လေရူးပျောက်၍ လေမုတ်သုံက တရကြမ်းတိုက်ခတ်လာတော့သည်။ လေအဝှေ့တွင် အပင်ပျိုတို့ သည် လေယူရာ ယိမ်းနွဲနေကြသည်။ စည်းချက်ကျကျ လေသိမ်းတိုင်းလှနေသော သစ်ပင်ပျိုများပင်တည်း နွေရာသီ၏ အပူဒဏ်အောက်တွင် အလူးအလဲခံရသော သစ်ပင်ပန်းမန်တို့သည် စိမ်စိုလန်းဆန်းနေကြသည်။ မြသားကမ္ဗလာ လွှမ်းခြုံထားသည့် သစ်ရွက်ကြီးများအောက်တွင်ညိုတိုတို
သစ်ခေါက်တို့ ကနေရာယူထားသည်။ မိုးပုလဲပန်းများ ရွာသွန်းလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခွင်
စိမ်းစိမ်းစိုစိုနေတော့သည်။အပူကင်းသည့် မိုးဦးတည်း ။ ဤသည်ကိုကြည့်ရင်း မုန်တိုင်းပြီး လေငြိမ်ဟူသောစကားကို အမှတ်ရမိပါသည်။
သာယာလှပသည့် မိုးဦးကျတွင် မုတ်သုံ လေနှင့်တစ်ပြိုင်နက် မြေသင်းရနံ့လေးများသည် နှာခေါင်းဝတွင် ကလူ၏သို့ မြူ၏သို့ ဖြင့်ကျီစယ်နေကြသည်။ သဘာဝ၏ ရေမွှေးနံ့ပင်တည်း စိမ်းရွှေရွှေ မြေသင်းနံကား မိုးဦးကျပြီဟု ကြေငြာမောင်းခတ်လိုက်သည့်အလားပင်။ တောင်လေတရှုန်းရှုန်း တိုက်ခတ်၍ မိုးတအုန်းအုန်းရွာသော မိုးဦးကျတွင် စိန်ပန်းတောများသည် ကတ္တီပါကော်ဇောသဖွယ် ဟီးထလာကြသည်။ ရဲရဲနီသော စိန်ပန်းများသည် မြင်ရသူအပေါင်းအား အားမာန် အပြည့် အဝပေး၏။
မိုးမင်းကြီးသည် အငြိုးနှင့် သည်းကြီးမည်းကြီးရွာချလိုက်သောအခါတွင် ပန်းကလေးများသည် ဘယ်သောင် ဘယ်ကမ်း ဘယ်စခန်း တွင် ဆိုက်ကပ်မည်မသိ မတွေးမချေပြီ။