လူညီရင် ဤ ကို ကျွဲဖတ်လို့ ရသတဲ့ ။ တစ်ကယ်ရသလားဆိုတော့ တစ်ကယ်လဲ ရပါတယ် ။ ကျွှန်တော်တို့ဟာ မြန်မာစာကို ဖျက်ဆီးနေမိသလား ? ဒါမှမဟုတ်မဟုတ် ကျွှန်တော်တို့ထက် ယခင် ကတည်းက တစ်စတစ်စ ပျက်စီးမှုများရှိခဲ့သလား ? ကျွှန်တော့ အထင်ပြောရလျှင်တော့ စာပေပိုင်းမှာ ထိခိုက်မှု သိပ်မရှိလှပါ ။ စကားပြောပိုင်းမှာ ဆိုလျှင်တော့ အနည်းငယ် ထိခိုက်ခဲ့နိုင်ပါသည် ။ ရေးတော့အမှန် ဖတ်တော့ အသံဆိုတာလဲ ရှိသကိုး ။
ထိုသို့ဆိုလျှင် ကျွှန်တော်တို့ စာရေးခြင်းနှင့် စကားပြောခြင်းကို ခွဲခြားရပါလိမ့်မည် ။ ရှေးယခင်က စာရေးခြင်းသည် စကားပြောခြင်းမဟုတ်ပဲ ရှိကောင်းရှိပါလိမ့်မည် ။ ယနေ့ခေတ် အချိန်များမှာတော့ စကားပြောခြင်းနှင့် စာရေးခြင်းတို့မှာ ပူးတွဲလာပါသည် ။ chatting , message အစရှိသည်တို့တွင် စကားပြောနေသော်လည်း စာဖြင့်သာ ရိုက်ရသည် ။ ထို့ပြင် စကားပြောအတိုင်းသာ ရိုက်သည် ။ ထို့ကြောင့် စာနှင့်စကားတို့ ရောလာသည် ထင်ပါသည် ။ ကျွှန်တော်လဲ စာရေးလျှင်စကားပြောများနှင့် ရောနေဆဲ ဖြစ်ပါသည် ။
တစ်ခါက နေရာမျိုးစုံက ရောက်ရှိလာသူများ တစ်နေရာတွင် ဆုံကြရင်း ရင်းနီးလာရာ အတူတူ ချက်ပြုတ်စားသောက်ဖြစ်ကြသည် ။ နံနက်ခင်းတစ်ခုတွင် အကိုတစ်ယောက်မှ " ဒီနေ့ ဘာချက်စားရမန်း မသိလို့ ပဲတောင့်ရှည် ဝယ်လာတယ် " ဟုဆိုပါသည် ။ နောက်တစ်ယောက်မှ " ပဲတောင့်ရှည်ဆိုလို့ ဘာများလဲလို့ ဘုံလုံသီးကြီးကိုး " တဲ့ ။ ထိုသို့ပြောနေရင်း အိပ်ချင်မူးတူး ထလာသူတစ်ယောက်မှ " ဘာသီးကိုများ အသဲအသန် ငြင်းနေကြတာလဲလို့ ပဲရှည်သီးကြီးကို ကျွှန်တော်တို့ဆီမှာတော့ ပဲရှည်သီးလို့ ခေါ်တာ " တဲ့လေ ။ " အသီးတစ်မျိုးထဲကို နာမည်တွေ အများကြီးပါလား ကျန်သေးတယ် ကျွှန်တော်တို့ကတော့ ပဲလင်းမြွှေလို့ခေါ်တာ " ဟုကျွှန်တော်လဲ ဆက်ပြောလိုက်သည် ။ အခေါ်တူသော ဒေသများ ရှိသော်လည်း အခေါ် ကွဲပြားမှုမှာ အများအပြား ရှိကြသည် ။ ထိုသို့ဆိုလျှင် လူညီလျှင် ဤ ကို ကျွဲဖတ်လို့ တစ်ကယ်ရလောက်ပါသည် ။
ကျွှန်တော်ငယ်ငယ်က စကားသိပ်မတတ်သေးခင် အခေါ်အသစ်တစ်မျိုးကို မှတ်သားရမည်ထက် စိတ်ကြိုက် နာမည် တစ်ခုမည့်ခေါ်ပေးလိုက်သည်က လွယ်သည်ဟု အထင်ရှိခဲ့သည်လားမသိ ဖယောင်းတိုင်ကို တိုထွာဟု ခေါ်ခဲ့သည် ။ ရုန်းပတီသီးကို အာစီးသီး ဟုခေါ်ခဲ့သည် အစရှိသဖြင့် နာမည် အသစ်တွေ စိတ်ထဲတွေ့ရာ ပေးခဲ့မိသည် ။ သူတို့နာမည် အသစ်တွေ ရကုန်ကြသည် ။ အိမ်မှ မိသားစုများနှင့် အနီးနား လူအချို့ နားလည်ကြသည် ။ ကောင်မလေးကို စော်ဟု ခေါ်ကြသည် ။ ယောကျ်ားလေးကို ဘဲဟု ခေါ်သည် ။ တစ်နိုင်ငံလုံးနီးပါး နားလည်ကြသည် ။
ယနေ့ခေတ်ပေါ်ပစ္စည်း အများစုတွင် မြန်မာ အမည် မရှိကြပါ ။ ကော်ဖီသည်ပင် မြန်မာအမည်မဟုတ် ။ စက် ကဲ့သို့သော ပါဋ္ဌိမှ မွေးစားခြင်းကတော့ အဆင်ပြေသည် ထင်ပါသည် ။ ယခင်ကတည်းက မြန်မာစာသည်လည်း အိန္ဒိယမှတစ်ဆင့် မွန်မှတစ်ဆင့် ရယူတီထွင်ခဲ့သည်ဟု မှတ်သားဖူးပါသည် (မှားသည်မှန်သည် သေချာမသိ ) ။ တစ်ကယ်တမ်း မြန်မာဘာသာတွင် မြန်မာမဟုတ်ဖဲ အသုံးများသော စကားလုံးများမှာ အင်္ဂလိပ်စကားလုံးများသာဖြစ်ပါသည် ။ ထိုသို့ဖြစ်လာခြင်းအား ကျွှန်တော့အနေဖြင့်တော့ သိပ်မကျေနပ် ။ အက်စစ် ကို ငရဲမီးဟု ခေါ်ခဲ့ကြသည် ။ ရုတ်တစ်ရက် ငရဲမီး တစ်ခွက်လောက်ဟု ဆိုလျှင် ငရဲတွင်လောင်နေသော မီးမဟုတ်ပဲ အက်စစ်ကို ဆိုလိုမန်း သိသာပါသည် ။ သိပ်တော့မဆိုးလှ ။
မြန်မာစာလုံးများပေါင်းဖက်ပြီး လူသုံးမရှိသော အသံထွက်များမှာ များစွာပင် ကျန်ရှိနေသေးသည် ။ ထိုသို့ အသစ်များပေးကြလျှင် မြန်မာစာ မြန်မာစကား ဝေါဟာရများ ပိုမိုများပြား လာကာ အဆင်ပေမည်လား စဉ်းစားမိပါသည် ။ တစ်ခုတော့ ရှိပါသည် ။ လူတော့ညီရမည် ။ bluetooth ကို နွ ဟု ခေါ်မည်ဟု သတ်မှတ်မည်ဆိုလျှင် တစ်နိုင်ငံလုံးနီးပါး ညီညီညာညာ သတ်မှတ်ကြမှ ရပါမည် ။ ဖုန်ရှူလိုက်ဆိုသည်မျိုးပင် တစ်မျိုးသားလုံး အတော်တွင်ကျယ်စွာ အသုံးပြုနိုင်ကြလျှင် ညီညီညာညာ စကားလုံးအသစ်များဖန်တီးကြလျှင် ကောင်းမည်လား ? အင်္ဂလိပ်စကားလုံးများ ကြားညှပ်ရေးရခြင်းမှတော့ ကင်းဝေးလာမည် ထင်မိပါသည် ။ နောင်အခါများ မိမိတို့မှာ အဆင့်မြင့် ပစ္စည်းများကို မြန်မာပညာရှင်တို့ ဖန်တီးပြီး မြန်မာလိုပင် သုံးကြလျှင် ဖုန်းထဲမှာ အစအဆုံး မြန်မာလို အသုံးအနှုံးနှင့် အဆင်ပြေပြေသုံးနိုင်ဖို့ဆိုလျှင် မြန်မာစကားလုံး အသစ်များစွာ လိုအပ်မည် ထင်ပါသည် ။