ဝေးလွင့်ခဲ့ပြီ

Words
140
Reading
1 min
9y
Listen to this post
~1 min

c66e769a-c258-4689-9ede-a4685987b42c.jpg

Credit image link

ကောင်းကင်မှာကြယ်ရောင်စုံလင်းလက်တောက်ပနေချိန်မှာ ကျနော်ရဲ့အတွေးတွေ အတိတ်ဆီပြန်ရောက်သွားခဲ့ရပါတယ်။ နှလုံးသားရဲ့စတင်ပြီး သိမြင်ခံစားမိတဲ့ ကျန်ရှိခဲ့ရသော အချစ်ရဲ့အပိုင်းအစ အငွေ့အသက်လေးတစ်ခုပေါ့။

နွေရာသီရဲ့နေ့တစ်နေ့ နေ့လည်ခင်းနေပူကျဲကျဲမှာပေါ့ အဘိုးအိုတစ်ဦးနဲ့ ကောင်မလေးတစ်ယောက် ကျနော်တို့အိမ်ရဲ့မလှမ်းမကမ်းတစ်နေရာမှာ ထိုင်ပြီး အနားယူအမောဖြေနေကြပါတယ်။ အဖိုးအိုက အသက်ရှစ်ဆယ်လောက်တော့ရှိလိမ့်မယ်ထင်တယ် တော်တော်လေးကို မောပန်းနေရှာတယ်။ ကောင်မလေးကတော့ ရှိလှမှ သူ့ရဲ့အသက်က ၁၈ ၂၀လောက်ပေါ့။ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာ လှပတဲ့ မျက်နထားတို့ကို ပိုင်ဆိုင်ထားတယ်။ ဦးခေါင်းထက်မှာလည်း စံပါယ်ပန်းကို ပန်ဆင်ထားပေမယ့် နွေရာသီရဲ့ နေ့လည်ခင်းအချိန်ဖြစ်နေတာမို့ စံပါယ်ပန်းတို့က မွှေးရနံ့ပဲကျန်တော့မယ်ထင်ပါတယ် သူတို့နှစ်ဦးလိုပဲ မောပန်းနွမ်းလျနေလေတော့တယ်။

သူတို့နှစ်ဦးဆိုတာ ခရီးသွားနေတဲ့ အဖိုးအိုနဲ့ ကောင်မလေးကို ရည်ညွှန်းလိုက်တာပါ။ သူတို့က မြေးအဖိုးတွေလို့လည်းထင်မိပါတယ်။ အဲ့ဒီအချိန်မှာ ကောင်မလေးရဲ့ မျက်ဝန်းအစုံက ဟိုဟိုဒီဒီလျှောက်ကြည့်နေတာမလို့ ကျနော်လည်း မေးမြန်းကြည့်မိခဲ့ပါတယ်။ သူတို့မြေးအဖိုးနှစ်ယောက်က ရေအိုးစဉ်ကိုလိုက်ပြီး ရှာဖွေနေတယ်ဆိုတာကိုသိလိုက်ရတော့ အနီးအနားမှာ ရေအိုးစဉ် မရှိတာနဲ့ အိမ်က ရေကိုပဲခတ်တိုက်လိုက်ပါတယ်။ ရေကိုဆာလောင်နေသူကတော့ အဖိုးအိုပါပဲ။

ကျနော်မေးကြည့်မိတယ် အဖိုးတို့မြေးအဖိုးတွေ ဘယ်ကိုသွားကြမလို့လည်း ဆိုတော့ သူတို့ဟာ လမ်းမှာ ကားပျက်နေလို့ ဒီရွာထဲ စားစရာသောက်စရာရှိမလားဝင်ကြည့်တာတဲ့ ခရီးတထောက်နားကြတာပေါ့။ ရွာထဲမှာက ဈေးဆိုင်လေးတွေရှိတော့ သူတို့လည်း အနည်းအကျဉ်းလောက်သာ ဝယ်ပြီး ရွာကနေပြန်လည်ထွက်ခွာသွားကြပါတယ်။
အမှန်တစ်ကယ်တော့ သိခဲ့ရတာက အဖိုးအိုနဲ့ကောင်မလေးက ဘာမှမတော်စပ်ကြသလို နေရာအရပ်သည်လည်းမတူညီကြဘူးလို့ဆိုပါတယ်။ကားပျက်နေတဲ့အချိန်မှာ အဖိုးအိုကို ကူညီဖေးမရင်း ရွာထဲကိုအလည်ရောက်လာကြတယ်လို့ဆိုပါတယ်။
ကောင်မလေးရဲ့ အပြောအဆိုအမူရာက ယဉ်ကျေးသိမ်မွေ့ပြီး ရုပ်ရည်အဆင်းက လှပချောမောတာကြောင့် ကျနော့ရဲ့ နှလုံးသားကိုဖမ်းစားသွားခြင်းခံခဲ့ရတယ်။ သူလေးက ဘယ်ရွာကသူလေးလည်းဆိုတာသေချာမသိလိုက်ရတဲ့ကျနော် သူ့ကို ဘယ်မှာရှာဖွေရမလည်းဆိုတာမသိတော့ပါဘူး။
ကောင်မလေးက ပြောသွားခဲ့ပါသေးတယ် သူမက ကျေးတောသူတစ်ဦးပါတဲ့......
သေချာပါတယ် သူမက ကျေးတောသူဆိုရင်
ကျနော်ကလည်း ကျေးတောသားစစ်စစ်ပါပဲ။....
ဒါကတော့ တူညီတာတစ်ခုပေါ့။....

မတူညီနိုင်တာက ကျနော်ကသာ နှလုံးသားကိုဖမ်းစားခြင်းခံခဲ့ရပေမယ့် တဒင်္ဂဆုံတွေ့ခဲ့ရတဲ့ ကျေးတောသူ အလှပိုင်ရှင်ကောင်မလေးကိုတော့ ကျနော်နောက်ထပ်ရှာဖွေမတွေ့တော့ပါဘူး.....

တစ်ကယ်တော့ အချစ်ဆိုတာကိုဖန်တီးလို့မရသလို
ဖျက်ဆီးလို့လည်းမရပါဘူး......
သူ့ကိုကျနော်ချစ်တယ်.......
ဆုံးဆည်းခွင့် ခဏတာလေးမှာ..
ကျနော့နှလုံးသားက တစ်ဘဝစာ ထာဝရအချစ်နဲ့ သူ့ကိုချစ်နေမိခဲ့ပြီလေ..........

သို့ပေမယ့် အတိတ်တို့သည်...ဝေး၍ဝေး၍သာကျန်နေခဲ့ရပါတော့တယ်ဗျာ........

အလွမ်းစာမျက်နှာ.....

Writer; Moe Hlwan Thu

ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

PANO_20180324_125000.jpg

Post - koayezaw@koayezaw

ဝေးလွင့်ခဲ့ပြီ | Ecency