မိန်းမဆိုသည်က လှချင်သူက အများသား။
မလှချင်များဖြစ်ကြသည်။ မလှချင်ဘူးဟူသည်က
ရှားပါး မျိုးစိတ်ဖြစ်သည်။ လှပြီး စိတ်ရင်း
ကောင်းသူရှိသလို။ စိတ်ကောင်း မရှိသူလည်း
ရှိသည်။ မလှ၍ စိတ်ရင်းမကောင်းသူဟု
တခါတရံ ကလေးဘဝ အတွေးရှိခဲ့ဖူးသည်။
ကလေးဆိုသည်က မျက်စိမှာ မြင်သည့်အတိုင်း
တခါတရံ စိတ်ထဲ တွေးမိသည်။

အဘယ်ကြောင့် ဆိုသော် ကလေးဘဝမှာ
ကြည့်ခဲ့ဖူးသည့် စနိုးဝိုက် ကာတွန်းကားနှင့်
အခြားသော ကာတွန်းအများစုမှာ။
လှပပြီး စိတ်ရင်းကောင်းသည့် မင်းသမီးလေး
များကိုသာ စိတ်မှာ စွဲခဲ့သည်။ စိတ်ရင်းဆိုးသော
မိထွေး၏သမီး ပုံဆိုးများနှင့် စုန်းမကြီး၏
ကြောက်စရာ မျက်နှာများက ကလေးဘဝ၏
စိတ်ကို စိုးမိုးထားသည်။

အလှဆိုသည်ကို လူတိုင်း မက်မောသည်။
ကြီးကြီးငယ်ငယ် လူတိုင်းနီးပါး အလှအပကို
မက်မောကြသည်။ အလှကို ဗန်းပြ၍
လူ့ကျင့်ဝတ် သိက္ခာများကို ချိုးဖောက်သူလည်း
ရှိသည်။ အလှကို ကိုးကွယ်မိ၍ မလုပ်သင့်
မလုပ်ထိုက်သည်များလည်း လုပ်မိကြသည်။
အလှနဲ့ မာယာ ဒီနှစ်ခုက ယှဉ်တွဲသည်။
လှပသော အမျိုးသမီး၏ မာယာမှာ အများအား
ဖြင့် နစ်မြုပ်သူက အမျိုးသားထုက များပြားသည်။

လှပသည် အပြောကောင်းသည် မာယာပါ
ထပ်လောင်းပါမူ ထိုသုံးခုကို ပိုင်နိုင်စွာအသုံးပြုသူ
အမျိုးသမီးကို အမျိုးသားထုအပြင် အမျိုးသမီး
အချင်းချင်းပင် ငေးမောရသည်။ လောကမှာ
အပြောကောင်း၊ အဟောကောင်းသူ ဆိုပါမူ
လူတိုင်းငေးမောရသည်။ ထိုသို့ အပြောအဆို
ကောင်းသည်ကလည်း ပညာတရပ်ဖြစ်သည်။

သို့ပေသိ အပြောကောင်းသူဆိုပါမူ လူတို့သည်
ယခုအခါ သတိထားကြသည်။ အပြောသမားက
လက်တွေ့ နည်းသူဖြစ်သည်။ အပြောနည်းသူသာ
လက်တွေ့လုပ်သည်ကိုလည်း သိရှိရသည်။
သူက အပြောသာ မတတ်တာ စိတ်ရင်းကောင်း
ရှာတယ်။ စသဖြင့် ပြောဆိုသည်ကို ကြားဖူးကြမည်။
ထိုအပြင် လူက ဟောင်ဖွာ ဟောင်ဖွာ
လေတလုံး မိုးတလုံး အပြောက ချောပါ့။
လက်တွေ့မှာတော့ ချာတူလန်း ဆိုသည်လည်း
ရှိသည်။

ဘာရယ်မဟုတ်ပါဘူး။ ယနေ့ Facebook မှာ
တက်လာသောပုံများကို ကြည့်ရင်း အလှအပ
နဲ့ တဏှာကြောမျောကြသူ မိတ်ဆွေတဦးကို
မြင်လိုက်ရသည့်အတွက် ရေးမိလိုက်ရပါသည်။
အလှအပ ဗန်းပြပီး ငါ့ဘဝ ပျက်အောင်ပြုစားရက်တယ်။
မုသားယှက်နွယ် အပြုံးခဏလေးနဲ့
အမုန်းတဘဝပေးသူရယ်။ ကိုရင်သိန်းတန်၏
သီချင်းစားသားလို။ အလှအပရေယာဉ်ကြော
မျောပါမှုမှ လွတ်မြောက်နိုင်ကြပါစေ။