နှစ်ပေါင်း ၂ဝ ကျော်သက်တမ်း ရှိပြီဖြစ်တဲ့ ချန်ပီယံလိဂ် မူပိုင်တေးသီချင်း
ဥရောပချန်ပီယံလိဂ်ဘောလုံးပွဲစဉ်တွေ ကြည့်ရှုတိုင်း အသင်းတွေ ၊ ကစားသမားတွေရဲ့ ခြေစွမ်းအပြင် တခြားသတိပြုစရာအရာတစ်ခုရှိတယ်ဆိုတာ ပရိသတ်တွေ သိကြမှာပါနော်။
မျက်လုံးနဲ့ မမြင်ရသေးပဲ အသံကြားတာနဲ့ ဒါချန်ပီယံလိဂ်ပဲလို့ တန်းသိနိုင်တဲ့ အရာတစ်ခုပေါ့။ ပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့ အသင်းတွေ ၊ ကစားသမားတွေ ဘယ်လိုပဲ ပြောင်းပြောင်း ဒီအရာကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။
ဒါကတော့ ချန်ပီယံလိဂ်ရဲ့ မူပိုင်တေးသီချင်းပါပဲ။ ချန်ပီယံလိဂ်ဘောလုံးပွဲတွေ ကြည့်ရှုသူတိုင်း ဒီသီချင်းကို နားထဲစွဲနေကြမှာပါ။ သာယာတဲ့တူရိယာလေးနဲ့ တီးခတ်ထားတဲ့ ဒီတေးသီချင်းကို ကြားတိုင်းချန်ပီယံလိဂ် ယှဉ်ပြိုင်ကစားမှုတွေကို မြင်ယောင်လာစေသလို ညသန်းခေါင်ထပြီး ဘောလုံးပွဲကြည့်ရှုရတဲ့ အလေ့အထကိုလည်း ပြန်မြင်ယောင်လာစေပါတယ်။
ဒီတေးသီချင်းကို ဗြိတိန်လူမျိုးတေးရေးဆရာ Tony Britten က ရေးစပ်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ် နိုဝင်ဘာလက စတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မူပိုင်တေးသီချင်းအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။ လန်ဒန်မြို့မှာရှိတဲ့ Royal Philharmonic Orchestra တေးဂီတအဖွဲ့က တီးခတ်ပေးထားတာဖြစ်ပြီး စိန့်မာတင်အကယ်ဒမီက သင်တန်းသားတွေက သီဆိုပေးထားတာဖြစ်ပါတယ်။ သီချင်းကို အင်္ဂလိပ် ၊ ဂျာမန် ၊ ပြင်သစ်စတဲ့ ဘာသာစကား ၃ မျိုးနဲ့ ရေးစပ်ထားပြီး ချန်ပီယံလိဂ်ပွဲစဉ်တိုင်း မစတင်ခင် ဖွင့်လှစ်လေ့ရှိသလို ရုပ်သံထုတ်လွှင့်မှုအပြီးမှာလည်း တေးသီချင်းကို တင်ဆက်လေ့ရှိပါတယ်။ သီချင်းအပြည့်အစုံက ၃ မိနစ်ခန့်ကြာမြင့်ပြီး တိုတောင်းတဲ့စာသားတို ၂ ပိုဒ်နဲ့ ခိုးရပ်စ်အပိုဒ်တို့ ပါဝင်ပါတယ်။
ဒီတေးသီချင်းကို ချန်ပီယံလိဂ်ဖိုင်နယ်တွေတိုင်းမှာလည်း show အနေနဲ့ သီဆိုဖျော်ဖြေလေ့ရှိပြီး ဖိုင်နယ်ပွဲကျင်းပတဲ့ နိုင်ငံအလိုက် ဘာသာပြောင်းလဲသီဆိုကြလေ့ရှိပါတယ်။ သီချင်းရဲ့ သံစဉ်ကိုတော့ ပြောင်းလဲခြင်းမရှိပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တေးသီချင်းကတော့ မရိုးသွားပဲ ခံစားမှုရသတွေ ပေးစွမ်းနေဆဲဖြစ်ပါတယ်။
၃ မိနစ်နီးပါးရှိတဲ့ ချန်ပီယံလိဂ်တေးသီချင်းအပြည့်အစုံကို အောက်ဖော်ပြပါလင့်မှာ ၀င်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။