မင်္ဂလာပါဗျ။ အားလုံးကျန်းမာနေကောင်းကြမယ်ထင်ပါတယ်ဗျ။ ကျွန်တော်ကတော့ နေသိပ်မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ ခုတော့ တော်တော်သက်သာနေပါပီ။ ရာသီဥတုကတော့ မိုးအုံ့နေပါတယ်ဗျ။ နေ့လည်ဘက် အပြင်အလုပ်လုပ်နေသူတွေအတွက်တော့ နေသာထိုင်သာရှိတဲ့ရသီဥတုပေါ့ဗျ။ အရင်ရက်တွေကဆိုရင် နေပူပူထဲမှာ သွားလာနေသူတွေကိုကြည့်ပီး သူတို့နဲ့ထပ်တူပင်ပန်းမိပါတယ်။ ရာသီဥတုပူတော့ ရေများများသောက်ပီးအလုပ်လုပ်စေချင်ပါတယ်။ ကျန်းမာရေးကိုဂရုစိုက်စေချင်တာပါ။ နွေရာသီမှာအလုပ်လုပ်သူတွေကတော့ အရမ်းပင်ပန်းနေကြမှာပါ။ တောင်သူလယ်သမားကြီးတွေဆို ပိုပင်ပန်းကြပါသေးတယ်။ စာရေးနေရင်း ကျွန်တော်ငယ်ငယ်က ရွာမှာနေခဲ့တာကိုသတိရလာတယ်ဗျ။ အဲ့ဒါနဲ့ပဲ ရွာကအကြောင်းရေးမယ်နော်။
ကျွန်တော်နေတာက ရန်ကုန်တိုင်း၊ ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာမှာဖြစ်ပါတယ်ဗျ။ တစ်ရွာလုံးနီးပါးက ကရင်တိုင်းရင်သားများဖြစ်ကြပါတယ်။ အားလုံးနီးပါးလည်း ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါတယ်။ ကုလားလူမျိုးများလည်းရှိပါတယ်။ ကုလားလူမျိုးများထဲမှ ခရစ်ယာန်ဘာသာဝင်နဲ့ ပုဏ္ဏားများရှိကြပါတယ်။ သူတို့ကကျတော့ ကလားစကားရော ကရင်စကားရော ပြောတတ်ကြတယ်ဗျ။ ကျွန်တော်တို့ကတော့ ကရင်စကားပဲပြောတတ်ပါတယ်ဗျ။ ရွာကလေးကတော့ မကြီးပါဘူး။ ရွာလယ်မှာတော့ ခရစ်ယာန်ဘုရားကျောင်းကြီးတည်ရှိပါတယ်။ ဘုရားကျောင်းကြီးရဲ့ မြောက်ဘက်အခြမ်း ကို ရွာရဲ့ အထက်ပိုင်းလို့ခေါ်ကြပီး တောင်ဘက်ခြမ်းကိုတော့ ရွာရဲ့ အောက်ပိုင်းလို့ခေါ်ဆိုကြပါတယ်။ ရွာသူရွာသားများ ရဲ့ အဓိက အသက်မွေးတဲ့ပညာရပ်ကတော့ လယ်စိုက်ပျိုးတာတွေ၊ ပဲစိုက်ပျိုးတာတွေနဲ့ အခြားသီးနှံတွေ၊ ငါးဖမ်းတာတွေ နဲ့ လယ်ကွင်းထဲမှ လယ်ကြွက်များ ထောင်ဖမ်းခြင်းတွေ ငှက်များ ထောင်ဖမ်းခြင်းတွေနဲ့ အသက်မွေးကြပါတယ်။
အဲ့ဒီ အသက်မွေးဝမ်းကျောင်းတာတွေကို ကျွန်တော်အကုန်နီးပါး လုပ်ခဲ့ဖူးပါတယ်ဗျ။ ငယ်ငယ်တုန်းကပါ။ ခုတော့ မလုပ်တတ်တော့ပါဘူးဗျ။ ငယ်ငယ်တုန်းကဆိုတာ ၇တန်း နဲ့ ၈တန်းပါ။ အဲ့ဒီ ၂တန်းမှာ ကျွန်တော်ရွာမှာ ကျောင်းပြန်တက်ခဲ့ပါတယ်။ အဲ့ဒီ ၂ နှစ်ကြောင့်လည်း ကရင်စကားကို ပြောတတ်လာခဲ့ပါတယ်။ အရင်ကဆိုရင် မြို့တွေ တစ်မြို့ပီး တစ်မြို့ပြောင်းနေတာကြောင့် ရွာကို မပြန်ဖြစ်ပါဘူး။ ကရင်စကားလည်း မတတ်ပါဘူး။ အဖေက အစိုးရဝန်ထမ်းဖြစ်တာကြောင့် တာဝန်ကျရာမြို့ကို ပြောင်းနေရပါတယ်။ ကျွန်တော် စပီး သိတတ်ကာစကဆိုရင် ဟုမ္မလင်းမြို့မှာပါ။ တောင်ပေါ်မြို့လေးဖြစ်ပါတယ်။ ခေါင်လည်းခေါင်ပါတယ်။ နာဂလူမျိုးများရှိပါတယ်ဗျ။ ရာသီဥတုကလည်း အေးမြပီး နှင်းကျပါတယ်။ နောက်ကျတော့ ကျွန်တော်တို့မိသားစု မော်လမြိုင်မြို့ကို ပြောင်းခဲ့ပါတယ်။ မော်လမြိုင်မှာတော့ ကျွန်တော် သူငယ်တန်းတက်ခဲ့ပါတယ်။ မူကြိုကျောင်းမတက်ခဲ့ပါဘူးဗျ။ သူငယ်တန်းကနေ ၂ တန်းထိ တက်ခဲ့ပါတယ်။ မော်လမြိုင်မြို့မှာ။
အဲ့ဒီနောက် မကွေးမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မကွေးမြို့မှာ ၃တန်းကိုတက်ခဲ့ပါတယ်။ ၃တန်းကို မကွေးမှာတက်ခဲ့ပီး ၄ တန်းကိုတော့ မော်လမြိုင်မြို့မှာ ပြန်တက်ခဲ့ရပါတယ်။ ၅ တန်း အစောပိုင်း နှစ်ဝက်ကို မော်လမြိုင်မြို့မှာတက်ခဲ့ရပီး ကျန်တဲ့ နောက်ပိုင်းနှစ်ကိုတော့ မန္တလေးမြို့မှာတက်ခဲ့ပါတယ်။ ၆ တန်းကိုလည်း မန္တလေးမှာတက်ခဲ့ပါတယ်။ ၇ တန်းနဲ့ ၈ တန်းကိုတော့ ရွာမှာပြန်တက်ခဲ့ပီး ၉ တန်းနဲ့ ၁၀ တန်းကို မန္တလေးမှာပြန်တက်ခဲ့ပါတယ်။
ရွာမှာတုန်းကဆိုရင် မနက်ကို အစောကြီးနိုးပါတယ်။ ညဘက်တွေမှာ လျှပ်စစ်မီးမရှိတာကြောင့် ဖယောင်းတိုင်တစ်တိုင်ငြိမ်းရင်ကို အိပ်ယာဝင်ကြပါတော့တယ်။ ညဘက်တွေမှာလည်း တစ်နေ့တာအတွင်း ဖြစ်ပျက်တွေ့ကြုံတာတွေကို ပြောပြကြ ရယ်မောကြနဲ့ တစ်နေ့တာအမောများကို ဖြေကြပါတယ်ဗျ။ မနက်အချိန် ၄ နာရီ ၅ နာရီဆို ကိုယ်စီ ကိုယ်စီ အိပ်ယာ နိုးနေကြပီး ရေနွေးအိုးတည်ခြင်း မနက်အတွက် ထမင်း ချက်ခြင်းများပြုလုပ်ကြပါတယ်။ ထမင်းကိုလည်း ဖြစ်သလိုပဲ ဆီ၊ ဆား နယ်ပီး မြေပဲလှော်နဲ့ ရေနွေးကြမ်းသောက်ပီး မနက်စာအကို အဟာရဖြည့်ကြပါတယ်။ အဲ့လို စားသုံးပီးရင်တော့ လယ်ကွက်တွေထဲသို့သွားပီး မိမိတို့ရဲ့ စပါးစိုက်ခင်းတွေကို ကြည့်ရှုကြပါတယ်။ ပေါင်းသင်စရာရှိသည်များကို ပေါင်းသင်ကြပါတယ်။ ထို့နောက်တော့ ပုဇွန်လုံး၊ ဂဏန်းလုံးများကို လိုက်လံရှာဖွေ ကြစုဆောင်းကြပါတယ်။
ညနေအချိန်မှာ ထောင်ခြောက်ပြုလုပ်ထားရှိခဲ့သော ငါးရှဥ့်ထောင်ခြောက်များမှ ရရှိသော ငါးများကို လိုက်ကြည့်ပီး မိထားသည်များရှိရင်တော့ အဲ့ဒီထောင်ခြောက်ထဲကနေ ထုတ်ပီး မိမိတို့မှာအသင့်ပါလာတဲ့ အိတ်၊ တောင်း စသည်များထဲကို ပြောင်းလဲ ထည့်သွင်းကြပါတယ်။ နေမြင့်လာတဲ့အချိန်မှာတော့ ခနတာ နားခိုဖို့ ပြုလုပ်ထားတဲ့ တဲလေးတွေထဲမှာ အနားယူကြပါတယ်။ နေ့လည်ခင်းမှာတော့ အိမ်မှ မိမိနေရာ တဲလေးသို့ ထမင်းချိုင့်လာပို့တဲ့ မိမိရဲ့ အမျိုးသမီး ဒါမှမဟုတ် သားသမီး တွေစီကနေ ထမင်းချိုင့်ရရှိပီး စားသောက်ကြပါတယ်။ စားသောက်ပီးရင်တော့ သားသမီးတွေနဲ့အတူ လယ်ကွက်ထဲမှာ ငါးကလေး ဖားကလေး လိုက်ရှာတာတွေ နောက်ပီး သရက်သီးပင်များရှိတဲ့နေရာမှာဆိုရင် သရက်သီးများကို လေးခွများဖြင့် ပစ်ချပီး ဆားနှင့်တို့စားတာတွေကို အပျော်တပါးကြီးပြုလုပ်ကြပါတယ်။ သဘာဝလေအေးအေးလေးလည်း ခံစားလို့ရပါတယ်။ နေ့လည်နေ့ခင်းမှာတော့ မိမိတို့ရဲ့ လယ်ကွင်းတွေမှာပဲ ငါးမြှားကြသူတွေလည်းရှိကြပါတယ်။ အဲ့ဒါတွေအားလုံးနီးပါး ကျွန်တော်ငယ်ငယ်တုန်းကလုပ်ဖူးခဲ့ပါတယ်ဗျ။ ရွာမှာနေရတာတော့ ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်ဗျ။
writer caesarsupaimin
MSC-025