မင်္ဂလာပါ။ ယခုတလော Steemit နှင့် Hive တို့၏ ပြိုင်ဆိုင်မှုမှာ တဖြည်းဖြည်း မသိမသာမှ သိသိသာသာ သို့ ပြောင်းလည်းလာနေပါသည်။ လွန်ခဲ့သော ၄ နှစ် ( ၂၀၁၆ ) တွင် Steemit platform အနေဖြင့် ဤအခြေအနေသို့ ဆိုက်ရောက်လိမ့်မည်ဟု မည်သူမျှတွေးထင်ထားမည် မဟုတ်ပါ။
ယခု မပြေမလည် ဖြစ်နေကြသော တယောက်နှင့်တယောက် blacklist သွင်းနေကြသော သူများသည် ယခင်က Steemit platform ပေါ်တွင် ရည်ရွယ်ချက်တခုတည်းဖြင့် လျှောက်လှမ်းခဲ့ကြသူများ ဖြစ်ပါသည်။ Steem Hunt platform တာထွက်ခဲ့စဉ်အား မှီလိုက်ကြသူများ ရှိပါလိမ့်မည်။
Steem power ရှိသည့်အကောင့်တိုင်း Hunt token airdrop ရရှိခဲ့ကြသလို Steem power delegates လုပ်သူများအား တလလျင် Hunt token မည်မျှဟူ၍ အတိုးပေးသလို ပေးခဲ့ကြပါသည်။ ထို့ အပြင် ထိုအချိန်က Steem Hunt platform အား Social media တွင် ကြေညာပေးရုံဖြင့် like မည်မျှရသည် ဆိုသည့် အပေါ်လည်း Hunt token ရရှိခဲ့ကြပါသည်။
အကျိုးကျေးဇူးလည်း ရရှိခဲ့ပါသည်။ အမှန်အတိုင်း ဝန်ခံရလျင် ကျွန်တော် မင်္ဂလာဆောင်ပြီးနောက် ပျားရည်စမ်း ခရီးထွက်ခဲ့သော စင်္ကပူ ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ခရီးစဉ်များသည် Hunt token ၏ အကျိုးကျေးဇူးများ ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့်လည်း Steem Hunt အား အများကြီးမျှော်လင့်ထားခဲ့ပါသည်။ Steemit ၏ ကိုယ်ပိုင် SMT အား ပြင်ပစျေးကွက်တွင် ပထမဆုံး စျေးကွက် ဖေါက်နိုင်သော Token ဖြစ်ခဲ့သလို ထိုအချိန်က IEO ( Initial Exchange Offering ) တွင်လည်း အကြီးအကျယ် အောင်မြင်မှုရကာ Fund အတော်များများရှာနိုင်ခဲ့ပါသည်။
Steem Hunt အနေဖြင့် Appics ထက် အများကြီး သာလွန်သွားခဲ့ပါသည်။ Steemit ၏ SMT တခု ဖြစ်သော Appics သည် ICO ( initial coin offering ) တွင် ဒေါ်လာသန်းနှင့်ချီ၍ Fund ရှာယူနိုင်ခဲ့သော် လည်း ယနေ့အချိန်တွင် တိကျရေရာသော အခြေအနေ၌မရှိတော့ပါ။
သူ့ အနေဖြင့် Steemit ၏ SMT နည်းပညာအား မျှော်ရင်း token ကြိုထုတ်ထားသော်လည်း Steemit အနေဖြင့် ဤ ကဲ့သို့ အပြဲအကွဲဖြစ်လာသောအခါ မည်သည့်ဘက်သို့ လိုက်ရမှန်း မသိဖြစ်နေပါတော့သည်။ အကြောင်းမှာ Hive အနေဖြင့် SMT များ ဆက်လက်လုပ်ဆောင်မည်ဟု ကြေညာထားသော်လည်း Steemit platform အနေဖြင့် ရက် ၁၀၀ တွင် ထူးခြားမည်ဟုသာ ကြေညာထားပါသည်။
မည်သို့ ထူးခြားမည်ကို မည်သူမျှ မသိသေးပါ။ Justin sun အနေဖြင့် Steemit platform အားဝယ်ယူပြီးနောက် Justin အား အတိအလင်းထောက်ခံသူများမှာ Hunt platform မှ Developers များ ဖြစ်ပါသည်။ ထို့နောက် Steemit နှင့် Hive အကွဲအပြဲ ဖြစ်ကြသောအခါ Hive platform မှ Developers များက Justin နှင့် ဆက်နွယ်သော အကောင့်များအား blacklist သွင်းကာ Hive Airdrop ချပေးခြင်းကို ကန့်သတ်လိုက်ပါသည်။
ထို Hive coin Airdrop မရသူများ တွင် Steem Hunt ၏ developers များလည်း ပါဝင်သွားခဲ့ပါသည်။ အပြန်အလှန် အနေဖြင့် Steem Hunt မှ Developers များ က Hive platform မှ Developers များ ပိုင်ဆိုင်သော Hunt wallet များအား ထိန်းချုပ်လိုက်ကြပါတော့သည်။
Steem Hunt သည် ကိုးရီးယား လူမျိုးပိုင် ဖြစ်သကဲ့သို့ ယခု Hunt wallet ပိတ်ခံရသူ များတွင် ကိုးရီးယား လူမျိုးတို့၏ အကောင့်လည်းပါဝင်ပါသည်။ ဆိုလိုသည်မှာ ဤ Steemit နှင့် Hive အကွဲအပြဲမှာ Korea Drama တခု ကြည့်နေရသည်နှင့်တူပါသည်။ တချိန်က Steemit တွင် ကိုးရီးယားတို့ အင်အား ကြီးခဲ့ကြပါသည်။ MSC ဟူသော အဖွဲ့ အစည်းသည် ကိုးရီးယားတို့ အကူအညီကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။
အမှန်ဆိုရလျင် ကျွန်တော့သူငယ်ချင်း ကိုးရီယား လူမျိုးကြောင့် ကျွန်တော် ဤ cryptocurrency လောကထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့ သူငယ်ချင်းသည် ကျွန်တော့အား Steemit ဖြင့် မိတ်ဆက်ပေးပြီး သူကတော့ Busan သို့ ပြန်သွားခဲ့ပါသည်။
သူမပြန်မှီ ကျွန်တော်နှင့် ညစာစားရင်း တခွက်တဖလားမော့ရင် စကားအတော်လေး ပြောဖြစ်ခဲ့ပါသည်။ သူ့ထံမှ ကြားခဲ့ရသော စကားတခွန်းသည် အလွန်အဖိုးတန်ပါသည်။ သူပြောပြခဲ့သည်မှာ cryptocurrency သည် ယခုကာလအနေဖြင့် အလွန် ခန့်မှန်းရခက်ပါသည်။
ထို့အတူ Cryptocurrency project များသည်လည် အောင်မြင်ရန် အလွန်ခက်ခဲလှပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤ Cryptocurrency ကို အမှီပြု၍ လူတိုင်း သူဌေး အမြန် ဖြစ်ချင်နေကြသောကြောင့် ဖြစ်ပါသည်။ သူပြောခဲ့သော နောက်ဆုံးစကားသည် အသက်ဖြစ်ပါသည်။
" အကယ်၍ coin / token တခုခုသည် bitcoin အား ယျှဉ်နိုင်သော အခြေအနေ ရောက်ခဲ့လျင် cryptocurrency သည် တကယ်အသုံးဝင်သော အနေအထားသို့ ရောက်ပြီဟုမှတ်ပါ" ဟူသော စကားဖြစ်ပါသည်။ လက်ရှိ Cryptocurrency စျေးကွက်သည် Bitcoin အား အမှီပြုနေသေးသရွေ့ သင်ထုတ်ယူထားသော ငွေကြေးသည် သင့်လက်ပေါ်ရောက်မှ သင့်ကိုယ်ပိုင်ဖြစ်ပါသည်။