မင်္ဂလာပါခင်ဗျာ ဒီတစ်ပတ်တော့ ပြောချင်တာပြောကြည့်မလို့ပါဗျာ။😁😁
စပြောပါပြီ 😁
ကျနော်တို့သည် တစ်နေ့သေလွန်ကြရလိမ့်မည်။
မသေခင်အချိန်လေးမှာ ပျော်ရွှင်မှုဝမ်းနည်းမှုတို့ကိုရရှိကြရမည်မှာမလွဲဧကန်၊ ဧကန်မလွဲပါ။
ဟုတ်ပြီ ကျနော်တို့ တစ်နေ့တွင် သေဆုံးကြရမည်မှန်သည်။သို့ပေမယ့် ကျနော်တို့သေဆုံးသည်အခါ ဘာတွေယူဆောင်သွားကြမည်နည်း။ စွဲလမ်းမှုတွေလား၊ အတ္တ မာနတွေလား။ပစ္စည်းဥစ္စာတွေလား ဟိုဟာဒီဟာလား။ ဘယ်အရာကိုမှယူဆောင်သွားလို့မရပါဘူး။ သို့ပေမယ့်ယူဆောင်သွားကြတာတွေတော့ ရှိပါတယ်။ ဘာတွေလည်းဆိုတာကိုအသေးစိတ်မပြောပြတက်ပေမယ့် ကျနော်တို့သေလွန်ရင် ယူဆောင်မသွားချင်တောင်မရတဲ့အရာတွေက အကုသိုလ်နဲ့ ကုသိုလ်တို့ရဲ့အကျိုးဆက်တွေပါပဲ။ ကိုယ်ပြုသောကံပဲ့တင်သံဟာ ယခုဘဝတွင်မက နောင်သံသရာအထိ သယ်ဆောင်သွားပြီး အကျိုးပေးကြတယ်။ သင်မကောင်းမှုပြုမယ် ကျနော်ကောင်းမှုပြုမယ်ဆိုရင် သင်ဆိုးကျိုးတွေခံစားရမယ် ကျနော်ကောင်းကျိုးတွေခံစားရမယ်။အဲ့ဒီလိုပဲ ဟိုသံဝေဂရစရာ စာပေလေးကလည်း ရှိနေပါသေးတယ်။
"သူသေ ၊ ငါပို့
ငါပို့ ၊ သူသေ”....ဆိုတာလေ...😁😁
" အမှန်က
သူသေ၊ ငါပို့
ငါသေ ၊ သူပို့” ပါ။
ကျနော်တို့ရဲ့ဘဝတွေအတွက် စားဝတ်နေရေးအတွက်ရှုန်းကန်ကြရတယ် အပိုဝင်ငွေလေးတွေလိုချင်ကြတယ်၊ လောဘရှိကြတယ်ပေါ့။ ဒါဟာ လူတိုင်းလူတိုင်းမှာ ရှိသင့်တဲ့အရာမို့ အထူးပြောနေစရာမလိုတော့ပါဘူး။ ဘာလို့ လောဘရှိနေသင့်တာလည်းဆိုရင် ကျနော်တို့တတွေဟာ သေမင်းနဲ့ရင်မဆိုင်ရခင်အချိန်စပ်ကြားမှာ အိုခြင်း၊ နာခြင်းဆိုတဲ့အရာတွေနဲ့ မလွဲမသွေကြုံတွေ့ကြရမှာပဲမဟုတ်လား။ ဒီတော့ ငယ်ရွယ်စဉ်အချိန်အခါမှာသာ ဥစ္စပစ္စည်းတွေကို ရှာဖွေနိုင်ကြမယ် စုဆောင်းနိုင်ကြမယ်လေ။ လူမှုရေးဆိုတာတွေကို မတွေးပဲနဲ့ အသာချန်လှပ်ထားလိုက်ပါအုံး။ တွေးကြည့်ရင် စိတ်ညစ်စရာတွေဖြစ်နိုင်တဲ့သူတွေလည်းရှိနေနိုင်တာမို့ပါ။ အဲ့ဒီအရာတွေကိုမတွေးပဲ မိမိတို့ရဲ့ စားဝတ်နေရေးကိုပဲတွေးမယ်ဆိုရင် ရှာဖွေထားတာတွေဟာ စားတဲ့သောက်တဲ့အထဲလည်းရောက်စေပြီး စုဆောင်းမှုထဲလည်းရောက်စေရပါတယ်။ မစုဆောင်းထားတာတွေက ကိုယ့်ရဲ့ကျန်းမာရေးမကောင်းတဲ့အချိန်အခါ အလုပ်မလုပ်နိုင်တဲ့အချိန်အခါတွေမှာ အထောက်အပံ့ကောင်းတွေကိုရရှိစေနိုင်ဖို့ ဖြစ်လာပါလိမ့်မယ်။
ဟုတ်ပြီ ရှာဖွေကြတယ်ပေါ့။ ကျနော်တို့တတွေဟာ မိမိတို့ရဲ့ သားစဉ်မြေးဆက်အထိတွေးတောပြီးရှာဖွေကြတယ် စုဆောင်းကြတယ်။ ဟုတ်ပါတယ် ဒါလည်းကောင်းပါတယ်။ ဒါပေမယ့် အဓိကလိုအပ်နေတာ သားစဉ်မြေးဆက်အတွက်မဖြစ်သင့်ဘူးလို့ကျနော်မြင်မိတယ်။ ကျနော်တို့ရှာဖွေတာ ကျနော်တို့အတွက်ပဲဖြစ်သင့်ပါတယ်။ ကျနော် ဒီလိုပြောလို့ အတ္တဆန်လွန်းတယ်လို့တော့မမြင်ကြပါနဲ့ဗျာ။ တစ်ကယ်ဆိုရင် တွေးကြည့်ပါ။ သားစဉ်မြေးဆက်အတွက်ရှာဖွေတယ်တဲ့၊ အဲ့ဒီလိုရှာဖွေရင်း သေဆုံးသွားခဲ့ရင် ကျနော်တို့ ဘာတွေရသွားခဲ့မှာလည်း။စဉ်းစားကြည့်ပါဗျာ။ ဥစ္စာပစ္စည်းဆိုတာ နောင်ဘဝအတွက် ပါသွားခဲ့ခြင်းမရှိဘူးလေ။ ဒီတော့ ကိုယ်က တစ်ခြားဘဝမှာ ငရဲကျခံဖို့ ဒီဘဝမှာ ကြိုးစားနေကြမှာလား။ ကျနော်တို့ရှာဖွေတာကို ကျနော်တို့ရရှိနိုင်အောင် အလှူအတန်းလေးတွေများစွာပြုလုပ်ရင်းယူဆောင်နိုင်ကြပါတယ်။ အလှူတန်းအကြီးကြီးလုပ်ပါလို့ပြောလိုခြင်းမဟုတ်ပါဘူး။ လူအချင်းချင်း ကူညီရိုင်းပင်းရင်းလည်း အလှူအတန်းပြုလုပ်လို့ရပါတယ်။ ကောင်းကျိုးတွေရရှိဖို့ ကြိုးစားဆောင်ရွက်ခြင်းလို့ပဲပြောရမှာပေါ့။ တစ်ကယ်တမ်းက လူ့ဘဝကြီးမှာ ကုသိုလ်ထက် အကုသိုလ်ကိုသာ လူတွေက ပိုစိတ်ဝင်စားကြတယ်ထင်ပါတယ်။ လူအချင်းချင်းကူညီရိုင်းပင်းဖို့နေနေသာသာ ဘယ်လို လှည့်ပတ်ရမလည်း လိမ်လည်ရမလည်းပဲ စဉ်းစားနေကြတာများပါတယ်။ ဒီလိုမျိုးပဲ စဉ်းစားနေတဲ့အခါကြတော့ လိမ်လည်နိုင်တဲ့သူတွေက ချမ်းသာနိုင်ကြပေမယ့် ကျနော်ပြောတဲ့ အလှူလေးတွေမလုပ်နိုင်ကြတော့တာမို့ သေရင် ခံရတော့မှာပါ။ စံရမယ့်သူတွေက နောင်လာနောက်သားတွေပေါ့။ ဒီတော့ ဘာဖြစ်လာသလည်းဆိုရင် လောကကြီးက ပျက်စီးလာတယ်လေ။ ရိုင်းစိုင်းတဲ့ အမျိုးကဆင်းသက်လာသူတိုင်းမရိုင်းစိုင်းနိုင်ကြပေမယ့် အနေနီးတဲ့အတွက် တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးကဖြစ်လာရတော့မှာပါ။
ပိုက်ဆံရှိတဲ့ လူလည်ကြီးသားသမီးက ဆင်းသက်လာတဲ့သူတွေက ငွေဂုဏ်မောက်ပြီး လောကကောင်းကျိုးမသိတော့ဘူးဖြစ်လာမယ်။ဆိုးတဲ့သူတွေဖြစ်လာနိုင်ကြတယ်။ တစ်ကယ်တမ်းကျနော်တို့တတွေဟာ နောင်လာနောက်သားတွေကို ချမ်းသာစေချင်တယ်ဆိုရင် တိုးတက်ကောင်းမွန်တဲ့အနာဂတ် ဘဝတွေကို မိမိတို့ကိုယ်တိုင် ဖန်တီးလာနိုင်ကြစေဖို့ အသိပညာ အတက်ပညာနဲ့ ဗဟုသုတတွေကိုသာ အမွေပေးသင့်တယ်။ ကျနော်တို့ရှာဖွေတာတွေကိုအမွေမပေးသင့်ဘူး၊ အဆင်သင့်ထိုင်စားနေသူတွေမဖြစ်စေသင့်ဘူး။
ဒီအတွက် ကျနော် မေးစရာမေးခွန်းတစ်ခုရှိလို့ အခုလိုpostကို အရှည်ဆွဲရေးလိုက်ရတာပါ။ ကျနော်မေးချင်တဲ့မေးခွန်းလေးက စာတစ်ကြောင်းထဲပါပဲ။
ငွေကို အတင်းနင်းကန်ရှာပြီး ကောင်းမှုလည်းမလုပ် ရပ်ရွာအကျိုးလည်းမပါဝင်၊သူများမျက်ခုံးမွှေးပေါ်မှာတော့ စင်္ကြန်လျှောက်အရသာခံချင်သူတွေကိုသာမေးကြည့်ချင်တာပါ။ သူတို့တတွေက နောင်လာနောက်သား သားစဉ်မြေးဆက် ကောင်းစားစေချင်လို့ ရှာဖွေတယ်ဆိုလို့ပါ။
မေးချင်တာက....
သင်တို့တတွေက သားစဉ်မြေးဆက်အတွက်ရှာဖွေတယ်ဆိုရအောင် သင်တို့ရဲ့ သားစဉ်မြေးဆက်တွေမှာ ခြေလက် အဂါင်္တွေမပါတော့ဘူးလား၊ ဦးဏှောက်အသိဥာဏ်တွေမပါဝင်လာတော့ဘူးလား လို့ မေးကြည့်ချင်တာပါ။
ကျနော်ဆိုလိုချင်တာက လွယ်လွယ်ထိုင်စားလို့ရအောင်ဖန်တီးပေးလိုက်ရင် ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိပဲ အချိန်ကြာလာလို့ အားကိုးရမယ့်သူတွေမရှိရင် လွယ်လွယ်ထိုင်စားမိလို့ လွယ်လွယ်ဘဝပျက်ကြရတော့မယ်မဟုတ်လားဗျာ။ ကုဋေ ရှစ်ဆယ် သူဋ္ဌေးသားရဲ့ ဥပမာကို သဘောပေါက်ကြရင် ကျနော်ပြောတာကိုလည်း သဘောပေါက်မှာပါ။
ကျနော်လည်း တစ်နေ့သေမှာပါ။ သင်တို့လည်းတစ်နေ့သေမှာပါ။ ဒါပေမယ့် ဒီအတွက်ကြောက်စရာလိုနေကြအုံးမှာလား။ ကြောက်နေအုံးမယ်ဆိုရင်တော့ သေချာပါတယ်။ သင့်မှာ ကောင်းမှုကုသိုလ်နည်းနေသေးတာပါ။ ဒါကြောင့် နည်းနည်းလေးသော ကုသိုလ်ကောင်းမှုတွေကို ယခုပင်စတင်လုပ်ဆောင်လိုက်ပါလို့အကြံပြုပြောကြားရင်း postလေးကို နိဂုံးချုပ်လိုက်ပါတယ်ဗျာ။