သေမင်းထံမှ အပြန် ( Henry Aung )

Words
586
Reading
3 min
Listen
Play
8y

henry Aung.jpg

မင်္ဂလာပါ။ လက်ရှိအချိန်တွင် Steem ဈေးမှာ USD $ 3 နှင့် USD$ 4 ကြားတွင် ရောက်ရှိနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်ပါသည်။ ဤသို့ ဈေးနှုန်းငြိမ်နေသည်မှာ ကြာလာလျင် boiling frog effect ကို ဖြစ်ပေါ်စေပါသည်။

Boiling frog effect ဆိုသည်မှာ ဖားတကောင်အားရေနွေးပူထဲသို့ ပြစ်ထည့် လိုက်လျင် ဖားမှာ ရေအပူကြောင့် ချက်ချင်း ပြန်ခုန်ထွက်မည် ဖြစ်သော်လည်း ရေအေးထည့်ထားသော ဒယ်အိုးအား တဖြည်းဖြည်းချင်း မီးအပူပေး၍ ရေအေးများ နွေလာလျင် ဖားကလည်း ပြောင်း လည်းလာသော ရေအပူချိန်အတိုင်း မိမိကိုယ်အပူချိန်ကို ပြောင်းလည်း ပြစ်ပါသည်။

ထို့နောက် ရေမှာ တဖြည်းဖြည်း ပူလာ၍ ဖားက ရေအပူချိန်ကို သတိထားမိသောအချိန်တွင် ခုန်ထွက်နိုင်စွမ်းမရှိတော့၍ အသေခံရပါတော့သည်။ Boiling frog အား အကျယ်သိလိုလျင် Wikipedia တွင် ဖတ်ရှုနိုင်ပါသည်။

ဆိုလိုသည်မှာ ကျွန်တော်တို့ steemit Platform တွင် ဆောင်းပါးရေး၍ SP စုနေသူများကလည်း Steem ရုတ်တရက် ခုန်တက်သွားလျင် ဈေးတက်ကုန်ပြီဟူ၍ အားကြိုးမန်တက် စာရေးကြမည် ဖြစ်သော်လည်း Steem ဈေးမှာ ငြိမ်နေလျင် ဈေးငြိမ်နေတာပဲ ၊ ဒီလောက်ပဲရမှာ နောက်မှ အေးဆေး ရေးမယ် ၊ စသည်ဖြင့် အချိန်ဆွဲနေတတ်ပါသည်။

Steem ဈေးကလည်း ရုတ်တရက် တက်သွားသည် မဟုတ် တက်လိုက်ကျလိုက်ဖြင့် နည်းနည်းချင်း တက်သွားလျက်ရှိရာ Steem ဈေး $10 ခန့်ရောက်လာလျင်လည်း စာရေးရန် နှောင့်နေးနေအုံးမည်သာဖြစ်ပါသည်။ ထို့ကြောင့် MSC members များအနေဖြင့် boiling frog effect မဝင်စေရန်နှင့် ကျွန်တော်ကိုယ်တိုင်လည်း ထိုသို့ မဖြစ်စေရန် ကြိုးစားလျက်ရှိပါသည်။

စာရေးခြင်းဆိုရာ၌ မိမိ စိတ်ဝင်စားသော အကြောင်းအရာများကို ရေးသားလျင် ပို၍ လက်သွက် သလို ရေအားလည်း ကောင်းပါသည်။ ကျွန်တော် ယခု ဖေါ်ပြမည်ဖြစ်သော စာစုလေးမှာ ကျွန်တော့ အား steemit Platform ပေါ်တွင် Henry Aung ဟု အခြားသူများ သိစေခဲ့သော စာစုလေး ဖြစ်ပါသည်။

ဤ " သေမင်းထံမှ အပြန် " စာစုလေးမှာ ကျွန်တော်ရေးသားပြီး ကျွန်တော်၏ သူငယ်ချင်း dubi@dubi မှ ကိုရီယားဘာသာသို့ ပြန်ဆို ၍ post တင်လိုက်သောအခါ နာရီဝက်အတွင်း $60 ကျော်ရ၍ ၇ ရက်အတွင်း $90 ကျော်ရခဲ့သော စာစုလေးဖြစ်ပါသည်။ မူရင်း အင်္ဂလိပ်ဘာသာ ဖြင့် ဖတ်လိုသူများ အောက်ပါလင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

RETURN FROM THE LORD OF DEATH ( Original Story by Henry Aung )

001.png

သက်ရှိလူသားများ ဖြစ်သော ကျွန်တော်တို့ လူတိုင်း လူတိုင်းတွင် မိမိပိုင်ဆိုင်သော အသက် တခုစီရှိကြပါသည်။ ချမ်းသာသူ ဖြစ်စေ ၊ ဆင်းရဲသူ ဖြစ်စေ ၊ လှ ပချောမောသူ ဖြစ်စေ ၊ ရုပ်ဆိုးသူဖြစ်စေ မည်သူမျှ အသက်အပိုပါမလာကြပါ။ မိမိရှင်သန်ရာ အသက်သာတွင် ပျော်ရွှင် ခြင်းလည်း ရှိမည် ဖြစ်သလို ဝမ်းနည်း ကြေကွဲ ဖြစ်ရသောအချိန်လည်းရှိပါလိမ့်မည်။

အရေးကြီးဆုံးမှာ မိမိ ရှင်သန်နေထိုင်ရသော အသက်တာတွင် မိမိကိုယ်ကို ကောင်း ခြင်း နှင့် ဆိုး ခြင်း နှစ်ခုကြားတွင် အဘယ်ကဲ့သို့ ထိန်းကျောင်း၍ ရှင်သန်ကြမည် ဆိုသည်ပင်ဖြစ်ပါသည်။

ကျွန်တော် ပထမဦးဆုံး စမ်းသပ်သုံးစွဲ သောမူးယစ်ဆေးဝါးမှာ ဆေးခြောက်ဖြစ်၍ ထိုအချိန်တွင် ကျွန်တော် အလယ်တန်း သို့ ရောက်နေပြီ ဖြစ်ပါသည်။ ကျောင်းမှ သူငယ်ချင်း အပေါင်းအသင်းများ ဖြင့် လက်ဖက်ရည်ဆိုင်ထိုင်၍ ဆေးလိပ်သောက်တတ်လာပြီးနောက် ပထမဦးဆုံး စမ်းသပ်သော မူးယစ်ဆေးဖြစ်ပါသည်။

ယခု အချိန်တွင်တော့ အချို့နိုင်ငံများတွင် ဆေးခြောက်အား အကန့်အသတ်ဖြစ် ဆေးဝါးအဖြစ် သုံးစွဲခွင့် ပြုနေပြီ ဖြစ်ပါသည်။ဤကာ စကားချပ်။ ကျွန်တော်အဓိကပြောချင်သည်မှာ အပေါင်းအသင်းများ သာ မက လူမှုအဖွဲ့အစည်း တခုလုံး အပါအဝင်ဖြစ်ပါသည်။ ထိုအချိန်တုန်းက မြစ်ကြီးနားတွင် ယခုကဲ့သို့ WY ဆေးပြားများ ၊ ဘိန်းဖြူ များကို ဆေးထိုးအပ်အတွင်းထည့် ၍ ရောင်းကြသော အဆင့်မဟုတ်သေးပါ။

မူယစ်ဆေးအား ခက်ခက်ခဲခဲ ဝယ်ယူခဲ့ကြရပါသည်။ ဆိုလိုသည်မှာ လူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်များက ထိုအချိန်ကတည်းက မူးယစ်ဆေးများအား ကြပ်ကြပ်မတ်မတ် ကိုင်တွယ် လိုက်လျင် ယနေ့ကျွန်တော်တို့ ကြုံတွေ့နေရသော စည်းလွတ်ဝါးလွတ် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေကြခြင်းမှ ကာကွယ်လိုက်နိုင်မည်ဖြစ်ပါသည်။

0002.jpg

ဆက်ပါအုံးမည်။ ကျွန်တော် ဆေးခြောက် သုံးစွဲတတ်ပြီးနောက် စွဲလမ်း သော အဆင့်သို့ မရောက်ခဲ့ပါ။ သို့သော် ခြောက်လအတွင်း အခြားသော ဘာဘီကြူရိတ်၊ အမ်ဖီတာမင်၊ ဒိုင်ယာဇီပင် ၊ မော်ဖင်း အစရှိသော မူးယစ်ဆေးများကို စမ်းသပ်အသုံးပြုခဲ့ပြီး ဖြစ်ပါသည်။

ဆိုလိုသည်မှာ မူယစ်ဆေးဆိုသည်မှာ တခု အသုံးပြုတတ်လျင် နောက်တခု သုံးစွဲရန် ဝန်မလေးတော့ပါ။ ထိုအချိန်တုန်းကတော့ ကျွန်တော့အနေဖြင့် စမ်းသပ်သုံးစွဲခြင်း အဆင့်သာရှိသေး၍ စွဲလမ်းသွားသော အဆင့်သို့ မရောက်သေးသော်လည်း ကျွန်တော့သူငယ်ချင်း အများစုကတော့ မူးယစ်ဆေးသားကောင်များ ဖြစ်နေကြပြီ ဖြစ်ပါသည်။

နောက်တခု ကျွန်တော့ အတွက် မူးယစ်ဆေးသုံးရသည်မှာ ခေါင်းချာလပတ်လည် အောင် မူးနေသည်သာဖြစ်၍ သူတို့ ပြောသော ခံစားမှု ဖီလင်များ မရရှိ၍ မူယစ်ဆေး အားစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပါသည်။ ကျွန်တော့ အတွက်တော့ ခေါင်ရည် ချိုမြမြ သောက်ရသည်ကို ပို၍ အရသာတွေ့ခဲ့ပါသည်။

ထိုအချိန်တုန်းကတော့ လူငယ်လည်းဖြစ် ဝေဖန်စဉ်းစားနိုင်သော ကြောင်းကျိုး ညာဏ်များလည်း နည်းသေး၍ ကျွန်တော်တို့ အနေဖြင့် သေမင်းနှင့် ကစားနေခဲ့ကြသည်ကို သတိမပြုမိခဲ့ကြပါ။ တရက်တွင် ကျွန်တော့ သူငယ်ချင်းသုံးယောက်မှ ဧရာဝတီ မြစ်ကမ်းဘေးတွင်ရှိသော အိမ်တအိမ်သို့ ခေါ်သွားပါသည်။

ထိုအိမ်မှာ ဘိန်းရောင်းသော အိမ်ဖြစ်၍ အခန်းငယ်လေးများဖွဲ့ထားကာ ဘိန်းစားများ သီးသန့် ဘိန်းရှူကြသောနေရာဖြစ်ပါသည်။ သို့သော် ထိုနေ့တွင် ဘိန်းစားများဖြင့် အခန်းပြည့် နေပြီ ဖြစ်၍ မိမိတို့လည်း ကမ်းနားဘေးရှိ ခြုံတော အတွင်းသို့ ထွက်လာခဲ့ကြပါသည်။ ထိုနေ့ကတော့ ကျွန်တော်တွေးထင်ထားသည်မှာ ဆေးခြောက် သို့ မဟုတ် အခြားသော မူးယစ်ဆေး တမျိုးမျိုး သုံးကြလိမ့်မည်ဟုထင်ထားခဲ့ပါသည်။

0003.jpg

သို့သော် သူငယ်ချင်း တယောက်မှ ဆေးထိုးအပ်နှင့် ပင်နယ်ဆလင် ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူ မှုန့်ကို ထုတ်ပြသောအခါ ကျွန်တော် လန့်သွားပါသည်။ ထိုအချိန်တုန်းကတော့ မူးယစ်ဆေး သုံးသူများအဖို့ ဘိန်းဖြူသည် နောက်ဆုံး အဆင့် ဖြစ်ပါသည်။

ဘိန်းဖြူ သုံးစွဲခြင်း ဖြင့် သေဆုံး ခြင်း နှင့် အဖမ်းခံ ရခြင်း တခုခု ရွေးချယ်ရသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့ အနေဖြင့် ဘိန်းဖြူသုံးစွဲရန် စိတ်မပါပဲ သူငယ်ချင်းများအား ငြင်းဆို၍ တယောက်တည်း အိမ်ပြန်လာခဲ့ပါသည်။

ညနေရောက်သော် သတင်းဆိုးက ပြန့်နှံ့လာပါတော့သည်။ ကျွန်တော်သူငယ်ချင်း သုံးယောက်စလုံး ဘိန်းဖြူ အဆိပ်သင့်၍ ကမ်းဘေး ခြုံတောထဲတွင် သေနေကြသည် ဟူသော သတင်း ဖြစ်ပါသည်။ တရက်တည်း သူငယ်ချင်း သုံးယောက် ဆုံးရှူံးရသော ထိုနေ့ကို ကျွန်တော်မမေ့နိုင်သလို အလွန်လည်း ကြောက်သွားပါသည်။

ထို့ နောက် လူလားမြောက်လာကြပြီ ဖြစ်သော ကျွန်တော်တို့ မောင်နှမ လေးယောက်၏ ရှေ့ရေး နှင့် ပညာရေးတို့ကို ကြည့်လျက် ကျွန်တော့ မိဘများက ဆွေမျိုး မရှိသောရန်ကုန်မြို့သို့ ပြောင်းရန် စီစဉ်ကြပါတော့သည်။ ကျွန်တော်တို့ ရန်ကုန်ပြောင်းလာကြသော အကြောင်းများတွင် တဖြေးဖြေး လူမှု အဖွဲ့ အစည်းအား ခြိမ်းခြောက်လာနေသော ထိုမူးယစ်ဆေး သည်လည်း တခုအပါအဝင်ဖြစ်ပါသည်။

ကျွန်တော် ၁၉၉၆ ခုနှစ် ရန်ကုန် ရောက်ပြီးနောက် မြစ်ကြီးနားသို့ တခေါက်မှ ပြန်မရောက်ဖြစ်တော့ပါ။ ကျွန်တော်သိ သော ကျွန်တော့ ငယ်သူငယ်ချင်း များကလည်း အချို့ကမူးယစ်ဆေးသုံးရင်း တိမ်းပါးသွားကြသလို အချို့ကလည်း HIV, AIDS ဖြစ်၍ ဆုံးပါးသွားကြပါသည်။

0004.jpg

ကျွန်တော့ အနေဖြင့် အလွန်ကံကောင်း၍ သာထိုအခြေအနေမျိုးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဆွေမျိုးများက ကျွန်တော့အားတွေ့တိုင်း ကျွန်တော့အနေဖြင့် မြစ်ကြီးနားတွင်ရှိမနေသည်မှာ အလွန်ကံကောင်း ကြောင်းနှင့် အကယ်၍ ကျွန်တော် ရှိနေလျင်လည်း မုချ မူးယစ်ဆေး၏ သားကောင်းဖြစ်မည့် အကြောင်း မကြာခဏ ပြောပြကြပါသည်။

ထို့အပြင် ယနေ့ အချိန်တွင် မူးယစ်ဆေးဝါးများ အား လမ်းဘေးမုန့် ဝယ်စားသကဲ့သို့ ဝယ်ယူရနိုင်ကြောင်းနှင့် ရင်လေးဖွယ်ကောင်းသော အနာဂါတ် လူငယ်တို့ ဘဝများအကြောင်းကိုလည်း မကြာခဏ ညည်းပြကြပါသည်။

ဆိုခဲ့သည့် အတိုင်း ထိုအချိန်တုန်းက အခြေအနေများအား ယခုအခါ ပြန်စဉ်းစားကြည့် လိုက်လျင် အိမ်မက်ဆိုးမှ နိုးထလာရသူပမာ ဖြစ်၍ ဘယ်အချိန်တွေးတွေး ကျွန်တော့ အနေဖြင့် သေမင်းရှေ့မှောက်မှ လှည့်ပြန်ခဲ့ရသူ အဖြစ် ခံစားနေရဆဲ ဖြစ်ပါသည်။

ပြီးပါပြီ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

သေမင်းထံမှ အပြန် ( Henry Aung ) | Ecency