#ပစ္စဝေက္ခဏာဝီထိ
🌀🌀🌀🌀🌀
"ပုန ဘဝင်္ဂံ ဝေါစ္ဆိန္ဒိတွာ ပစ္စဝေက္ခဏဉာဏာနိ ပဝတ္တန္တိ"
ဖိုလ်ဇော (၂)ကြိမ် (၃)ကြိမ်နောင် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သည့်အခါ -
➡ ငါသည် ဤမဂ်ဖြင့် နိဗ္ဗာန်ကို ရပြီ" ဟု မဂ်ကို ဆင်ခြင်သော ဝီထိ၊
➡ မဂ်၏ အကျိုးကိုလည်း ခံစားရပေပြီဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ၊
➡ ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရပေပြီဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ၊
➡ ဤမျှသော ကိလေသာကို ပယ်၍ ပြီးပြီဟု ပဟီနကိလေသာကို ဆင်ခြင်သော ဝီထိ၊
➡ ဤမျှလောက်သော ကိလေသာများ ကျန်သေးသည်ဟု သေသကိလေသာကို ဆင်ခြင်သော ဝီထိ၊
ဤသို့ ပစ္စဝေက္ခဏာဝီထိ (၅)မျိုး ဖြစ်၏။ ထိုတွင် "မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ, ပစ္စဝေက္ခတိ" ဟု ဆိုသောကြောင့် မဂ် ဖိုလ် နိဗ္ဗာန်တို့ကို ဆင်ခြင်သော ဝီထိ(၃)မျိုးမှာ ဧကန်ဖြစ်ရမည်ဟုလည်းကောင်း၊ "ဟီနေ ကိလေသေ သေသေ စ, ပစ္စဝေက္ခတိ ဝါ န ဝါ" ဟု ဆိုသောကြောင့် ပဟီနကိလေသာ, သေသကိလေသာကို ဆင်ခြင်သော ဝီထိကား အချို့ပုဂ္ဂိုလ်၌သာ ဖြစ်၍ အချို့ပုဂ္ဂိုလ်၌ မဖြစ်ဟုလည်းကောင်း သင်္ဂြိုဟ်ကျမ်းက အယူရှိ၏။ ခုနစ်နှစ်အရွယ် သူငယ်များပင် မဂ်ဖိုလ်ကို ရကြသဖြင့် ထိုသူငယ်တို့သည် ပယ်အပ်ပြီးသော ကိလေသာ ကြွင်းကျန်သော ကိလေသာတို့ကို ခွဲခြား၍ သိဖို့မလွယ်၊ ဘုရားရှင်၏ နောင်တော်ဖြစ်သော သကဒါဂါမ်တည်ပြီး မဟာနာမ်မင်းကြီးသည်ပင်လျှင် ကျန်ကိလေသာကို မသိသည့်အတွက် "တပည့်တော်များ အဘယ်ကိလေသာတို့ကို မပယ်အပ်ပါသနည်း" ဟု ဘုရားရှင်အား လျှောက်ထားဖူးလေသည်။ ထို့ကြောင့် "ပဟီနကိလေသာ, သေသကိလေသာတို့ကို တချို့ပုဂ္ဂိုလ် ဆင်ခြင်နိုင်၍ တချို့ မဆင်ခြင်နိုင်" ဟူသော စကား၌ အယူအဆ တူမျှပေ၏။
#မဂ်ဖိုလ်နိဗ္ဗာန်ဆင်ခြင်မှု
"မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန် ဆင်ခြင်ကြသည်" ဟု တစ်ထစ်ချ ဆိုအပ် သော စကား၌ကား အယူအဆ မတူကြပေ။
"သာ ပန န သဗ္ဗေသံ ပရိပုဏ္ဏာ ဟောတိ၊ ဧကော ဟိ ပဟီန ကိလေသမေဝ ပစ္စဝေက္ခတိ, ဧကော အဝသိဋ္ဌကိလေသမေဝ, ဧကော ဖလမေဝ, ဧကော နိဗ္ဗာနမေဝ၊ ဣမာသု ပန ပဉ္စသု ပစ္စဝေက္ခဏာသု ဧကာ ဝါ ဒွေ ဝါ နော လဒ္ဓုံ န ဝ?တိ" ဟူသော စူဠဒုက္ခက္ခန္ဓ သုတ္တဋ္ဌကထာအလိုမှာ "ပစ္စဝေက္ခဏာဝီထိ ငါးမျိုးတွင် တစ်မျိုးဖြစ်စေ, နှစ်မျိုးဖြစ်စေ ဧကန်ရမည်၊ သို့သော် မည်သည့်ဝီထိဟု အတိအကျ မဟုတ်, တချို့ပုဂ္ဂိုလ်က ပဟီနကိလေသာကိုသာ ဆင်ခြင်၍ တချို့က အဝသိဋ္ဌကိလေသာ, တချို့က မဂ်ဖိုလ်နိဗ္ဗာန်တွင် သင့်ရာတစ်မျိုးမျိုးကိုဖြစ်စေ နှစ်မျိုးဖြစ်စေ သုံးမျိုးလုံးဖြစ်စေ ဆင်ခြင်မည်" ဟု ဆိုလိုသည်။ ထို့ပြင် သင်္ဂြိုဟ်၌ "မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ" စသည်ဖြင့် မဂ္ဂပစ္စဝေက္ခဏာကို ရှေးဦးစွာ ပြသော်လည်း ယခင်အဋ္ဌကထာ၌ ပဟီနကိလေသပစ္စဝေက္ခဏာကို ရှေးဦးစွာ ပြသောကြောင့် ထိုမဂ်ဖိုလ်စသော အာရုံ(၅)မျိုးတွင် အလိုရှိသလို ရှေ့နောက်စဉ်၍ ဆင်ခြင်ကြပေလိမ့်မည်။ ဤသို့လျှင် သောတာပတ္တိမဂ်ရပြီးနောက် (၅)ဝီထိစီ, အရဟတ္တမဂ်ရပြီးနောက် (၅)ဝီထိ, သကဒါဂါမိမဂ် အနာဂါမိမဂ် ရပြီးနောက်(၅)ဝီထိစီ, အရဟတ္တမဂ်ရပြီးနောက် (သေသကိလေသာကို ဆင်ခြင်ဖွယ် မလိုသောကြောင့်) (၄)ဝီထိ, အားလုံးပေါင်းလျှင် ပစ္စဝေက္ခဏာ ဝီထိ အမျိုးအစား (၁၉)ပါး ရနိုင်သည်။
(သင်္ဂြိုဟ်ဘာသာဋီကာ)
မင်္ဂလာပါနော်
🌷🌷🌷
တချို့သူတွေ ပြောနေကြတာ တွေ့ရမြင်ရပါတယ်။ fb ပေါ် ဓမ္မစာပေတွေ တင်တဲ့အပေါ် ဝေဖန်ထိုးနက် ကြတာလေးတွေပေါ့။
ထိုးနက်ပုံလေးတွေက -
အပြင်မှာပြောရဟောရမယ့်သူမရှိတော့ line ပေါ်တက်တာနဲ့ အသကုန်စွတ်ပြောတော့တာပဲ။ မိမိကိုယ်တိုင် အားမထုတ်ဘဲ ပြောတယ်။ ကိုယ်ပိုင်အသိနဲ့ တရားတစ်ပုဒ်လောက်တောင် မရေးနိုင်ဘဲ အဲ့စာထဲကကို စာထဲကအသိကနေကို ဖောက်ထွက်ပြီး မရေးနိုင်သေးဘူး။ ကိုယ်ပိုင်ဓမ္မသိမဟုတ်ဘဲ ကူးချလာပြီး အလွတ်ကျက်လာပြီး လာပြောတယ် လာရေးတယ်။ စာအုပ်ကြည့်ပြီး ငါတို့လည်း ရေးနိုင်တယ်။
စသဖြင့်ပေါ့လေ....
အဲလိုဝေဖန်တဲ့ ပုဂ္ဂိုလ်တွေ သိထားသင့်တာက ..
ဟုတ်ပါတယ် ဓမ္မစာပေလေ့လာသူအတွက် အပြင်မှာ အပေါင်းသင်းလုပ်ချင်သူ သိပ်မရှိပါဘူး။ မရှိဘူးဆိုတာ ကိုယ်က သွားမပေါင်းတာ။ ဝါသနာမတူရင် မေးထူးခေါ်ပြောထက် မပိုဘူး။ ဝါသနာတူတွေကလွဲရင် တရားအကြောင်း ဆွေးနွေးပညာယူရမယ့်သူက သိပ်မရှိသလို၊ ထင်ရာလူကို တရားအကြောင်းပြောမိပြန်ရင်လည်း ကိုယ့်တောင် ရူးနေသလားဆိုပြီး ငေါ့တာထစ်တာ စသဖြင့် ခံရတာတွေရှိတယ်။
online မှာတော့ ဝါသနာတူတွေချင်း တွေ့ဆုံ မိတ်ဖွဲ့ ဆွေးနွေးတော့ ပညာလည်းရသလို ကိုယ်သိတာလည်း မျှဝေခွင့်ရတယ်။ အဓမ္မတရားတွေကို အကြိုက်ဆောင်ပြီး မထောက်ခံတိုင်း မာန်ရစ်တယ် အပြောကြမ်းတယ် တရားသမားမပီသဘူးဆိုတဲ့ အတွေးအထင်မျိုးနဲ့တော့ တယူမသန်ကြပါနဲ့။ ကောင်းတဲ့ဘက်က တွေးယူကြည့်ပါ။
ကိုယ်တိုင်အားထုတ်ခြင်းမရှိဘဲ တရားအကြောင်း မပြောရ မဟောရဘူးလို့ ဘုရားရှင် မိန့်မှာထားခဲ့တာမျိုး မရှိပါဘူး။ ပရိယတ်ဆောင် ပုဂ္ဂိုလ်တွေကို ဗုဒ္ဓအငယ်စားလို့တောင် ရှေးခေတ်ပညာရှိများ ပြောစမှတ်ပြုကြတာကို သတိထားစေချင်တယ်။ ပရိယတ်မရှိရင် သာသနာဆိုတာ ဘယ်လိုမှကြာကြာရပ်တည်နိုင်စွမ်းမရှိဘူး။ အားမထုတ်ဘဲဆိုတဲ့စကားမျိုးနဲ့တော့ မဝေဖန်တာက ပိုကာင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ်က အတူနေကြတာလည်းမဟုတ်သလို ကိုယ့်ရဲ့လုပ်ရပ်တိုင်းကိုလည်း သူမသိနိုင်ဘူး။ သူတစ်ပါးစိတ်ကို သိနိုင်တဲ့ စေတောပရိယအဘိညာဉ်လည်း ရှိကြမယ်မထင်ဘူး။ ဒါက တစ်ပိုင်း။
နောက်တစ်ချက်အရေးကြီးတာက -
အဓမ္မဝါဒီတွေပဲ စာကောင်းကောင်း မလေ့လာခဲ့တာများပါတယ်။ သုတကနည်း ပိဋကဆို ဉာဏ်က လိုက်မမှီတော့ စာတွေပါကွာဆိုပြီး အထင်ကိုမကြီးကြတာများတယ်။ တချို့အဓမ္မတွေကျတော့ စာတော့တတ်ကြပါရဲ့ ဗုဒ္ဓတရားကို ရှင်းလင်းအောင်နားမလည်ကြတော့ ကိုယ်ထင်ရာတွေးပြီး ဆွဲယူလိုက်တော့ ဓမ္မဘောင်နဲ့လွဲချော်ပြီး အဓမ္မအသွင်ဆောင်သွားကြတာ ယနေ့ခေတ်မှာလည်း တွေ့မြင်နေရပါတယ်။ တချို့ပုဂ္ဂိုလ်တွေကကျတော့ မစိုစလောက် တရားလေးနာယူ တရားစခန်းလေးဝင် မိမိကိုယ်ကို အရိယာဖြစ်ပြီ မဂ်ဖိုလ်ရပြီ အထင်နဲ့ ဘဝင်လေဟပ်ပြီး မိမိကိုယ်တွေ့တရားပုံစံမျိုးနဲ့ လျှောက်ရေးပြီး လူအထင်ကြီးအောင် လုပ်တတ်ကြပါသေးတယ်။ ပရိယတ်ကို စည်းစနစ်ကျကျ လေ့လာသင်ယူဖူးထားသူတွေအမြင်မှာတော့ ပြောသမျှ အမှား ရေးသမျှ ပေါက်ကရ တွေးထင်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေတယ်ဆိုတာ ထိုပုဂ္ဂိုလ်များ သိမယ်မထင်ကြပါဘူး။ ဒါတောင် သဘောကောင်းသလိုလိုနဲ့ ဟန်တခွဲသားထုတ်ပြီး ပြောတတ်ကြပါသေးတယ်၊ မှားရင် ပြင်ပေးပါတဲ့.. အေးချမ်းကြပါစေတဲ့။ ပြောတဲ့အတိုင်း ပြင်ပေးပြန်တော့ မကြိုက်ချင် မနာခံချင် သဘောမကျချင် ရှေ့စကားနောက်စကား မညီတာတွေက social networkတွေမှာ အများကြီးရှိပါတယ်။ မှားတဲ့ အရာတိုင်းသာ ထုံးလေး တို့တို့ထားရရင် ထုံးအိုးတစ်အိုးစာလောက် ဖြစ်လာမယ်ထင်တယ်။
သိထားဖို့က မိမိဘာသာ ဘာပဲဖြစ်နေနေ ပိဋကတော် အဋ္ဌကထာ ဋီကာနှင့် ခိုင်မာသော ကျမ်းစာအဖွင့် ခိုင်မာသောထေရဝါဒဆရာတော်များ၏ ကျမ်းများမှ အတွေးအခေါ် အယူအဆများကို တိုက်ရိုက်သာ ကူးပေး တင်ပြပေးရင် မှားစရာကို မရှိပါဘူး။ အဲ့ဒီအပေါ်မှာ နားမလည်ရင် နားလည်အောင် သင်ယူသင့်တယ်။ ကိုယ်နားမလည်တိုင်း မသိတိုင်း စာတွေပါဆိုပြီး လုံးချတာ ရောချတာ ဓမ္မန္တရာယ်သင့်နိုင်တယ်ဆိုတာ အမြဲသတိပြုသင့်တယ်။ မိမိအတွေးအထင်နဲ့ ရေးနေဟောနေတဲ့စာတွေထဲ အမှား ၉၀% လောက်ရှိနိုင်တယ်ဆိုတာ အမြဲသတိပြုသင့်တယ်။
ဝေနေယျသတ္တဝါတွေအတွက် မြတ်ဗုဒ္ဓ ဟောကြားထားခဲ့တာ အများကြီးရှိပါတယ်။ လူတတ်ကြီးလုပ်ပြီး နာမည်ကြီးချင်တာတစ်ခုအတွက်နဲ့ စကားလုံးအသစ်ထွင်စရာမလိုပါဘူး။ ထွင်ဟောရင်လည်း မိမိတရားပဲဖြစ်ပါလိမ့်မယ် ဗုဒ္ဓတရားတော့ တသက်လုံးဖြစ်လာမှာမဟုတ်ပါဘူး။ ဘုရားဟောသာမှန်ကန်ရင် copy pastချပေးပြီး မျှဝေပေးရင်တောင် မဟာကုသိုလ်ရပါတယ်။ မှားစရာအကြောင်းလည်း မရှိတော့ပါဘူး။ မိမိရဲ့မပြည့်စုံတဲ့ အသိမှားကို မထောက်ခံကြတိုင်း ပိဋကတ်တော်နဲ့ အမှားထောက်ပြ ဝေဖန်ကြသူတွေကို မပြစ်မှားသင့်ပါဘူး။ ပိဋကနဲ့မညီရင် ဝေဖန်တဲ့သူက ဝေဖန်နေဦးမှာပါပဲ။ အဝေဖန်မခံနိုင်ရင် မရေးတာကောင်းတယ် မဟောတာကောင်းတယ် အန္တရာယ်လည်းကင်းတယ်။ ရေးချင် ဟောချင်ရင်လည်း ဗုဒ္ဓတရားနဲ့အညီရေးသင့်တယ်။
တရားဆုံးဖြတ်ရာ၌ စတုဗ္ဗိဓဝိနယခေါ် မဟာပဒေသ လေးပါးတို့တွင် သုတ္တခေါ် ပါဠိတော်ကို၎င်း၊ ယင်းပါဠိတော်နှင့်လျော်သော ဒေသနာတော်များကို၎င်း၊ ယင်းပါဠိတော် စသည်တို့နှင့် ဆုံးဖြတ်ထားသော ဝိနိစ္ဆယကို၎င်း မည်သူမျှ ပယ်ခြင်းငှါ လုံးဝမထိုက်၊ မည်သူမျှ မပယ်အပ်၊ မပယ်ကောင်းပါ။
ရဟန်းရှင်လူအားလုံးလက်ခံလိုက်နာရ၏။ ပရိယာယ်ဝေဝုစ်ဖြင့် ဉာဏ်ထုတ်ဖယ်ရှား တားမြစ်အံ့သောငှါ မစွမ်းနိုင်၊ ယင်း ထေရဝါဒ ပါဠိပိဋကတ်တော်များကို အကယ်၍ ပယ်လျှင် မြတ်စွာဘုရားကို ပယ်သည်မည်၏။
လူတစ်ယောက်လုံးကိုသတ်ထားသော သူသော်မှလည်း ငြင်းဆိုမြဲဖြစ်ကြ၏။ သူငြင်းဆိုစေကာ အပြစ်ကား အပြစ်ပင်၊ ငြင်းဆိုသည့်အတွက် မလွတ်သည့်အပြင် မလေးစားမှုအတွက် အပြစ်ပိုလာ၏ ဟူလို။
ထို့ကြောင့်-
တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ-ဟူ၍ မိန့်တော်မူ၏။
(ဒီဃနိကာယ် သုတ်မဟာဝါအဋ္ဌကထာ-၁၅၈)
(မဟာဝဂ္ဂအဋ္ဌကထာ-၁၅၇)
#အနက်ကား
တတ္ထ၊ ထိုလေးပါးတို့တွင် သုတ္တံ- ပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို၊ အပ္ပဋိဗာဟိယံ- မတားမြစ်အပ်၊ တံ- ထိုပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို၊ ပဋိဗာဟန္တေန- တားမြစ်သော ရဟန်းရှင်လူသည်၊ ဗုဒ္ဓေါဝ- မြတ်စွာဘုရားကိုသာလျှင်၊ ပဋိဗာဟိတော- တားမြစ်အပ်သည် မည်သည်၊ ဟောတိ- ဖြစ်၏။
ဝါဒအမှားသို့ မလိုက်မိဖို့ များစွာအရေးကြီးလှပေသည်။ လောကပြစ်လည်း ဆိုးဝါး လောကုတ္တရာပြစ်လည်း ဆိုးဝါးပါသည်။
သူခိုးငါးဦး သေရင် ငရဲ
🌀🌀🌀🌀🌀
၁။ တပည့်ရာထောင်ခြံရံ၍ လူ ရှင် ရဟန်းတို့၏ ရိုသေမြတ်နိုး ပူဇော်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရသည်ဖြစ်၍ ရွာ နိဂုံး မင်းနေပြည်တော်တို့၌ ဒေသစာရီလှည့်လည်နေသော (သီလဝန္တအယောင်ဆောင်) ရဟန်းယုတ်။
၂။ ဘုရားရှင် ဟောကြားထားသော သုတ် ဝိနည်း အဘိဓမ္မာ ဒေသနာတော်များကို သင်ယူ၍ ကိုယ်ပိုင်(မိမိကိုယ်တွေ့) ပြုသော ရဟန်းယုတ်၊၊
၃။ စင်ကြယ်သော အကျင့်ရှိသည် ဖြစ်၍ မြတ်သောအကျင့်ကို ကျင့်ကြံ ကျိုးကုတ် အားထုတ်နေသော သီတင်းသုံးဖော်ရဟန်းအား အခြေအမြစ်မရှိသော မမြတ်သော မေထုန် အမှုဖြင့် စွပ်စွဲသော ရဟန်းယုတ်၊၊
၅။ သံဃာပိုင်ဖြစ်သော ကျောင်း, ကျောင်းမြေရာ စသော ဂရုဘဏ်ပစ္စည်းတို့ဖြင့် လူတို့အား ပေးကမ်းချီးမြှောက်၍ ဖြားယောင်းသော (ဆွေမျိုးတို့အားပေးသော) ရဟန်းယုတ်၊၊
၅။ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား မိမိသန္တာန်၌ ထင်ရှားမရှိသော လူတို့၏ ကုသလ ကမ္မပထတရား ဆယ်ပါးထက် မြတ်သော ဈာန်, မဂ်, ဖိုလ် တရားတို့ကို မိမိသန္တာန်၌ ရှိ၏, ဈာန်ရ၏, မဂ်ရ၏, ဖိုလ်ရ၏ဟု လိမ်ညာ ဝါကြွား၍ ပြောကြားသော အဆိုးဆုံး အကြီးဆုံး ရဟန်းယုတ်။
(ဝိ။၁။၁၅၅)
ကိုအောင်အောင်ဇော် အရေးအသားအား ပြင်ဆင်ဖြည့်စွက် ရေးသားသည်။