မင်္ဂလာပါ။
ဒီနှစ် နှမ်းရာသီ က ကုန်တော့မှာပါ။
နှမ်း မျိုးစေ့ချသည်မှ ရိတ်သိမ်းချိန်ထိ ကြာချိန်သည် ရက် ၇၀ ဝန်းကျင်ပါပဲ။
ဒီ နှစ်လတာ ကာလ အတွင်းမှာ မိုး ကောင်းကောင်းမှန်မှန် မရွာခဲ့တော့ နှမ်းပင်တွေ မိုးရေ ကောင်းကောင်း မသောက်ကြရပါဘူး။
သို့ပေသော်လည်း အချိန်ရာသီ အရ နှမ်းပင်တွေဟာ ရှိသမျှ အားဖြင့် ပွင့်ပြီး သီးလာခဲ့ကြပါတယ်။
အရင်းသီးတွေမှာ နှမ်းစေ့တွေ အောင်မြင်ပေမယ့် အဖျားသီးတွေက စိမ်းနုနေသေးကာ အစေ့မအောင်သေးပါဘူး။
သို့ပေငြားလည်း ခုတော့ ရိတ်သိမ်းချိန်တိုင်ခဲ့လေပြီ။
နှမ်း ရိတ်သိမ်းချိန် ရောက်ပြီဆိုတော့ ပင်ဖျားက နှမ်းသီးတွေ အစေ့အောင်အောင် စောင့်နေလို့မရပါဘူး။
အဖျားအောင်ဖို့ စောင့်နေလျှင် အရင်းသီးတွေက ကွဲဟပြီး နှမ်းစေ့တွေ ထွက်ကျကုန်မှာပါ။
ဒီတော့ မအောင်သေးတဲ့ နှမ်းစေ့တွေ မသေချာတာ စောင့်နေမယ့်အစား ရသလောက်ယူနိုင်ဖို့ နှမ်းပင်တွေကို ရိတ်သိမ်းနေကြရပါပြီ။
မိုးရေမျှော်ကာ စိုက်ပျိုးရတဲ့ တောင်သူတွေ ဘဝက ဒီလိုပါပဲ။
ရာသီဥတု ကောင်းရင် သီးနှံ အထွက်တိုးရပြီး ရာသီဥတု မိုး မကောင်းတော့လည်း ရသလောက်နဲ့ ကျေနပ်ကြရပါတယ်။
ကျွန်တော်လည်း တိမ်တွေ မြင်တိုင်း မိုးရွာပါစေ ဆုတောင်းခဲ့မိသော်လည်း ခု ရိတ်သိမ်းချိန်ကာလ ရက်သတ္တပတ် အတွင်းတော့ ပူပေမယ့် မိုး မမျှော်တော့ပါဘူးလေ။