ဂျစ်ပစီတစ်ယောက်ဟာ
ကောင်းကင်က ကြယ်အကြွေကို ကြည့်ရင်းပြုံးတယ်...
ဒါ ကိုမြင်တဲ့ ပညာရှိအဖိုးအိုကမေးလိုက်ပါ
တယ်။
''မင်းကဘာလို့ ပြုံးတာလဲ''
''ကြယ်ကြွေလို့ လေ''
''ကြယ်ကြွေတယ်ဆိုတာသိလား''
''သိတယ် ကြယ်ဆိုတာကြွေတတ်တယ်
နောက်ပြီး ကြယ်ဟာ
ကြွေတဲ့အခါပိုလှတယ် ဒီလောက်ပဲ''
''တကယ်တော့ ကြယ်ကြွေတယ်ဆိုတာကို မင်းမသိဘူးပဲ''
''အင်းပေါ့ သိသွားရင် ဘယ်ပြုံးနိုင်ပါ့မလဲ ခင်ဗျားလို
ခပ်တည်တည်ကြီးဖြစ်နေမှာပေါ့
အနည်းဆုံးတော့ ကျုပ်ကမှ ပြုံး လိုက်ရသေးတယ်''
အဖိုးအို မခံချိမခံသာဖြစ်သွားတယ်..
''ဒဿ နမပါတဲ့ပျော်ရွှင်မှုက ပေါ့ပျက်လွန်းတယ်ကွ''
''ဟုတ်လား ဒါဆိုရင် ပျော်ရွှင်မှုမပါတဲ့
ဒဿနကလည်း
လေးလံလွန်းမယ် ထင်ပါရဲ့''
''ငါ့ဒဿနတွေကိုနားလည်ဖို့ 
မင်းခေါင်းထဲမှာ နေရာရှိပုံမရဘူး''
''ကျုပ်ပျော်ရွှင်မှုတွေကိုခံစားဖို့ 
ခင်ဗျားနှလုံးသားမှာ နေရာရှိပုံမရဘူး''
''လူဆိုတာတွေးတောရမယ်ကွ''
''လူဆိုတာပျော်ရွှင်ရမယ်ဗျ''
''ငါကတွေးတောရတာကို ပျော်ရွှင်တယ်''
''ကျုပ်က ဘယ်လိုပျော်ရွှင်ရမလဲ တွေးတောနေတာ''
''မင်းကြည့်ရတာ စာဖတ်ပုံမရဘူး'
''ခင်ဗျားကြည့်ရတာ စာကပြန်ဖတ်တာကိုခံနေရပုံပဲ''
အဖိုးအို ဒေါသထွက်လာတယ်..
ဒီဂျစ်ပစီကိုနိုင်အောင်မပြောနိုင်တာ ကို မခံချိမခံသာဖြစ်လာတယ်
''ငါက အရင်က ဂျစ်ပစီတစ်ယောက်ကွ
နောက်ပိုင်းမှ ပညာတွေတတ်ပြီး
ပညာရှိအဖိုးအိုရယ်လို့ ဖြစ်လာတာ''
''ကျုပ်က အရင် ပညာရှိတစ်ယောက်ဗျ
ပညာသဘောကိုနားလည်သွားမှ
ဂျစ်ပစီဖြစ်သွားတာ''
''ဘယ်လို''
''မှတ်ထားပါ ကျုပ်နာမည်...
ဒိုင်အော်ဂျီးနတ်စ် တဲ့
နှောင်းလူတွေကပြောကြတယ်
ရောင့်ရဲခြင်းရဲ့ဘုရားသခင်
ဒါမှမဟုတ် ရဲရင့်ခြင်းရဲ့ အရှင်သခင်
ကျုပ်ဆွဲတဲ့ပုံပေါ်ကို
အရိပ်ကွယ်လို့ အလက်ဇန်းဒါးကို မောင်းထုတ်ဖူးတယ်''
''မင်းမောင်းထုတ်တဲ့ အလက်ဇန်းဒါးက ငါတပည့်ပဲ
မှတ်ထား ငါ့နာမည် အရစ္စတိုလ်တယ်'
''သြော် ခင်ဗျားတို့ ဆရာတပည့်တွေက
ကျုပ်ရဲ့ဒဏ်ကို တော်တော်ခံလိုက်ရတာပဲ''
လို့ ပြောရင်း ရယ်မောရင်း
ဒိုင်အော်ဂျီးနတ်စ်ဟာ ခြေဗလာနဲ့ 
ထွက်ခွာသွားတယ်...
အရစ္စတိုတယ်လ် ကတော့
တောက်တခေါက်ခေါက်နဲ့
ကျန်နေရစ်ခဲ့တယ်...
သြော်
နောက်တစ်ခါကြယ်ကြွေရင်
ငါပြုံးလိုက်ရမလားလို့ များ
နှုတ်ခမ်းကိုက်ခါစဉ်းစားရင်းနဲ့ပေါ့။