(တစ်နေ့တစ်မျိုးရေးမယ်ဗျာ။ ဖတ်တဲ့သူတွေမျက်စိလည်ကုန်မလားမသိဘူး😂😂)
အမည်က ဦးသိန်းမြင့်။ ။နေရပ်က ရန်ကုန်မြို့ရဲ့ အနီးအနား ရွာလေးတစ်ရွာမှာနေထိုင်ခြင်းဖြစ်သည်။ သူ့တွင်သားတစ်ယောက်သာရှိပြီး သူ့လုပ်ငန်းကတော့ ကြီးကြီးမားမားကြီးမဟုတ်သော်လည်း ဝမ်းရေးအတွက်တော့ သိပ်မခက်ခဲလှပါချေ။ အဘယ်ကြောင့်ဆိုသော် သူနေသောကျေးရွာလေးတွင် သူ့ဝမ်းရေးအတွက် မကြောင့်မကျနေရလေအောင် သူစီစဉ်ထားသောကြောင့်ဖြစ်သည်။ သူ့တွင် ကိုယ်ပိုင်ဘိလိယက်ခုံ သုံးခုံ လက်ဝယ် ပိုင်ဆိုင်ထားသည်လေ။
နနံက်ခင်း အာရုံဦးအချိန်တွင် ဦးသိန်းမြင့်၏ ဘုရားရှိခိုးခြင်း နှင့် ကျေးစီသံ တနောင်နောင်အသံတို့အား ကျေးရွာကလေး၏အတော်ဝေးဝေးတနေရာအထိ ကြားနေကြရပေလိမ့်မည်။ ကျေးရွာလေးဖြစ်တာကြောင့်လည်း မြို့ပေါ်မှာလို ကားသံ၊ စက်သံများ၏ဆူညံသံတို့ကိုမကြားရသောကြောင့် နံနက်ခင်းအချိန်အခါတွင် တိတ်ဆိတ်ညိမ်သက်နေလေသည်မဟုတ်လား။
နံနက်ခင်း၏အချိန်အခါတွင် ဘုရားရှိခိုးဝတ်ပြုအပြီးတင် ဦးသိန်းမြင့်တစ်ယောက် အလုပ်စတင်ရပါတော့သည်။ အဘယ်အလုပ်ဟုဆိုရသော် သူတို့သားအဖ စားသောက်ဖို့ရာ ဝမ်းရေးအတွက် ထမင်းဟင်းချက်ပြုပ်ရပေအုံးမည်။ ထိုအလုပ်တို့ကို အသက်အရွယ်ရနေပြီဖြစ်သော ဦးသိန်းမြင့်တစ်ယောက်မလုပ်ချင်ပဲလုပ်နေရခြင်းသာဖြစ်ပါသည်။ သူ၏ချစ်ဇနီးမှာတော့ သူ့အတွက် သားဆိုးလေးတစ်ယောက်ကို မွေးဖွားအပြီးမှာပဲ လူ့ဘဝကြီးထဲမှနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ ကျန်ရှိနေသော သားလေးမှာလည်း မိခင်၏နို့ရည်ကိုမသောက်သုံးရ၍ပဲလားတော့မသိ၊ ဆိုးချင်တိုင်းဆိုး၍နေလေသည်။ ဦးသိန်းမြင့်၏ ဆုံးမသွန်သင်မှုမကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
အားမကိုးရသော သူ၏သားအမည်ကိုတော့ ဘုန်းလရောင်ဟုအမည်ပေးခဲ့မိသည်။ အသားအရည်က မွေးဖွားစကပင် ဖြူစင်နေသောကြောင့်လည်းအမည်ပေးခဲ့မိခြင်းသာ။ သူ၏သားလေးက တော်ရုံလောက်နှင့်တော့ မငိုတက်ပဲ၊ ငယ်ရွယ်စဉ်အချိန်ကနေ ယခုအသက်15နှစ်ပြည့်ပြီးသည့်အချိန်ထိ မည်သူ့ကိုမျှမကြောက်တက်ပေ။ သူလုပ်ချင်တာသူလုပ်မည်ဟု တွေးနေသလားတော့မသိ ခံမပြောနားမထောင်တက်သော ဘုန်းလရောင်ပါ။ အသားအရည်နှင့် ကိုယ်ခန္ဓာကတော့ လေ့ကျင့်နေစရာမလိုအောင် ဖွံဖြိုး၍နေပါတယ်။ အငြိမ်မနေပဲ တနေကုန်အပြင်ထွက်နေပြီး ပြေးလွှားလှုပ်ရှားကစားနေသည်က သူ့ရဲ့ ကိုယ်ခန္ဓာကို ထွားကြိုင်းလာစေတာလည်းဖြစ်ပေလိမ့်မည်။
အမှန်တစ်ကယ်က ဦးသိန်းမြင့်သည် အသက်နည်းနည်းရမှ သူ့ထက်အသက်ဆယ်နှစ်ခန့်ငယ်သောသူနှင့် အိမ်ထောင်ပြုခဲ့ခြင်းကြောင့် သူ့သားဘုန်းလရောင်၏အသက်တစ်ဆယ့်ငါးနှစ်ပြည့်ချိန်ဝယ် သူ၏အသက်မှာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နားသို့ကပ်လာခဲ့ခြင်းသာ။ သူအမည်ပေးခဲ့သော ဘုန်းလရောင် ဆိုသော သူ့သား၏အမည်သည် သူ့ကိုခိုက်သည်လားဟုလည်းတွေးမိနေပါသည်။ အမည်ကြောင့်ပဲလား သူ့သား၏ပင်ကိုယ်စရိုက်ကြောင့်ပဲလားမသိ ဆိုးချင်ချင်ဖြစ်နေသောသားကိုတော့ သူပြုပြင်ရတော့မည်။ ယခုအချိန်မှာ သူ့သားဘုန်းလရောင်၏အမည်မှာပျောက်နေပြီး ရွာထဲရှိလူတိုင်းပါးစပ်ဖျားခေါ်နေကြသည်က အပေအတေလေးနဲ့ဆိုးနေတဲ့ အပေအတေ ဖိုးတေတဲ့ဗျာ။ ဖိုးတေဆို လူတိုင်းကသိကြသည်သာ။ ဖိုးတေလေးမှာ တစ်ခုကောင်းတာက စာတော်သောကျောင်းသားတစ်ဦးဖြစ်နေခြင်းပင်ဖြစ်ပါတယ်။ ယခုဆိုလျှင် ဖိုးတေ၏အတန်းပညာသည် ကိုးတန်းသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူများတွေပြောကြတာကတော့ "မင်းက သားကိုကျောင်းထားတာ တစ်နှစ်နောက်ကျသည်တဲ့”...။
အိမ်တွင်အားမကိုးရ၊ ခိုင်းစေမရပေမယ့် စာကိုပုံမှန်လုပ်နေသောကြောင့်လည်း ဦးသိန်းမြင့်ပျော်ရွှင်ရပြန်ပါတယ်။ ဘာပဲပြောပြော ဆိုးပေနေတယ်လို့ပြောတဲ့ ဖိုးတေလေးက လူမိုက်တစ်ယောက်တော့မဖြစ်နိုင်တော့ဘူးမဟုတ်ပါလား။
လူလည်းမကြောက်တက်၊ ပညာလည်းတော်ဆိုတော့ တစ်နေ့တွင် လူကောင်းတစ်ယောက်ဖြစ်လာရမည်ဟုတော့ ဦးသိန်းမြင့် တွေးတောထားပါသည်။ ထို့ကြောင့်လည်း ယခုအချိန်တွင် ဆုံးမရခက်နေပေမယ့် ဆုံးမစရာလည်း သိပ်မလိုဟုထင်မိသည်။ ဆရာတွေ ပညာရှိတွေ၏ပြောစကားအရ စာပေကိုဖတ်ရှုသူတိုင်းသည် အသိဉာဏ်တို့ဖွံဖြိုးလာပြီးလျှင် လူတော်လူကောင်းလေးတွေဖြစ်နိုင်ကြသည်တဲ့။
စောင့်ကြည့်ရပေအုံးမည်လေ။
ယခုတော့ နံနက်စောစောတွင် ဝမ်းရေးအတွက် ထမင်းဟင်းချက်ပြုပ်ဖို့ ပြင်ဆင်ရင်းဖြင့် နံနက်ခင်း သူရိန်မင်းကြီး၏ထွက်ပြူလာချိန်ကို စောင့်ဆိုင်းရပေအုံးမည်။
သူရိန်လင်းမှ ဘိလိယက်ခုံဖွင့်ရမည်ပဲမဟုတ်လား.........
- ဖတ်ရှုပေးသူ အားလုံးသောချစ်မိတ်ဆွေများ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။