ကြိုးစားမှုရလဒ်

Words
150
Reading
1 min
Listen
Play
8y

image

ပုလဲကောင်းလိုသော် နက်နက်ငုပ် ဟူသော စကားရှိပါသည်။ လောက၌ အဖိုးထိုက်တန်သော အောင်မြင်မှုကိုရရန် လုံ့လလည်းထူ၊ ဥာဏ်လည်းကူ၍ ကြိုးစားအားထုတ်ရမည်ဟု ဆိုလိုပါသည်။ ကံပင်ရှိသော်လည်း ဝီရိယကူရမည်။ ဥာဏ်ပင်ရှိသော်လည်း သတိကမူရမည်ဟု ကြည်းကန်ရှင်ကြီး မေတ္တာစာများ၌လည်း လူ့ဘဝအတွက် သတိပြုဆင်ခြင်စရာများကို လမ်းပြထားပါသည်။ မြန်မာတို့သည် ကံကို ယုံကြည်ကြသည်။ ဘဝ၏ အရှုံးကို ရင်ဆိုင်ရလျှင် ကံကိုယိုးမယ်ဖွဲ့၍ စိတ်ကို လျော့ဖြေပစ်ကြသည်။ မိမိ၏ အသည်းနှလုံးနှင့် ဦးနှောက်ထဲတွင် ကိန်းအောင်နေသော ဇွဲလုံ့လနှင့် ကြိုးစားလိုစိတ်တို့ကို မေ့လျော့နေတတ်ကြသည်။ ဇွဲကို ပိုးမွေးသလို မွေးရပါမည်။ လုံ့လကို ပန်းပျိုးသလို ပျိုးရပါမည်။ ဇွဲ၊ လုံ့လတို့ဖြင့် မိမိ၏ဘဝကို မိုးကောင်ကင်တမျှ မြင့်မားကြီးကျယ်အောင် အားထုတ်ရပါမည်။ ကောင်းကင်တစ်မွတ် ကြယ်စင်ကိုဆွတ်နိုင်သည့် စွမ်းအားမျိုး ရှိရပါမည်။
image
လူသား၏ ဘဝဆန္ဒများသည် အဆုံးမဲ့ပါသည်။ ပညာ၊ စီးပွားရှာဖွေရာ၌ သူတကာထက် သာလွန်လိုမြဲ၊ ပြည့်စုံလိုမြဲ ဖြစ်ပါသည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းအတွက်သာမက နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ဆောင်ရွက်ရာ၌လည်း ဇွဲလုံ့လကိုမှီ၍ ကြိုစားအားထုတ်မှသာ ဆန္ဒပြည့်ဝနိုင်ပါသည်။ လေထဲတွင် တိုက်အိမ်ဆောက်နေ၍ မဖြစ်ပါ။ မိုးကောင်းကင်အိပ်မက်များကိုချည်း မက်နေ၍ မဖြစ်ပါ။ လက်တွေ့ကြိုးပမ်းတည်ဆောက်ရန် လိုပါသည်။ အိပ်ယာထဲ၌ လှဲ၍ စိတ်ကူးယဉ်နေသူ၌လည်း ကြီးကျယ်ခန်းနားသော ဘဝအိပ်မက်များ ရှိနေတတ်ပါသည်။ ထိုင်ရာမှ မထတမ်း တွေးနေသူတွင်လည်း စကြဝဠာ တမျှကျယ်ပြန့်သော ဘဝဆန္ဒများ ရှိနေတတ်ပါသည်။ လက်ဖက်ရည်ဆိုင်တွင်ထိုင်၍ လက်ဖက်ရည်တစ်ခွက်ကို ရှေ့ချကာ လေတစ်လုံး မိုတစ်လုံးပြောနေသူများလည်း ပင်လယ်သမုဒ္ဒရာတမျှ နက်ရှိုင်းသော ဘဝရည်မှန်းချက်များ ရှိနေတတ်ပါသည်။ မိမိအကျိုး နိုင်ငံ့အကျိုးကို မထတမ်းထိုင်၍ စိတ်ကူးယဉ်နေခြင်းဖြင့် ပြီးပြည့်ုံမှု မရနိုင်ပါ။ လက်တွေ့ကြိုးစားမှ အကျိုးတရားရပါမည်။
image
ကြိုးစားသူအတွက် အောင်မြင်မှုရရန် မည့်သည့်အရာကမျှ မတားဆီးနိုင်ပေ။ ဆင်းရဲသား လယ်သမားလေးတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူက ဆင်ရဲပင်ပန်းစွာ ပြုစုလာခဲ့ရသော နယူတန်သည် ဘဝအားမာန်မပျက် ကြိုးစာမှုကြောင့် ကမ္ဘာ့ဆွဲငင်အား သဘောတရားကို တွေ့ရှိသည့် ဆာအိုက်ဆက်နယူတန် ဖြစ်လာခဲ့သည်။ ကြိုးစားလိုစိတ် ထက်သန်သူသည် ကံကြမ္မာ၏ ဖိစီးနှိပ်စက်မှုကိုပင် မမှုပေ။ အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြသည်။ ကြိုးစားမှုရလဒ်ကို စံပြုကာ ဇွဲလုံ့လအသိ အစဉ်ရှိမှသာ ဘဝ၏ တိုက်ပွဲတိုင်း အောင်မြင်မှု သရဖူကို ဆောင်းနိုင်မည်ဖြစ်သည်။ လူငယ်များ ကြိုစားမှု၏ အသီးအပွင့်များ ခံစားနိုင်ကြပါစေ။

MSC-047
kokyawzinphyo@kokyawzinphyo
Photo Credit; Google image

ကြိုးစားမှုရလဒ် | Ecency