အဟာရဒါနပြီးအောင်မစားလိုက်ရဘဲ ကိုယ့်အဖွဲ့ထဲကလူနဲ့ ပရဟိတသမားတွေကို အပြစ်တင်ပြပြီး ကိုယ့်အဖွဲ့ကို တည့်တည့်ပြောနေတဲ့လူနဲ့ ပြသာနာဖြစ်တော့မယ့် အခြေအနေကြောင့် ကျမဦးဆောင်ထလိုက်ပါတယ် ။
စိတ်ထဲမတင်မကျဖြစ်နေတဲ့အတွက် အပြစ်တင်နေသူထံထသွားတဲ့သူကို မတားမိဘဲ နောက်ကသာ အသာလိုက်သွားတော့တာပေါ့ ။ အဖွဲ့ထဲကလူက " ဦးလေးက မပြီးနိုင်မစီးနိုင် ကျနော်တို့ အဖွဲ့ကိုကြည့်ပြီး မကျေမနပ်ပြောနေတော့ ကျနော်တို့ အဖွဲ့ထဲ ဦးလေးမကျေနပ်သူများ ပါနေလားဗျ ။ ပါနေရင်လည်း လက်ညှိုးထိုးပြပါ ။ ဦးလေးကို ဘာတွေခုတုန်းလုပ်ပြီး လိမ်ညာခဲ့တယ်ဆိုတာလဲ ပြောပါ " လို့ မေးလိုက်တာ ကြားရပါတယ် ။
ထိုသူက ပြန်ပြောတာက " အေးကွ အဲ့ဒီအမေးကို ငါလဲစောင့်နေတာ ။ သတင်းတွေမှာဖတ်နေရတာ ပရဟိတကားပေါ်မှာ သစ်တွေခိုးတင်ပြီးသယ်လို့  ဖမ်းမိတာတွေ
ပရဟိတကားက တိုက်ပြေးသွားပြီး ထွက်ပြေးတာတွေ ပရဟိတကားကို ကိုယ်ပိုင်ကားထင်ပြီး ထင်သလိုအသုံးပြုနေကြပြီး ဖြစ်လာတော့ ပရဟိတနာမည်တပ်တယ် ။ လူနာတင်မယ်ဆို ဆီဘိုးဆိုပြီး ပိုက်ဆံအတင်းတောင်းနေတာ မဟုတ်ဘူးလား " တဲ့ ။
သူပြောအပြီးမှာ ကိုယ်လဲမနေသာတော့ဘူးလေ ။ အဲ့လိုဖြစ်တာ ဒီအဖွဲ့လား ။ ဒီအဖွဲ့ထဲ ပါလား။ ပြပေးပါဆိုတော့ မပါဘူးတဲ့ ။ မပါရင် ထပ်မပြောစေချင်ဘူး ။ တဦးမကောင်းတာ အများကိုထည့်မပြောဘို့ နဲ့ သတင်းထဲပါလို့ ဖတ်ရင်လည်း ဘယ်ပရဟိတအဖွဲ့က ဘယ်သူဆိုတာပါ မှတ်သားပြီးမှ မကျေနပ်ကြောင်းကို အဖွဲ့ရှိရာလူကြီးထံ တိုင်ကြားပြောဆိုနိုင်ကြောင်း တိုတိုတုတ်တုတ် ပြောခဲ့ပြီး အလှူရှင်ကို နှုတ်ဆက် လှည့်ထွက်ခဲ့ကြပါတော့တယ် ။
အပြန်မှာ တွေးမိတာက အလှူလာတုန်းစီးလာတာ အသင်းက သူများလှူထားတဲ့ကားမဟုတ်တာကိုဘဲ ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေမိတယ် ။ ကိုယ်က ဟိုလူ အပြစ်တင်သလိုမဟုတ်လို့  နာရပေမယ့် ပရဟိတအကြောင်းပြပြီး သူပြောသလိုလုပ်ခဲ့တာကလည်း လက်တွေ့ကိုယ်လဲ ဖတ်ရကြားခဲ့ရတော့ အပြစ်တော့မဆိုသာပါဘူး ။
အများနှင့်လုပ်သောပရဟိတအလုပ်ကို မိမိကိုယ်ကျိုးအတွက် မှီပြုအကာအကွယ်ယူပြီး လုပ်တတ်ကြသောလူအနဲစုကြောင့် ယခုလို အပြောမခံရအောင် ကိုယ်ကျိုးမရှာဘဲ ကိုယ်တိုင် ကင်းရှင်းစွာနေတတ်ဖို့ လိုပါတယ် ။
ပရဟိတအကြောင်းပြ ကိုယ်ကျိုးရှာခြင်းများ ကင်းဝေးကြပါစေ ။
@အယ်းမီး ( author )