Life is Long

k017(38)
Published in
#life
Words
249
Reading
2 min
Listen
Play
9y

လူ့ဘဝဆိုတာ မွေးဖွားချိန်ကနေ သေဆုံးချိန်ကြားက အခိုက်အတန့်ကာလလေးမလား ...
ဒီအခိုက်အတန့်ကာလေးကို မြဲနေခြင်းလို့ထင် ...
ကိုယ့်သက်တမ်းကုန်ဆုံးရက် မေ့တတ်ကြတာမလား ...

သက်တမ်းကုန်ဆုံးတယ်ဆိုတာကလည်း ...
ပတ်စပို့စ် နိုင်ငံကူးလက်မှတ်မှာ expiry date ပါပေမယ့် ...
လူ့ဘဝကိုယ့်သက်တမ်းကုန်ဆုံးရက်မှာ expiry date က ဘယ်တော့လည်း ဘယ်သူမှ မသိဘူးမလား ...

နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးတော့မယ်ဆို ...
သတိတရ အသစ်လဲဖို့ကြိုးစားရတယ် ...
ခရီးထွက်စရာရှိရင် သက်တမ်းကုန်ဆုံးရက် အနည်းဆုံး ၆ လမတိုင်ခင် ခရီးထွက်ဖို့ ပြင်ဆင်ရတယ် စသည်ဖြင့် ...
ဒါဆို ... ဘယ်နေ့သက်တမ်းကုန်ဆုံးမလဲမသိတဲ့ လူ့ဘဝအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ ...
လူ့ဘဝသက်တမ်းကုန်ဆုံးရက်က ကြိုမသိနိုင်တဲ့ ဒီနေ့လား ... နံနက်ဖြန်လား ဆိုတာမျိုး ...

မမြင်နိုင်တဲ့ သက်တမ်းကုန်ဆုံးရက်မှာ ဘယ်နေ့ ဘယ်ချိန် ဘယ်သူ သိပါ့မလဲ ...

ဒီလောက ကျွန်မထွက်ခွာသွားရမယ့်နေ့ရောက်သော် ...

၁. ကျွန်မ၏ခန္ဓာကိုယ်အား မြန်မာပြည် မျက်စိဆေးရုံသို့ ၄ နာရီအတွင်းအရောက်ပို့ဆောင်ပေးပါ. ကျွန်မ လှူထားခဲ့ပြီးသော မျက်ကြည်လွှာအတွက်ပါ. ခန္ဓာကိုယ်အား ဆေးတက္ကသိုလ် ၁ သို့ ကျန်ရှိတဲ့ နာရီ ၂၀ အတွင်း အရောက်ပို့ဆောင်ပေးပါ. လှူထားခဲ့သော dead body အတွက်.

၂. ယခုလက်ရှိနိုင်ငံမှာဆို ဒီနိုင်ငံရဲ့ အန်အိုတီယူ သို့ သေဆုံးပြီး ၄ နာရီအတွင်းပို့ဆောင်ပေးပါ. လှူထားခဲ့သော မျက်ကြည်လွှာ နဲ့ dead body တွက်.

၃. တကယ်လို့ ကျွန်မ တစ်ခြားနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့သော် ထိုနိုင်ငံမှာလည်းဆက်လက် မျက်ကြည်လွှာနဲ့ dead body လှူမှာမို့ အဲဒီ့နိုင်ငံရဲ့ သက်ဆိုင်ရာဋ္ဌာနသို့ ခန္ဓာကိုယ်အား ၄ နာရီတွင်းပို့ဆောင်ပေးပါ.
image
၎. ကျွန်မ၏ ခန္ဓာသည် အောဂင် ထန်စပဲရန့် သို့မဟုတ် ဆေးပညာဆိုင်ရာအတွက် ... ဘာတစ်ခုအတွက်မှ အသုံးပြုမရခဲ့သည်ရှိသော် ခန္ဓာအား တိရစ္ဆာန် အစာအဖြစ် အသုံးပြုပေးပါ.

၅. အထက်ပါ အချက်များအတွက် အသုံးပြုမရ၍ မီးသဂြိုလ်ရသည်ရှိသော် ခန္ဓာလောင်ကျွမ်းပြာဖြစ်သွားရင် ပြာကိုအိုးထဲထည့်မမျောပါနဲ့. ထိုပြာများကို ပြာကိုမြေသြဇာအဖြစ် အသုံးပြုနိုင်မယ့် သစ်ပင်ပန်းမာန်တစ်ခုခုအတွက် အသုံးပြုပေးပါ.

၆. ကျွန်မသေဆုံးလျှင် ပူဆွေးလောင်မြိုက် မငိုကြွေးပါနဲ့.
ကျွန်မ၏ရုပ်ခန္ဓာကို အသုဘတရားရှုပါ. ကျွန်မမဟုတ်တော့သော ခန္ဓာအားလည်း ကျွန်မအဖြစ် မစွဲပါနဲ့.

၇. ကျွန်မအတွက် ကျွန်မနာမည်ခေါ် အမျှပေးဝေပေးပါ. အဲဒီ့အချိန်ရောက်ရာအရပ်က ဝမ်းမြောက်ဝမ်းသာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုနိုင်ဖို့ ယခုရှင်သန်နေစဉ်မှာ သေရင် သာဓုမခေါ်နိုင်တဲ့ ဘဝမျိုးမရောက်အောင်ကြိုးစားရှင်သန်နေပါတယ်.

၈. တကယ်လို့များ ... ကျွန်မ၏ မိသားစုဝင်တွေ ... ချစ်ခင်ရသူတွေထက် အရင်လူ့လောကက ထွက်ခွာခဲ့သော် သူတို့သည် ကျွန်မအတွက် နေ့စဉ်ကုသိုလ်ကောင်းမှုပြု အမျှဝေခြင်းများပြုလုပ်ပါလိမ့်မည်. တကယ်လို့များ သူတို့နောက်မှ လူ့လောကကထွက်ခွာခဲ့သော် ... ကျွန်မအား အမျှဝေပေးမယ့် သားသမီးတစ်စုံတစ်ဦး ကျွန်မတွင်မရှိခဲ့လျှင် ... ကျေးဇူးပြု၍တောင်းဆိုပါရစေ ... ကျွန်မကိုစာနာထောက်ထား ငဲ့ညှာသနားကာ အမျှပေးဝေပေးကြပါ.

၉. ကျွန်မမိဘတွေနောက်မှ ဒီလောကထဲက ကျွန်မထွက်ခွာခဲ့သော် ကျွန်မ၏ ပိုင်ဆိုင်မှုအကုန်အားလည်း ပေးလှူလို၍ ကျွန်မ မရှိတော့လျှင် ကျွန်မကိုယ်တိုင် မလှူရသေးတာမျိုးရှိလျှင် ကျွန်မကိုယ်စား တစ်ပြားမကျန်အကုန်လှူပေးပါ. ကံကြမ္မာဆိုတာ ဘယ်လိုရယ်မသိ ကျွန်မတွင် လက်တွဲဖော်ရှိခဲ့သော် ... ကျွန်မ့ပိုင်ဆိုင်မှုကို လှူဖို့အတွက် ... မိသားစုအတွက် ... ထားရှိပါမယ်.

၁၀. တစ်ဦးတည်းသောသမီး ကျွန်မ ... မိဘတွေနောက်မှ လူ့လောကကထွက်ခွာ ... တစ်သက်တာလုံး တစ်ယောက်တည်း နေဖြစ်ခဲ့ပြီး ကျွန်မသေဆုံးလျှင် ... လပတ်လည် နှစ်ပတ်လည် ကုသိုလ်ပြုပေးမယ့်သူ မကျန်ခဲ့လျှင် ... မတော်တဆ ကျွန်မလို့ သတိရချိန်လေးမှာ ကျွန်မနာမည်ခေါ် အမျှပေးဝေပေးပါ.

၁၁. ကျွန်မသေဆုံးပြီးနောက် ကျွန်မကိုချစ်သူ ကျွန်မကိုမုန်းသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်မကောင်းဖြစ် ဝမ်းမနည်းစေလိုပါ. ကျွန်မအသက်ရှင်နေစဉ်အတွင်းမှာ ချစ်ခြင်းမေတ္တာတွေနဲ့လွှမ်းခြုံပေးပါ.

ကျွန်မ၏ ရိုးကျိုးတောင်းပန်/တောင်းဆို ခြင်း ဤတွင်ပြီးဆုံးပါသည်.

ကျေးဇူးအများကြီးတင်ပါသည်.

image

Life is Long | Ecency