သား ဆေးလိပ်မသောက်နဲ့ မကောင်းဘူးကွ....။
ဟျောင့် ကွမ်းမစားနဲ့နော်။ ကွမ်းစားတာတွေ့လို့ကတော့ မလွယ်ဘူးမှတ်။
မူးယစ်ဆေးဝါးတွေ အနားကိုတောင် မသွားနဲ့။
လောင်းကစားဆို ဘယ်ဟာမှမလုပ်နဲ့ မင်းခွေးဖြစ်သွားမယ်....ဘာမှတ်နေလဲ။ အလကားရတယ့် ပိုက်ဆံနဲ့ ဘယ်တော့မှ မကြီးပွားဘူးကွ။
ဒီအရွယ်က ပညာရှာရမယ့်အရွယ်ကွ ရည်းစားတွေဘာတွေထားဖို့ စဉ်းတောင် မစဉ်းစားနဲ့ ကြားလား။
မိဘ၊ဆရာသမား သက်ကြီးရွယ်အိုတွေရဲ့ ငယ်ရွယ်တဲ့သူတွေအပေါ်ပြောဆိုဆုံးမနေကြ ဆုံးမစကားတွေပေါ့ဗျာ.....။ဒီစကားတွေကို ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝတည်းက နားရည်ဝလောက်အောင် ကြိမ်ဖန်များစွာ ကြားဖူးနေကြ စကားတွေပေါ့ဗျာ။
အဲ့ဒီလိုပြောကြတယ့် လူကြီးတွေအများစုက ကွမ်းစား ဆေးလိပ်သောက် နေချင်သလိုနေခဲ့ကြပြီး ငါတို့ လူငယ်တွေကိုကြတော့ ဒီလိုနေ ဒီလိုထိုင်၊ ဟိုမသွားနဲ့ ဒီမသွားနဲ့၊ ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့မပေါင်းနဲ့ စသဖြင့်အမျိုးမျိုး ချုပ်ချယ်ကြတယ်..... တော်တော် ကိုယ်ချင်းမစာတဲ့ လူကြီးတွေပဲလို့ လူငယ်တွေရင်ထဲ စောဒက တွေအများကြီးနဲ့ပေါ့။ အဲ့ဒီလို လူငယ်တွေအတွက် ကျွန်တော် အကြောင်းအရာတစ်ခုကို ပြောပြပါရစေ။
တစ်ခါတုန်းကပေါ့.....။ ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးတဲ့ ဒေသတစ်ခုမှာ တစ်ရက် မိုးကြီးလေကြီးကျပြီး ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြို သစ်တွေလဲပြီး ချောင်းတစ်ခုရဲ့ နံဘေးမှာ ရေတွင်းပျက်ကြီးတစ်ခုပေါ်လာတယ်။ တွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံကြည့်နေကြတယ်။ တွင်းထဲမှာတော့ တလက်လက်နဲ့အရောင်တွေတောက်နေတာပေါ့။ ရွှေတွေကွ ပတ္တမြားတွေကွ ငါ့တို့ရှာနေတယ့် ရတနာသိုက်တွေ့ပြီကွ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတယ် အားလုံးမှာ လောဘတွေ ကိုယ်စီနဲ့ပေါ့။ အဲ့ဒီအချိန် လူတစ်ယောက်က ဘာမပြောညာမပြောနဲ့ တွင်းထဲခုန်ဆင်းသွားတယ်။
တွင်းအောက်ခြေလည်းရောက်ကော တလက်လက်နဲ့လင်းလက်တောက်ပနေတဲ့အရာတွေဟာ ရွှေတွေလည်းမဟုတ်သလို ပတ္တမြားတွေလည်း မဟုတ်ခဲ့ဘူး မိုးရွာလို့ မြေပြို ပြီး တွင်းထဲပိတ်မိနေတယ့် မြွေပွေး၊မြွေဟောက်တွေရဲ့ မျက်လုံးတွေက အရောင်တွေတောက်ပနေတာသာဖြစ်တယ်။
တွင်းထဲရောက်နေတယ့်သူက အပေါ်ကလူတွေ ထပ်ဆင်းမလာကြဖို့တားတယ်။ မင်းတို့ထင်နေသလို တွင်းထဲက အရောင်တောက်နေတဲ့ဟာတွေက ရွှေငွေတွေမဟုတ်ဘူး မြွေဆိုး၊မြွေဟောက်တွေလို့ လှမ်းအော်ပြီးပြောရှာတယ် အားလုံးက...ဒီကောင်တစ်ယောက်တည်း အပိုင်ကြံချင်လို့ လီဆယ်ပြောနေတယ်ထင်ပြီး ဘယ်သူမှမယုံကြဘူးပေါ့။ ဒီလိုနဲ့ တွင်းဝမှရှိသူတွေ တစ်ယောက်ပြီးတစ်ယောက် တွင်းထဲ ခုန်ဆင်းသွားကြတယ် တွင်းထဲရောက်နေတယ့်သူတွေကလည်း အပေါ်ကလူတွေ ထပ်မဆင်းလာဖို့ တွင်းထဲရောက်နှင့်နေသူတွေလည်း အားလုံးသေကုန်ပြီလို့ ပြောရှာတယ်။ ဘယ်သူမှ မယုံကြဘူးပေါ့။ ဒီလိုနဲ့ တွင်းဝကလူတွေအကုန်လုံး တွင်းထဲခုန်ဆင်းရင်း မြွေပေါက်ခံရပြီးအားလုံး သေဆုံးသွားကြတယ်။
လူကြီးသူမ ဆရာသမားတွေဆိုတာ.....
အရောင်တောက်နေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်တွေ ရတနာတွေမှတ်ပြီး တွင်းထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေပေါ့။ သူတို့တတွေ ကျွန်တော်တို့ကို ပြောဆိုဆုံးမနေ တာတွေက မြွေအကိုက်ခံရပြီး တွင်းထဲကအော်ပြောခဲ့တဲ့ စကားတွေပေါ့။
သူတို့လို နောက်လူငယ်တွေ မြွေအပေါက်မခံရအောင် ပြောဆိုနေတာတွေပဲဖြစ်တယ်။ ဒါပေမယ့် လူငယ်တွေကတော့ နားမထောင်ဘူး မိုက်မဲစွာ တွင်းထဲခုန်ဆင်းကြအုံးမယ်ဆိုရင် အရှေ့ပြောခဲ့တဲ့ အကြောင်းအရာထဲကလို့ အားလုံး ဘဝပျက်သွားပါလိမ့်မယ်။
မသိလို့လုပ်လိုက်မိတဲ့အမှား၊ သိလျက်နဲ့လုပ်လိုက်မိတဲ့အမှား၊ အမှားတွေ အမှန်ဖြစ်အောင်ကြိုးစားရင်း ထပ်ပြီးမှားသွားတဲ့အမှား၊ မထူးပါဘူးလေဆိုပြီး စွတ်တိုးပြီးမှားခဲ့တဲ့အမှား.... အမှားပေါင်းများစွာ သင်ခန်းစာပေါင်းများစွာနဲ့ နောင်တတရားတွေ ရင်မှာပိုက်ပြီး ရှင်သန်နေတဲ့သူတွေဟာ လူကြီးတွေပဲပေါ့။
အမှားတွေမှားဖို့အတွက် ကြိုးစားပန်းစားလိုက်လံ ရှာဖွေပြီး အမှားကို အမှားမှန်းမသိဘဲ အမှန်ထင်ပြီး အမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေ့တဲ့သူတွေဟာ ကျွန်တော်တို့ လူငယ်တွေပဲဖြစ်တယ်။
တကယ်တော့....လူကြီးတွေဟာ မြွေတွေရဲ့မျက်လုံးတွေကို စိန်ရွှေတွေမှတ်ပြီး ရယူဖို့ကြိုးစားရင်း ဆုံးရှုံးမှုတေ၊ွ အချိန်တွေ၊နောင်တတွေ၊မျက်ရည်တွေ၊ အမှားတွေအများကြီးနဲ့ ရင်းပြီးရရှိလာတယ့် ဘဝသင်ခန်းစာတွေကို သူတို့ချစ်တဲ့ တပည့်သားမြေး နောက်လူငယ်တွေ မမှားဖို့ လိုက်နာဖို့ သတိပြုဖို့ ရှောင်ကြည်ဖို့ လူမုန်းခံပြီး ပြောဆိုဆုံးမတာတွေကို လူငယ်တွေအနေနဲ့ နားလည်သင့်တယ်။ လူကြီးတွေရဲ့ စေတနာ မေတ္တာတွေကို တန်ဖိုးထားစေချင်တယ်။
လူကြီးတွေပြောစကားတွေကို မယုံရင် တွင်းထဲကိုသာ ခုန်ဆင်းကြည့်လိုက်ပါတော့။
ရွှေမန္တလေးဂျာနယ် အမှတ်စဉ် (၂၆၅)မှ ဦးဘုန်းဓါတုရေးသားသည် တွင်း ဆိုတဲ့ ဆောင်းပါးတိုလေးကို ပြန်လည် မှီညှမ်းရေးသားထားပါတယ်။
ရေးသားသူ-kodolay
Photo by Google Image