်ပြီး ပုန်းအောင်းနေကြရပါသည်။ လွန်ပြေးရသူများသည် သေရင်ဘာမှမဖြစ် ပြီးတာပါပဲ ဆို၍ လွန်ပြေးနေရပါတော့သည်။
မြုပ်လမ်းနှင့်မျောလမ်း သွားကြရတဲ့လူများသည် လွန်စွာမှသတိထားရပါသည်။ အဲ့လမ်းကို မည်သူများသွားကြပါသလဲ သတိထားကြပါ သွားကြတဲ့လူတွေရဲ့ နောက်သို့ လိုက်ပါမသွားဖို့ အထူးသတိထားကြပါ။
မှတ်ချက်။ တာင်ကလေးဆရာတော်၏တရားတော်ကို ပူဇော်၍ကျွန်တော်မောင်ဝင်းထွန်းပူဇော်ရေးသားထားပါသည်။
MSC 086