တစ်မူးရလို့ တစ်ပဲလှူ တို့ ရှမ်းတောင်သူ တူနိုင်ရိုးလား ဟူသော စကားက သူထက်ငါ လှူချင်နေသော မြန်မာ တိုင်းရင်းသား တို့ ၏ စေတနာ အလှကို ပြညွှန်းနေသည်။
မြန်မာတို့သည် ဘဝတစ်လျှောက်လုံး အလှူ ရေစက်လက်နှင့်မကွာ အောင် စဉ်ဆက်မပြတ် အလှူပြုကြမြဲ ဖြစ်သည်။ ဘဝ မွေးဖွားပြီ ခုနှစ်ရက် အကြာတွင် အမည်ပေး ကင်းပွန်းတပ် အလှူပြုလုပ်ကြသည်။ ယောကျာ်းလေးများသည် ဆယ်နှစ် ဝန်းကျင်အရွယ်တွင် သင်္ကန်းတောင်း ပီပီသသ ရွတ်နိုင်သည်နှင့် ရှင်ပြုမင်္ဂလာ အလှူကြီများ ပြုရပြီး မိန်းခလေးများအတွက်မူ နားသမင်္ဂလာပြုကြသည်။
သီးချိန်တန်သီးပွင့်ချိန်တန် ပွင့်ရမည် သဘောအရ အိမ်ထောင်ပြုသည့် အခါတွင်လည်း အာဝါဟ ဝိဝါဟ မင်္ဂလာဆွမ်းကျွေး၍ အလှူပြုရသည်။ အိုးသစ်အိမ်သစ် တက်ပွဲ ကျင်းပရသည်။ အသက်အရွယ် ရလာသည့်အခါ တတိရအရွယ် ကုသိုလ်ရှာ ဟူသောစကားအတိုင်း ဒါနကုသိုလ် ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းရမည်။ ကံကုန်၍ ဤဘဝမှ စွန့်ခွါ ရသည့် အခါ မှာလည်း သက်ပျောက် ဆွမ်းကျွေး၍ ခုနှစ်ရက် အကြာတွင် ရက်လည် ဆွမ်းကျွေး အလှူ ပြုရသည်။ မြန်မာတို့ ဘဝကား အလှူနှင့်အစပြု၍ အလှူနှင့် အဆုံးသတ်သည်ဟု ဆိုရပေမည်။