အကယ်၍သာ...(၂)

Words
181
Reading
1 min
Listen
Play
9y

အပိုင်း ၁ ဖတ်ရှုရန်

ထို့နောက်...

"ကိုဇေယျ ရှိပါသလားခင်ဗျာ..."
"ဟုတ်ကဲ့..ရှိပါတယ်.."ဟုပြန်ဖြေရင်း သူ့အားလှမ်းခေါ်သည့်ဝန်ထမ်းရှိရာထံ လျှောက်လာလိုက်သည်။အဆိုပါဝန်ထမ်းမှ အင်တာဗျူးဖြေဆိုရမည့် တစ်ဖက်အခန်းသို့ လမ်းညွှန်ပေးလေသည်။

"ဒေါက်.ဒေါက်.ဒေါက်..."
သူအင်တာဗျူးဖြေဆိုရမည့် အခန်းထဲသို့မ၀င်ခင် တံခါးခေါက်လိုက်ပြီး အထဲမှ ၀င်လာပါဟုပြောသောကြောင့် တံခါးကို အသာအယာဖွင့်ကာ အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။

23-28-27-images.jpg
Photo credit - Google image

အခန်းတွင်းသို့ ထော့နဲ့ထော့နဲ့ဖြင့်ဝင်လာသော သူ့ကိုကြည့်ပြီး အင်တာဗျူးမေးမြန်းစစ်ဆေးမည့်သူနှစ်ဦးမှာ တယောက်မျက်နှာတယောက်
ကြည့်လိုက်ကြသည်ကို သူမြင်တွေ့လိုက်ရသည်။သို့သော် ဘာမှတော့ မပြော။ထို့နောက်သူ့ကို ခုံတွင်ထိုင်ရန် ညွှန်ပြပြီး ကိုယ်ရေးရာဇ၀င်နှင့်ပတ်သတ်၍သိလိုသော
အချက်အလက်များကို မေးမြန်းလေသည်။
ထို့နောက် မေးမြန်းသူနှစ်ဦးအနက်မှ တစ်ဦးက
"သား၊စိတ်တော့မရှိပါနဲ့.. ဦး တစ်ခုလောက်မေးချင်တယ်.."ဟု
ပြောလိုက်သောကြောင့် သူ့စိတ်ထဲတွင် ဘာများမေးမလဲဟူသောအတွေးဖြင့် ထိတ်ခနဲဖြစ်သွားမိသည်။
"သား..ခြေထောက်က ဘယ်လိုဖြစ်တာလဲ..ပြောပြလို့ရမလား.."
ဟုမေးလေသည်။
"အော်..ဟုတ်ကဲ့ပါ..ဦး။
ခြေထောက်က အကြောသေနေတာပါ။မွေးရာပါဖြစ်တာပါ..ဦး"
ဟူ၍ သူက ပြန်လည်ပြောဆိုလိုက်သည်။
"အင်း...ပြောရမှာလည်း အားတော့နာပါတယ်ကွာ။ဦးတို့ဆီမှာက သွက်သွက်လက်လက်နဲ့အလုပ်လုပ်နိုင်မဲ့လူတွေပဲ ဦးစားပေးခေါ်တာမို့ သားနဲ့ဆို အဆင်ပြေမယ်မထင်ဘူး။
အခုလိုပြောရတာလည်း စိတ်မကောင်းပါဘူးကွာ"ဟူ၍ပြောလေသည်။

23-38-57-2Q==.jpg
Photo credit - Google image

ဇေယျတစ်ယောက်လည်း
ထင်မှတ်မထားသော
စကားကိုကြားလိုက်ရသောကြောင့် ရုတ်တရက်
ဘာပြန်ပြောရမှန်းပင်မသိဖြစ်သွားသည်။
သူတွေးထားသည်က ခြေထောက်မသန်ပေမဲ့
သူ့အရည်အချင်းနှင့်ဆိုလျှင် ဒီအလုပ်ကို
ကောင်းကောင်းလုပ်နိုင်မည်။
အလုပ်ခေါ်သူများကလည်း အရည်အချင်းကိုသာ ဦးစားပေးခေါ်ယူမည်ဟူသော အတွေးဖြင့်သာ အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။
ယခုကြားလိုက်ရသောစကားကြောင့် သူ့မျှော်လင့်ချက်များ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
သို့သော်..သူ တည်ငြိမ်စွာဖြင့်သာ တုန့်ပြန်ခဲ့ပါသည်။အင်တာဗျူးသူနှစ်ဦးကို ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်၍ပြန်လည်ထွက်ခွာလာခဲ့သည်။

ပထမဆုံးလျှောက်သည့်အလုပ်အတွက် ပထမဆုံးအင်တာဗျူးဖြစ်၍ သူ့အနေဖြင့် အများကြီးမျှော်လင့်ထားခဲ့သည်။
ကိုယ့်အရည်အချင်းကို ယုံကြည်သည်။မိမိအနေဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်မည်ဟု
ယုံကြည်ထားသော်လည်း ငြင်းခံရသည့် အကြောင်းပြချက်က ခြေထောက်မသန်သောကြောင့်ဖြစ်သည်တဲ့။

23-41-42-images.jpg
Photo credit - Google image

ဘာကြောင့်လဲ..။ခြေထောက်မသန်တာနဲ့ပဲ သူ့အရည်အချင်းတွေထုတ်ပြခွင့်မရတော့ဘူးလား..။သူတို့လို ဒုက္ခိတတွေအတွက် နေရာမရှိတော့ဘူးလား..။
အတွေးပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာဖြင့်သာ သူ့ကိုယ်သူ ပြန်မေးရင်း အိမ်အပြန်လမ်းတလျှောက် စိတ်မကောင်းစွာဖြင့်သာ ပြန်လာခဲ့ရသည်။

နောက်ထပ် ထပ်မံကြိုးစားခွင့်များရှိသေးသည်ကိုသိသော်လည်း ပထမဆုံး ပွဲဦးထွက်အတွေ့အကြုံမှာပင် ခါးသီးသော ဒဏ်ရာဒဏ်ချက်များ ရရှိသလိုဖြစ်သွားသောကြောင့် သူ အတော်ပင်
စိတ်ပျက်သွားမိလေသည်။နောက်ထပ်လည်း ထပ်မံမကြိုးစားချင်တော့။နောက်ထပ် အလုပ်များလည်း ထပ်မလျှောက်ချင်တော့။

မျက်နှာမကောင်းပဲ အိမ်ပြန်ရောက်လာတော့ မိဘများက စိုးရိမ်ပူပန်စွာဖြင့်မေးမြန်းလေသည်။
သူလည်း အကြောင်းစုံကိုပြောပြလိုက်လေရာ မိဘနှစ်ပါးမှာလည်း သားဖြစ်သူအတွက် စိတ်မကောင်းကြပေ။သူလည်း စိတ်ပင်ပန်းသောကြောင့် ခနနားအုံးမည်ဟုဆြိုာ အခန်းထဲသို့ ၀င်လာခဲ့လေတော့သည်။
အခန်းထဲရောက်တော့ သူ့လွယ်အိတ်ထဲမှ အလုပ်လျှောက်လွှာလေးကိုထုတ်ရင်း တွေတွေကြီး စိုက်ကြည့်နေမိသည်။ပထမဆုံးအလုပ်အတွက် သူသေချာပြင်ဆင်ထားသည့် cv formလေး။

23-53-47-images.jpg
Photo credit - Google image

သို့သော် ယခုတော့ သူအငြင်းခံလာရသည်။ပြန်တွေးရင်းတွေရင်း မျက်ရည်များကျလာကာ ရှိုက်ကြီးတငင် ငိုမိလေတော့သည်။

(နောက်တစ်ပိုင်း မျှော်..)

htetwaihin@htetwaihin

MSC - 039

အကယ်၍သာ...(၂) | Ecency