"ဂျိမ်းး"
အပတ်စဉ် စနေနေ့တိုင်း အချုပ်သားများအား ပြန်လည်လွတ်ပေးမည် ဖြစ်သောကြောင့် အချုပ်တံခါး ဖွင့်သံနဲ့အတူ အချုပ်ခန်းထဲသို့ IDC ရုံးဝန်ထမ်းများ ဝင်ရောက်လာလေသည်။
"အားလုံးပဲ ညီညီညာညာ တန်းစီပြီးတော့ အပြင်သို့ ထွက်ကြပါ"
ဝန်ထမ်းများမှာ အချုပ်သားများကို အပြင်သို့ ထွက်ခိုင်းလေတော့သည်။
(ဘုရား ဘုရား... ဒီတစ်ခါ ငါပြန်လွတ်ပါစေ) ဟု ကျနော့်စိတ်ထဲတွင်တော့ ဆုတောင်းနေမိသည်။
ဘာလိုလိုနဲ့ IDC ဘန်ကောက် အချုပ်ထောင်ထဲတွင် တစ်လကျော်တောင် နေခဲ့ရလေသည်။ စနေနေ့ အပတ်စဉ်တိုင်း အချုပ်သားများအား ပြန်လွတ်ပေးသည့်အခါ အမြဲမြဲလိုလို နာမည်ခေါ်တဲ့ စာရင်းတွင် မပါ၍ ကျန်နေခဲ့ရသည်။ အခုတစ်ပတ်လည်း ဘယ်လိုလာအုံးမလဲ မသိပါ အမြဲမြဲလိုလို ကျန်နေခဲ့ရတော့ စိတ်ဓာတ်ကတော့ ယိုင်နဲ့နဲ့သာ လွတ်ဖို့အတွက်ကို သိပ်ပြီးတော့ မမျှော်လင့်ရဲတော့ပါ...။
"ကဲ အားလုံး တန်းစီပြီး အပြင်ထွက်ကြတော့ ဟေ့ အချိန်သိပ်မရှိဘူး"
တန်းစီးဖြစ်သူမှလည်း အချုပ်သားများအား သူကိုယ်တိုင် ဦးဆောင်၍ အမိန့်ပေးနေလေတော့သည်။
"ဘုန်း ဘုန်း"
အသံကြားရာဘက်သို့ ကျနော်ကြည့်လိုက်လေသည်၊ လှေကားအတက်အဆင်းနေရာတွင် သရေတုတ်များ ကိုင်ဆောင်၍ တန်းစီပြီးတော့ အပြင်ထွက်လာသူများအား ပုံစံမကျတဲ့သူများအား အီကြာကွေး (ရိုက်နှက်ခြင်း) ကျွေးနေခြင်း ဖြစ်လေသည်။
"ဘုန်း ဟေါင့် သေချာ ညီညီညာညာ တန်းစီပြီတော့ သွားလေကွာ ဘာလို့ အတင်းတိုးတာလဲ"
ငင့်! ပါးစပ်က မပြောခင် လက်ကအရင် ကျွေးပြီးသွားပြီ ... ထို သရေတုတ်များ ကိုင်ဆောင်သူများမှာ အခြားသူများ မဟုတ်ပါ... အသက် 20 ဝန်းကျင် လူငယ်ပိုင်း မြန်မာလူမျိုးများသာ ဖြစ်ပါသည်။
"ဟေ့... မင်း မြန်မာလား"
"ဟုတ်.. ဟုတ်ကဲ့ ကျနော်မြန်မာပါ"
"အေး သေချာ တန်းစီပြီးတော့ ကောင်းကောင်းသွား အတင်းမတိုးနဲ့ ပြန်လွတ်မယ့် စာရင်းထဲ နာမည်မပါရင် ပြန်လာရမှာဘဲ"
ကိုယ်တော်ချောတွေ အနားသို့ ရောက်သွားသော မြန်မာလူမျိုး တစ်ယောက်မှာ ပုံစံမကျသောအခါ ပြောဆိုနေခြင်းဖြစ်လေသည်။ သြော်.... သူတို့လေးတွေလည်း စကားပြောရိုင်းပေမယ့် အမျိုးတော့ချစ်ရှာသား... သူတို့တွေကို ကျနော်တို့ တန်းစီးဖြစ်သူမှ မြန်မာလူမျိုးတွေကို ကိုယ်ထိလက်ရောက် မလုပ်ဖို့ ကောင်းမွန်စွာ ဆက်ဆံဖို့ မှာထားသည်၊ ကိုယ့်မြန်မာ အချင်းချင်းကြတော့ ပုံစံမကျတောင် ကောင်းကောင်းမွန်မွန်နဲ့ ပြောရှာပေမယ့်၊ မြန်မာမဟုတ်တဲ့ တိုင်းတစ်ပါး လူမျိုးတွေကြတော့ အပီပြင်ကို ကျွေးနေတာ လက်တွေက မော်တာတတ်ထားသလား အောက်မေ့ရတယ်။
ကျနော်လည်း သူတို့အနားသို့ ရောက်သည်နှင့်...
"အစ်ကို ဘယ်လိုလဲ ဒီတစ်ခါကော လွတ်မယ်လို့ထင်လား"
"အမ် သိဘူးလေကွာ မလွတ်တော့လည်း ကံတရားပေါ့ ဘယ်တတ်နိုင်ပါ့မလဲ"
"ဟ ဟား ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ဒီတစ်ခါတော့ ငါ့အစ်ကို ပြန်လွတ်ပါစေ အမြဲတန်း ပြန်လာတာ တွေ့နေရတော့ ကျနော်တို့တောင် စိတ်မကောင်းဘူး အစ်ကိုရာ...)
(ငိုးးမလေးတွေ ငါ့ကိုများကွာ)
စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
ဒီလိုနဲ့ အပေါ်ထပ် အချုပ်ခန်းထဲကနေ ကျနော်တို့တွေ ထွက်လာပြီး ဆင်းလာခဲ့ကြရာ အောက်ထပ်မှာ တန်းစီနေကျ မြက်ခင်းပြင် အချုပ်ကွင်းထဲသို့ ရောက်လာကြလေသည်။
"ကဲ အားလုံးပဲ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး နေပေးကြပါ... အခု ပြန်လွတ်မယ့်လူတွေကို တစ်ဦးချင်းစီ နာမည်စာရင်း ခေါ်ပါမယ်၊ နာမည်ခေါ်တဲ့အထဲမှာ မပါတဲ့ အချုပ်သားတွေကတော့ ကိုယ့်နေရာကိုယ် ကောင်းကောင်းမွန်မွန် ပြန်နေကြပါ... နာမည်စာရင်း ပါတဲ့သူတွေကတော့ သက်ဆိုင်ရာ ဌာနမှာ အပ်နှံထားသော မိမိပစ္စည်းများအား ပြန်ယူ၍ စနစ်တစ်ကျနဲ့ ကားပေါ်သို့ တက်ကြပါ၊ လုမတက်ကြပါနဲ့ ကားပေါ်မှာ ထိုင်ဖို့နေရာများကို သက်မှတ်ထားပေးပြီသားပါ"
အရာရှိ ဝန်ထမ်းဖြစ်သူမှာ ဤကဲ့သို့ မှာစရာရှိသည်များအား မှာကြား၍ ပြန်လွတ်မည့် သူများကို နာမည်စာရင်း စခေါ်ပါလေတော့သည်။
အရာရှိ ဝန်ထမ်းဖြစ်သူမှ နာမည်စာရင်း စခေါ်သည်နှင့် ဘယ်လိုကြောင့်ရယ် မသိပါ... ကျနော့်ရင်တွေ ခုန်နေလေသည်၊ ရင်ဘက်ထဲမှာ နတ်ကန္နားပွဲ ကနေသလား အောက်မေ့ရလေသည်။ တစ်ပြိုင်တည်း ဆိုသလို မျက်စိကို စုံမှိတ်ရင်း စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ ဆုတောင်းနေမိသည်။
"ကိုလင်း"
ကျနော့် နားကြားများ လွဲနေသလား...
စိတ်တွေက ဂယောင်ချောက်ခြား ဖြစ်နေလို့များ ထင်မှားနေသလား... မရေရာ မသေခြာနဲ့ မသဲကွဲ ဖြစ်နေလေသည်။
"ကိုလင်း... ဒီထဲမှာ မြန်မာလူမျိုး ကိုလင်း ရှိပါသလား"
"ဝိုးး ဟိုးး ဟိုးးး လွတ်ပြီဟေ့ လွတ်ပြီကွ"
ဒီတစ်ခါတော့ ကျနော်လွတ်လေပြီ... အရမ်းကို ပျော်လွန်းလို့ ကျနော် အော်ပြီးတော့ ထတောင် ခုန်မိလေသည်။
အပျော်လွန်ပြီး ထခုန်မိလို့ ကျနော့်ဘေးနားရှိ အချုပ်သားများမှာ ကျနော့်အား ကြောင်၍ကြည့်နေကြသလို နာမည်အော်ခေါ်နေသော အရာရှိဖြစ်သူမှာလည်း ကျနော့်အား ကြည့်၍ ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။
တစ်သက်နဲ့တစ်ကိုယ် အချုပ်ထောင် မကျဖူးတဲ့ကျနော်... အမှတ်မထင်ပဲ အချုပ်ထောင်ကျသွား၍ ယခုလို ပြန်၍ လွတ်မြောက်သောအခါ... ပျော်လွန်းလို့ ခံစားရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါ၊ ထီပေါက်သလိုတောင် ခံစားမိလေသည်။
ကျနော့် နာမည်စာရင်း ပါသည်နှင့် တစ်ပြိုင်ထဲဆိုသလို... ဖုတ်ဖက်ဆိုပြီး ဖင်ကိုခါချက်ထပြီးတော့ IDCအချုပ်ထောင်သို့ စဝင်တဲ့နေ့က အပ်နှံထားသော ပစ္စည်းများကို သွားရောက်ထုတ်ယူပြီး၊ မြန်မာပြည်သို့ ပြန်ပို့ပေးမည့် အချုပ်ကားပေါ်သို့ ပြေး၍တက်လိုက်လေတော့သည်။
ကားပေါ်သို့ ရောက်သည်နှင့် ကျနော်စိတ်ထဲတွင် တစ်စုံတစ်ခု သို့မဟုတ် ကျနော့်အား တစ်ဦးတစ်ယောက်က ကြည့်နေသည်ကို ခံစားရလေသည်။ မသင်္ကာလို့ ကားပေါ်ကနေပြီးတော့ ကျနော် ဘေးဘီဝဲယာ လှမ်းကြည့်လိုက်လေသည်။
ကိုမျိုးချစ်ကြီး (သို့) တန်းစီးဖြစ်သူမှာ မြက်ခင်းပြင် အချုပ်ကွင်းရဲ့ ထောင့်လေးတစ်နေရာကနေပြီးတော့... ကျနော့်အား သေချာစိုက်ကြည့်နေလေသည်၊ တန်းစီးနဲ့ ကျနော် အကြည့်ချင်းဆုံတဲ့ အခါမှာတော့... တန်းစီးဖြစ်သူမှာ ကျနော့်အား ပြုံး၍လက်ပြ နှုတ်ဆက်လေတော့သည်၊
(ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ် ကိုမျိုးကြီးရေ... အချုပ်ထဲမှာတော့ မဟုတ်ဘူးပေါ့ဗျာ) စိတ်ထဲတွင် ရေရွတ်ရင်းနဲ့ ကျနော်လည်း ပြန်၍ လက်ပြ နှုတ်ဆက်လိုက်လေသည်။
အချုပ်ကားပေါ်တွင် အချုပ်သားများ ပြည့်ပြီးနောက်ပိုင်းတွင်တော့... သိပ်မကြာခင်မှာပဲ အချုပ်ကားမှာ တာဝန်အရ ဘန်ကောက် IDCရုံးကနေပြီးတော့ ကျနော်အပါဝင် အချုပ်သားများအား သယ်ဆောင်၍ မြန်မာပြည်သို့ ပြန်ပို့ပေးရန် ထွက်ခွာလာလေတော့သည်။
ကြိုးစား၍ ဆက်လက်ရေးသားသွားပါမည်။
ကျေးဇူးတင်ထိုက်သူများနှင့် တစ်ကွ Myanmar Steemit အဖွဲ့သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
MSC 160
Author: @kolinn