ကြီးမားတဲ့ ဆုံးရှုံးမှုတွေများစွာနဲ့ကြုံခဲ့ရတဲ့ လူတယောက်အဖို့  နောက်ထပ်ဘယ်လိုဆုံးရှုံးမှုမျိုးကိုမှ သိပ်အကြောက်ကြီးပြီး စိုးရိမ်မနေတော့ပါဘူး ။
ဆုံးရှုံးမှုတွေများစွာ ကြုံခဲ့ရလို့  နောက်ထပ်ဆုံးရှုံးရမှာကိုတော့ ပိုပြီးမလိုလားကြပါဘူး ။ ဒါပေမယ့် မလိုလားတဲ့ကြားတဲ့ကမှ ထပ်ဖြစ်ခဲ့ ကြုံခဲ့ရတော့လည်း မစိမ်းတော့တဲ့အဖြစ်အပျက်တခုလို သက်သက်သာသာ ခံစားနိုင်တာပေါ့ ။
သက်လုံကောင်းပြီးသား အပြေးသမားတယောက် ပန်းဝင်ခါနီးမှ ကြွက်တက်သလိုပေါ့ ။ အချိန်များစွာ လေ့ကျင့်ကြိုးစားလာခဲ့သမျှဟာ အချိန်ခနလေးအတွင်းမှာ ခြေထောက်နာကျင်တော့ အောင်မြင်ခြင်းဆိုတဲ့ဆုနဲ့ လွှဲခဲ့ရတယ် ။ အပြေးသမားဟာ ဝမ်းနည်းပက်လက်နဲ့ ငိုကြွေးဝမ်းနည်းရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ဘူးလေ ။
သူဘယ်လိုမှမထင်ထားတဲ့ ဆုံးရှုံးမှုကို သူလက်ခံရတော့ ရုတ်တရက်ကြေကွဲအပြီးမှာ အပြေးသမားဟာ သူ့ စိတ်ဓာတ်ကိုတော့ အရှုံးမခံပါဘူး ။ ပန်းတိုင်ထိရောက်အောင် မရမက ခြေထောက်နဲနဲသက်သာတာနဲ့ သူထပြေးခဲ့ပါတယ် ။ ပြေးတယ်ဆိုပေမယ့် သာမာန်လမ်းလျှောက်သလောက်ပေါ့ ။ သူ့ မှာက ခြေထောက်နာကျင်နေတဲ့ ဝေဒနာအခံက ရှိနေတာကြောင့် ဆုမရပေမယ့် ပန်းတိုင်ရောက်အောင်တော့ သူလျှောက်နိုင်ခဲ့ပါတယ် ။
အဲ့ဒီ အပြေးသမားလိုဘဲ ကျမတို့ ရဲ့ ဆုံးရှုံးမှုတွေ ဝမ်းနည်းအပြီးမှာ ကျမတို့ စိတ်ဓာတ်တွေမကျဘဲ အပြေးသမား ပန်းတိုင်ရောက်အောင် လျှောက်ခဲ့သလို အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် ကြိုးစားဘို့ လိုပါတယ် ။
ကျမတို့ ဆုံးရှုံးချင်လို့ လုပ်တဲ့ အလုပ်မှမလုပ်ခဲ့တာ ။ ရချင်လိုချင်လို့  လုပ်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့် ဆုံးရှုံးခဲ့ရတာ ဘယ်သူက ဖြစ်ချင်မှာလဲ ?
ဖြစ်ပြီးခဲ့တဲ့ ဆုံးရှုံးမှုကို သင်ခန်းစာယူ စံနမူနာထားပြီး နောက်ထပ်မဆုံးရှုံးအောင် ပြင်ဆင်ကာကွယ် ဆင်ခြင်ဘို့ တော့ လိုပါမယ် ။ ဘဝတခုလုံးအတွက် မဆုံးရှုံးအောင် ကာကွယ်ရမယ် ။ အရှုံးနဲ့ရင်ဆိုင်ရလို့  ရပ်တန့် မနေဘဲ အရှုံးကို လက်မခံဘူးဆိုတာကို ကျမတို့ က ဆက်လက်ကြိုးစားပြဘို့ က အရေးကြီးပါတယ် ။
မိမိစိတ်ကို တင်းပြီး အောင်မြင်မှုကို စိတ်ဓာတ်မကျဘဲ ရယူနိုင်ကြပါစေ ။
@အယ်းမီး ( author )