အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ယနေ့ခေတ်ကာလ ကလေးသူငယ်မှစလို့ လူကြီးအများစုတိုင်အောင် နေ့စဉ် အချိန်ဖြုန်းနေကြခြင်းက စက်ကရိယာပစ္စည်းတွေနဲ့ဖြစ်တာကို တွေ့ရပါတယ်။ စက်ကရိယာတွေပေါများလာတဲ့ခေတ်ဖြစ်လေတော့လည်း ပြောဖို့အင်မတန်ခက်ခဲမယ်လ့်ု ထင်ပါတာ်။ ကလေးငယ်ငယ်ကစလို့ နေ့စဉ် ဖုန်းမကြည့်ရရင် မနေနိုင်လောက်အောင် ဖြစ်နေကြရပါတယ်။ စက်ကရိယာများနဲ့အချိန်ဖြုန်းခြင်းက အချို့အရာတွေအတွက် ကောင်းပေမယ့် အချို့အရာတွေအတွက်တော့ မကောင်းပါ။
ငွေကြေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းလိုအရာမျိုးတွေအတွက်တော့ စက်ကရိယာကို အားကိုးလုပ်ဆောင်ရင် အချိန်ကုန်သက်သာပါတယ်။ လူလည်းသက်သာပါတယ်။ ဖုန်းကို အချိန်ပြည့်နီးပါး အသုံးပြုတာမျိုးတွေကတော့ လူကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေး လူမှုရေးတွေထိခိုက်တတ်ပါတယ်။ မိုဘိုင်းဂိမ်းတွေကို ကစားကြတဲ့အတွက် လူငယ်တွေ စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်ကိုယ်စီဖြစ်ကုန်ရသလို ဇက်ကြောတက်တာ နောက်ကျောတက်တာမျိုးတွေပါ ဖြစ်ကုန်ကြရပါတယ်။
ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာမျိုးတွေ သူငယ်ချင်းတွေနဲ့ အားကစားလုပ်တာမျိုးတွေ မမြင်တွေ့ရသလောက် နည်းပါးနေပါတယ်။ အနည်းအကျည်းလောက်ကပဲ အားကစားလုပ်ကြတာ မြင်ရပါတယ်။ လူ့သက်တမ်း တိုတိုလေးအတွင်းမှာ သက်တမ်းစေ့မနေကြရတဲ့လူငယ်တွေကများမယ်ထင်တယ်။ ကျောင်းစာမှာလည်း စိတ်ဝင်စားမှုနည်းနေတတ်ကြပါတယ်။ မိဘအများစုကလည်း သားသမီးကို အားတဲ့အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာ လမ်းညွှန်မပေးနိုင်ကြသလိုပါပဲ။
အချိန်ဆိုတာ လူသားအားလုံးတူညီစွာနဲ့ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော အရာပဲဖြစ်ပါတယ်။ သူဌေးမို့ အချိန်တွေ ပိုရမနေသလို ဆင်းရဲသားမို့ အချိန်တွေလျော့ရနေတာမဟုတ်ပါဘူး။ တိုးတက်အောင်မြင်သွားကြတာ ဆင်းရဲသွားကြရတာက ကိုယ်ပိုင်တဲ့အချိန်ကို ဘယ်လို အသုံးချသလဲဆိုတာပေါ်မူတည်နေပါတယ်။ စက်ပစ္စည်းတွေက လူ့ဘဝ မဟုတ်ပါဘူး။ စက်ပစ္စည်းတွေက လူမှုရေးမဟုတ်ပါဘူး။ စက်ပစ္စည်းတွေနဲ့ အချိန်ဖြုန်းနေမယ့်အစား ဘဝအတွက် လူမှုပေါင်းသင်းဆက်ဆံရေးအတွက် မိတ်ဆွေတွေနဲ့ တွေ့ဆုံခြင်းက ပိုပြီး အရေးပါပါတယ်။ ဒါပေမယ့် စက်ပစ္စည်းတွေနဲ့ပဲ အချိန်ဖြုန်းနေတုံးပါပဲ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -