တောင်ပြုံးပွဲတော်ကြီးနီးလာပြီဆိုရင်ဖြင့် ဟိုးယခင်က မန္တလေးဘူတာကြီးမှာ လော်စပီကာကြီးများ
ဖွင့်ကာဖြင့် တောင်ပြုံး ရထားလက်မှတ်များရောင်းချခဲ့ကြသည်။ မီးရထားဝင်ငွေ လည်းများစွာ ရရှိခဲ့
သည်။မြန်မာပြည်အရပ်ရပ်မှာရှိသမျှလူအားလုံးနီးပါး တောင်ပြုံး ကိုလာသလားအောင်း
မေ့ရသည်။ ဖော်ပြပါသီချင်းစာသားက သီချင်းသံ
ကို အကြားဖြင့် ကိုယ်ကြားတဲ့ သိတဲ့အတိုင်း
ပြီးခဲ့သည့်ပို့စ်မှာကျွန်တော်ရေးသားထားခြင်း
ဖြစ်သည်။
🎼🎼အော်...တောင်ပြုံး ခေါ်
ပွဲတော်ကြီး...နီးလာပြီ
အနောက်ကနေ....
ယောက်ဖရေ...ခေါ်နေသည်
အော်သည်းညည်းခံ...သည်းညည်းခံ
အိမ်ကိုမြန်မြန်ပြန်....
ကလေးငိုနေသည်....🎼🎼။
အမှန် စာသားသိရသည်မှာ 15-8-2018 ရက်နေ့ မန္တလေး နေ့စဉ်သတင်းစာပါ လေကျည်ဆန်ရဲ့
ဆောင်းပါး ကိုဖတ်လိုက်ရတဲ့အခါကိုယ်ရေးတာနဲ့ သူရေးထားတာလွဲနေတာတွေ့ရသည်။ စာသား
အမှန်သည် အောက်ပါအတိုင်းဖြစ်သည်။
"အို...တောင်ပြုံး ခေါ် ပွဲတော်ကြီးနီးလာပြီ
လာ ကိုမြို့မ... မြနဲ့တွဲသွားပါရစီ..
သြော်...အနောက်ကနေ ယောက်ဖရေ
ခေါ်နေသည် .... ပျိုသည်းညည်းခံ
ထုံစံပါအတည်း...အိမ်ကိုမြန်မြန်ပြန်ပါ
ကလေးတွေငိုကုန်ပြီ.."
တောင်ပြုံး ပွဲတော်သည် သီချင်း အတိုင်းထဲကလို
ပျော်စရာအလွန်ကောင်းပြီး အစအနောက်
အလွန်သန်ကြသည်။ အမူးအရူး အလွန်ပေါလှ
သည်။ ကျွန်တော်တို့မိသားစုသည် တောင်ပြုံး
ပွဲတော်နောက်ဆုံးနေ့ ဥပုသ် မတိုင်ခင် အဖိတ်နေ့
ညနေကသွားကြသည်။ ညနေကျောင်းဆင်းချိန်မှာ
တောင်ပြုံး နောက်ဆုံးရထားကို စီးကြသည်။
ကျွန်တော် ၅တန်းနှစ်က တောင်ပြုံး ဘူတာတွင်
ကျွန်တော်တို့  မိသားစုအား လက်မှတ်စစ်ရာ
ကလေးလက်မှတ်ဝယ်သော ကျွန်တော်ကို
လက်မှတ်စစ်မှ…
”ဒါကလေးလား”
ပြောကာ ကျောင်စိမ်းလုံချည်
လှန်ခံရသည်။ (အဟီး အောက်မှာ ကျောင်းစိမ်း
ဘောင်းဘီလေးပါလို့) ထိုအခါ အမေက
”ကျုပ်တို့က မီးရထားဝန်ထမ်းတွေပါတော်
လူကြီးလက်မှတ်ဝယ်မစီးနိုင်ပါဘူး” ပြောသည်။
လက်မှတ်စစ်ကြီးက ဒါဆိုလည်း ဒေါ်ကြီးတို့ အုပ်စု
မြန်မြန်သွားကြ ပြော၍ ရွာထဲသို့ ကျွန်တော်တို့
အုပ်စုခြေကုန်သုတ်ကြလေသည်။
တောင်ပြုံးရွာ ဦးလေးအိမ်တွင် မောင်းထောင်းရှိ
သည်။မုန့်ဖက်ထုပ် လုပ်ရန် ကောက်ညှင်းဆန်ကို
ထိုမောင်းဖြင့်ထောင်းကာ အမှုန့်ထောင်း၍ လုပ်
သည်။ ကျွန်တော်တို့ကလေးများ မောင်းထောင်း
တာမြင်လျှင် ဒေါ်ကြီးက အော်သည်။
”ကလေးတွေ မောင်းမဆော့ကြနဲ့ ခိုင်းမိလိမ့်မယ်”
ကျွန်တော်တို့ကလည်း ခြေထောက်နှင့် ဖိရ နင်းရ
တာကို သဘောကျကြသည်။ မောင်းဆုံမှာ အခန့်မ
သင့်လျှင် လက်ကိုထိခိုက်တတ်သည်။
နောက်ထပ် တောင်ပြုံး အမှတ်တရ တစ်ခုရှိပါသေးသည်။ ရွာအနောက်ဖက်တွင် ချောင်းရှိသည်။
ချောင်းနှင့် ကပ်လျှက် တာဘောင်ရှိသည်။
တာဘောင် သည် ဧရာဝတီ မြစ်ရေတိုးလျှင် ရွာသို့
ရေမလာအောင်တားထားသည်။ ရွာရဲ့အနောက်မှာ
ချောင်း၊ ချောင်းရဲ့အနောက်မှာ တာဘောင်၊
တာဘောင်ရဲ့အနောက်မှာ ဧရာဝတီမြစ်ရေပြင်
ဖွေးဖွေးကြီးကို တမျှော်တဆုံးမြင်ရသည်။
ချောင်း မှာ ကျွန်တော်တို့ကလေးတစ်သိုက်
ရေကူးကြသည်။
ကျွန်တော်တို့ကလေးများမှာ ချောင်း၊ မြောင်းနှင့်
ဝေးသူများမို့ ရေမြင်လျှင် အလွန်ဆော့ချင်ကြသည်။
ဦးလေးက ချောင်းမှာ ရေပေးမဆော့ပါ။ ချောင်းက
အန္တရာယ်များသည် တစ်နှစ်တစ်ခါ လူစားသည်ဟု
ပြောသည်။ ပြောလည်းမရပါဘူး လူကြီးများလစ်
လျှင် မောင်နှမတစ်တွေ ချောင်းသို့ အပြေးအလွှား
ရေသွားဆော့ကြသည်။ အဲ့မှာ ပြဿနာစပါသည်။
ကျွန်တော်ညီမ ဝမ်းကွဲလေးသည် ရေဆော့ရင်း
အော်ငိုလေးသည်။ သူမက ၂တန်းကျောင်းသူ
အရွယ်ဖြစ်သည်။
သူမ၏ ဘောင်းဘီ အစပ် ပေါင်မှာ မဲမဲအကောင်ကြီးကပ်နေပါသည်။ လှုပ်ခါချလည်းမရသောအခါ
အော်ငိုလေသည်။ ကျွန်တော်လည်း အိမ်သို့
အပြေးပြန်လာကာ အကူအညီတောင်းရသည်။
ဒေါ်ကြီးကို အဆင့်သင့်တွေ့၍ ခေါ်လာခဲ့သည်။
ကျွန်တော် မှာ ဒေါ်ကြီးကို စကားမပြောနိုင်ပဲ
အမြန်လိုက်ခဲ့ရန်သာခေါ်မိသည်။ ဒေါ်ကြီး
ချောင်းစပ်ရောက်သောအခါ
”ဟဲ့ ..မျှော့ တွယ်နေတာ ဟိုးနားကအိမ်မှာ
ဆား မြန်မြန်သွားတောင်းစမ်း”
မျှော့ကို ဆားနှင့်ပွတ်၍ အတော်ခွာချရသည်။
မျှော့မှာ သေးသေးလေးမှ အရှည်ကြီးဖြစ်လာ၍
ကြောက်လည်းကြောက် တအံ့တသြဖြင့် မောင်နှမ
တစ်တွေ ဝိုင်းကြည့်ကြသည်။ နောင်တွင် ချောင်းသို့
ကျွန်တော်တို့ ရေသွားမဆော့ကြတော့ပါ။
ဦးလေးမှ ကျွန်တော်တို့ကို ဝါးခြမ်းပြားဖြင့်
၃ချက်စီ အရိုက်ခံရပါတော့သည်။ အဟီး...
ဒါကြောင့် တောင်ပြုံး က ပျော်စရာလည်းကောင်း
ကြောက်စရာလည်းကောင်းပါတယ်လို့....။
(မှတ်ချက်။ ဒါတောင် တောင်ပြုံး ရွာထဲ ကျွန်တော် မျက်စိလည်ပြီး ၃ နာရီလောက် လမ်းပျောက်တာ
လမ်းမမှတ်မိလို့ လမ်းလျှောက်နေရတာ
ပါသေးဘူးနော့ 😁)