ခေါင်းမမော့နဲ့ ခေါင်းငုံ့ပါ

Words
104
Reading
1 min
Listen
Play
8y

image
image from Google
လူတွေရဲ့စိတ်ဟာ အမြဲတမ်းကိုယ့်ထက်မြင့်တဲ့နေရာကိုပဲ မျှော်မှန်းကြတာ သဘာဝပါ။ကိုယ်ရောက်ရှိနေတဲ့ နေရာထက်ပိုမြင့်တဲ့နေရာကို ရောက်ရှိအောင်အမြဲတမ်းတွေးတယ်။ရောက်အောင်လည်းကြိုးစားကြတယ်။ကိုယ်လိုချင်တဲ့နေရာတစ်ခုမှာ ရောက်ရှိနေသူမှန်သမျှကိုလည်း အားကျနေကြတာ လူတွေရဲ့ သဘာဝပါ။ဒါပေမယ့် ကျွန်မပြောချင်တာ တစ်ခါတစ်လေတော့ ကိုယ့်ထက်မြင့်တဲ့နေရာကိုရောက်ရှိနေသူတွေကို အားကျနေမယ့်အစား ကိုယ့်ထက်နိမ့်ပါးနေသူတွေကို ကိုယ်ချင်းစာသနားကြပါလို့ ပြောချင်ပါတယ်။

အခုရက်ပိုင်း ဆောင်းရာသီက အရမ်းအေးတာကြောင့် ကျွန်မအိပ်ရာကနေ မထချင်ထချင်နဲ့ ထလိုက်ရပါတယ်။ညတုန်းကလည်း အေးလွန်းတာကြောင့် ခန္ဓာကိုယ်ပေါ်ကနေ စောင်ကွာတာနဲ့ လန့်လန့်နိုးရတာကြောင့် အိပ်ရေးမဝခဲ့ပါဘူး။ဒါပေမယ့်လည်း ကျောင်းသွားဖို့ပြင်ဆင်ရဦးမှာမို့ စောင်တွေကြားကနေမနည်း အားယူထခဲ့ရပါတယ်။အဲ့အချိန်မှာ ကျွန်မတွေးမိတာက ကျွန်မသာသူဋ္ဌေးဆိုရင် တစ်တောင်လောက်ရှိတဲ့ မွေ့ရာကြားမှာနွေးနွေးထွေးထွေးနဲ့ အိပ်ပျော်ပြီး အခုလိုမနက်ပိုင်းထရတဲ့အခါမှာလည်း အိပ်ရေးဝနေမှာလို့ တွေးပြီး သူဋ္ဌေးတွေကို အားကျမိသွားခဲ့ပါတယ်။

နောက်တော့ကျွန်မကျောင်းသွားဖို့ပြင်ဆင်ပြီး အနွေးထည်အထူဆုံးကိုဆွဲဝတ်ပြီး ကားဂိတ်ကိုထွက်လာခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အထိ ကျွန်မဟာညက အအေးဒဏ်ကြောင့် ကောင်းကောင်းအိပ်မပျော်တာကို တွေးမိပြီးစိတ်ထဲအလိုမကျမှုတွေနဲ့ပါ။အဲ့အချိန်မှာပဲ ကျွန်မကိုယ့်ကိုယ်ကိုအရှက်ရမှုတစ်ခုဖြစ်စေခဲ့ပါတယ်။ကျွန်မမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျွန်မရဲ့စိတ်အလိုမကျမှုတွေကို အဝေးဆုံးကိုမောင်းထုတ်လိုက်ပါတယ်။မနက်ပိုင်းစောစောဖြစ်တာကြောင့် ဆိုင်ခန်းတွေတစ်ချို့တစ်ဝက်က မဖွင့်သေးပါဘူး။ မဖွင့်သေးတဲ့ ဆိုင်တစ်ခုရဲ့အပြင်ဘက်တံခါးနားလေးမှာ ကလေးလေးနှစ်ယောက် အသက်အရွယ်အားဖြင့် ၆နှစ်သာသာလောက်ရှိမယ့် ကလေးလေးနှစ်ယောက်ပါ။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာစောင်ဆိုလို့ နွမ်းဖတ်ဖတ်အနွေးထည်လေးကို ခြေဖျားထိရောက်အောင် ခြုံကာနဖူးနဲ့ဒူးက ထိလုမတတ်ကွေးပြီး အိပ်နေတဲ့ကလေးနှစ်ယောက်ပါ။ကျွန်မဒီမြင်ကွင်းလေးကို ကြည့်ပြီး အိမ်ကထွက်လာတုန်းက ကိုယ့်ဘဝကိုကိုယ်မကျေနပ်ဖြစ်နေတာတွေက မြူတွေလိုပျောက်ဆုံးသွားပါတယ်။ခြင်ထောင်နဲ့စောင်နဲ့ အနွေးထည်နဲ့ အိပ်ရပြီး ချမ်းလို့အိပ်မပျော်တဲ့ကျွန်မကို ဒီကလေးလေးနှစ်ယောက်က ဘယ်လိုအကြည့်တွေနဲ့ကြည့်နေမလဲ။ ကျွန်မတွေးတာနဲ့ပင် အရမ်းကိုရှက်ရွံ့ပါတယ်။ရှက်ရွံ့ခြင်းနဲ့ တစ်ပြိုင်နက်တည်း ကလေးနှစ်ယောက်ကိုသနားစိတ်က အတိုင်းထက်အလွန်ပါ။အမြဲတမ်းအမြင့်တစ်နေရာကိုကြည့်ဖို့ ခေါင်းမော့နေတဲ့ကျွန်မ အခုတော့ခေါင်းငုံ့မိလျက်ပါ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

ခေါင်းမမော့နဲ့ ခေါင်းငုံ့ပါ | Ecency