Come back Stronger

Words
205
Reading
1 min
Listen
Play
3M

ဒီရာသီမှာ European Final သို့ England club ၃ သင်း အထိ တက်လှမ်းခဲ့ကြ၏။ ၃ သင်းလုံး ဗိုလ်စွဲနိုင်ဖို့ အခွင့်အလန်းကောင်းတွေ ရှိခဲ့၏။ ၂ သင်းကတော့ ချန်ပီယံ ဖြစ်ခဲ့၏။ Europa မှာ Aston Villa, Conference မှာ Crystal Palace တို့ ဖြစ်ကြ၏။ UCL မှာသာ Arsenal ဗိုလ်စွဲခဲ့ရင် အင်္ဂလန် ၃ သုံးလုံး ချန်ပီယံ ဖြစ်သည်ဆိုသည့် မှတ်တမ်းကို ရရှိမှာ ဖြစ်၏။ သို့ပေမဲ့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။

Arsenal ဂိုးစ ရရင် Arsenal နိုင်ပြီ ဆိုသည့်အတိုင်း ပွဲအစ ၆ မိနစ်မှာတင် Arsenal တို့ ဂိုး စတင် ရရှိခဲ့၏။ ထို့နောက် ခံစစ်ကိုသာ အားပြုပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစား၏။ ပွဲချိန် အများစုကို PSG က စိုးမိုးထားတယ် ဆိုပေမဲ့ Arsenal ခံစစ်ကို သူတို့ ထိုးဖောက်နိုင်ခြင်း မရှိပေ။ တချက် တချက် Arsenal ၏ တန်ပြန် တိုက်စစ်ကိုလည်း သတိထားနေရသေး၏။ PSG တို့ တောက်လျောက် ဖိအားပေး ကစားနေရင်း ၆၅ မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။

ထို့နောက်မှာလည်း PSG ကသာ ပွဲကို စိုးမိုးထားပြီး Arsenal တို့က တန်ပြန် တိုက်စစ်နဲ့သာ ကစား၏။ တိုက်စစ် အားကောင်းသည့် အသင်းမို့ ခံစစ်နဲ့ တုန့်ပြန် ကစားတာ မှန်ပေမဲ့ PSG ၏ အဓိက ကစားသမားတွေကို လူစားလဲလိုက်ချိန်မှာ Arsenal တို့ အနေဖြင့် ခံစစ် အစား တိုက်စစ် ပြန်ဖွင့်သင့်၏။ PSG နောက်တန်းက သိပ်အကောင်းကြီး မဟုတ်ပေ။ တချက် တချက် Arsenal ၏ ထိုးဖောက်မှုကို အသဲအသန် ကာကွယ်နေရတာတွေလည်း ရှိ၏။ ဒါကို Arsenal နည်းပြက ဘာလို့များ တိုက်စစ်ကို ပြောင်းပြီး မကစားခဲ့လေသလဲပေါ့။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကံတရားနဲ့လည်း သက်ဆိုင်သွားခဲ့လေပြီ။ နောက်ဆုံး ပင်နယ်တီကို CB ကစားသမား တယောက်ကို သွင်းဖို့ ရွေးချယ်ခဲ့တာကလည်း ဘာလို့လဲပေါ့။ အမှန်တော့ ဘယ်သူ ကန်ကန် ဝင်မယ့်ဂိုးက ဝင်မှာပဲ ဆိုပေမဲ့ အရေးကြီးသည့် အဆုံးအဖြတ် ဂိုးမျိုးကိုက သေချာသည့် ကစားသမားကို ပိုပြီး သွင်းယူစေသင့်သည် မဟုတ်လား။ PSG ဂိုးသမား ပုတ်ထုတ်ကာကွယ်သွားရတာမျိုး မဟုတ်ဘဲ Arsenal ကစားသမားကကို လွဲအောင် ကန်သွားခြင်း ဖြစ်လေ၏။

နှစ်ပေါင်း ၂၀ ကြာ ဇာတ်လမ်းက အရင်လိုပဲ ဇာတ်သိမ်းသွားခဲ့၏။ မပြီးသေးသော ပန်းချီကားက ဆက်လက်၍ ရှိနေဆဲ။ Arsenal အနေဖြင့် မတူညီသော ဇာတ်သိမ်း တနည်းအားဖြင့် ပျော်စရာ အဆုံးသတ် ဇာတ်လမ်း၊ အပြီးသတ် ဆေးခြယ်ဖို့ ကျန်ရှိနေသည့် ပန်းချီကားတို့ကို တချိန်မှာ အကောင်းဆုံး ပုံဖော်နိုင်ပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။

(photos from UCL page)