အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ဘဝဆိုတဲ့ အရာကို လူတွေက အိပ်မက်ဆိုတာနဲ့ နှိုင်းယှဉ်ပြောဆိုတတ်ကြပါတယ်။ ဒီတော့ စဉ်းစားမိတာက ဘဝဆိုတာ အိပ်မက်တစ်ခုပဲလား။ အိပ်မက်ပြီးသွားရင် ဘာမှ မဟုတ်တော့သလို ဘဝဆိုတာကလည်း ပြီးသွားခဲ့ရင်(သေဆုံးသွားခဲ့ရင်)ဘာမှမဟုတ်တော့ဘူးလားဆိုတာတွေကို စဉ်းစားမိပါတယ်။ ဦးနှောက်ခြောက်အောင်လုပ်နေခြင်းတော့မဟုတ်ပါဘူး။ စဉ်းစားမိတာကို ချရေးကြည့်ပြီးတော့ ရင်ဖွင့်ကြည့်တာပေါ့လေ။ ကိုယ်တစ်ယောက်တည်းတော့ မခံစားနိုင်ဘူးလေ။
လူ့ဘဝသက်တမ်းက အခြားနိုင်ငံတွေမှာတော့ ဘယ်လောက်ရောက်နေသလဲဆိုတာ မသိဘူး။ မြန်မာနိုင်ငံမှာတော့ သက်တမ်းက အနှစ်(၇၀)မှာရောက်နေပြီလို့ ဆိုကြပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ခုခေတ်ကာလမှာ သေဆုံးသူအများစုရဲ့ သက်တမ်းကို လိုက်ကြည့်ရင် အသက်တမ်း(၇၀)နှစ်ပင်မကျော်တာကို တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြောင့် လူတို့လုပ်တဲ့အန္တရာယ်တွေကြောင့် မူးယစ်ဆေးဝါးတွေကြောင့် ဘာမှန်းမသိတဲ့အစားအစာတွေကို စားသုံးလို့ဖြစ်လာတဲ့ ရောဂါပေါင်းစုံကြောင့် သေဆုံးရသူတွေရဲ့သက်တမ်းက အနှစ်(၄၀)ကျော်တွေပဲများနေတာ တွေ့ရပါတယ်။
အဲဒီလို မသေဆုံးခင်ကာလမှာ မိတ်ဆွေကောင်းဆိုတာတွေကို တွေ့ခဲ့ကြရပါရဲ့လားလို့ စဉ်းစားမိပြန်ပါတယ်။ မိတ်ဆွေကောင်းလို့ဆိုတဲ့နေရာမှာ ပေါင်းသင်းနေတဲ့ အပေါင်းအသင်းမိတ်ဆွေတွေကို ပြောလို့မရပါဘူး။ မိတ်ဆွေကောင်း ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ်တကယ် ဒုက္ခရောက်တဲ့အချိန်ကျမှ သိနိုင်ပါတယ်။ ရာထူးတွေ ဂုဏ်ဓနတွေ ငွေကြေးဥစ္စာပစ္စည်းတွေ ပြည့်စုံနေချိန်မှာ မိတ်ဆွေကောင်း ဟုတ်မဟုတ်ကို လုံးဝ(လုံးဝ) မသိနိုင်ကြပါဘူး။ အဲဒီအရာတွေ လျော့နည်းသွားတဲ့အချိန် ဒါမှမဟုတ် လုံးဝမရှိတော့တဲ့အချိန်မှာတော့ မိတ်ဆွေကောင်းလား မိတ်ဆွေမကောင်းလားဆိုတာကို ဧကန် အမှန်သိရတတ်ပါတယ်။ ဒါပေမယ့်လည်း နောက်ကျသွားပါပြီ။
အသက်ရှည်ရှည်နေရလို့ ကိုယ့်အသက်အရွယ်လောက်ပဲ ရှိတဲ့ မိတ်ဆွေကောင်းဆိုတာ မရှိနိုင်ဘူးလို့ထင်ပါတယ်။ ဆိုလိုချင်တာက အသက်(၃၀)အရွယ် လူတစ်ယောက်မှာ မိတ်ဆွေစစ် မိတ်ဆွေကောင်း အယောက်(၃၀)ရှိဖို့ဆိုတာ အတော့်ကို မလွယ်ကူတဲ့ အရာတစ်ခုလို့ပဲမြင်ပါတယ်။ စည်းစိမ် ရာထူး အာဏာဆိုတာတွေရှိနေချိန်မှာ ကိုယ့်ဘေးကလူတွေက ကိုယ့်အကြိုက်ကို လိုက်ပါဆောင်ရွက်နေတတ်ပေမယ့် ကိုယ့်မှာ ပိုက်ဆံတစ်ပြားတောင် မကပ်တော့တဲ့အချိန် ကိုယ့်အကြိုက်ကို လိုက်ပါဆောင်ရွက်ပေးနိုင်မယ့်လူ တနည်းအားဖြင့်ဆိုရင် မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ရှာလေ ရှားလေပါပဲ။ မိတ်ဆွေမရှိတဲ့ လုံးတီး အဲ Lonely ဖြစ်နေရင်မကောင်းဘူးနော်။
ကျွန်တော်ပြောတာတွေကို မယုံကြည်နိုင်ဘူးဆိုခဲ့ရင် မိတ်ဆွေတို့ရဲ့ ရာထူး အာဏာ ပစ္စည်းဥစ္စာ ဆိုတာတွေရဲ့ အရှိန်အဝါမပါအောင် မွဲတေကြည့်ရင် သိပါလိမ့်မယ် 😂 မမွဲမချင်း မသိနိုင်ဘူးနော်။ ရာထူးမပြုတ်မချင်း အာဏာမကုန်မချင်း သိနိုင်တဲ့အရာမဟုတ်ဘူးလို့ ဆိုထားကြတာ အလကားတော့မဟုတ်ဘူး။ မွဲလည်း မွဲဖူးပါတယ်။ ကွဲလည်း ကွဲဖူးခဲ့ပါပြီ။ မိတ်ဆွေအချို့နဲ့ ခရီးလည်းဆက်ခဲ့ဖူးပါပြီ။ ဒါပေမယ့် တကယ့် မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာကတော့ ရှာနေရဆဲပါပဲ။ ကိုယ့်ကို ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ ဆိုတဲ့ ချစ်ကြ ခင်ကြ မြတ်နိုးကြသူတွေကလည်း မိတ်ဆွေစစ်စစ်ရဖို့ မလွယ်ပါဘူး။
အဲ-ဘဝအကြောင်းကနေ ဘေးချော်လို့ မိတ်ဆွေအကြောင်းကိုလျောက်ရေးနေလိုက်တာ အတော်များသွားပါပြီ။ ဒီတော့ကာ နောက်ရက်များမှပဲ ဘဝအကြောင်းဆက်ရေးတော့မယ်။ ဒီနေ့တော့ မိတ်ဆွေစစ်ဆိုတာနဲ့ပဲရပ်ရတော့မှာပဲ။ မိတ်ဆွေတို့ရဲ့ သက်တမ်းနဲ့ မိတ်ဆွေစစ်အရေအတွက်ကို ဆန်းစစ်ကြည့်ကြပေတော့ဗျို့။ အသက်(၂၀)အရွယ်က မိတ်ဆွေစစ််(၂၀)၊ အသက်(၂၅)နှစ်သမားက မိတ်ဆွေစစ်(၂၅)ယောက်၊ အသက်(၃၀)က မိတ်ဆွေစစ်(၃၀)ယောက်ရှိကြပါရဲ့လားဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့်သင့်ပါတယ်။ အဲ-မိတ်ဆွေစစ်တော့မရှိပဲ ရန်သူတစ်ယောက်လောက်ရှိနေရင် အလွန်များလှပါတယ်။ ရန်သူမရှိလေ ပိုကောင်းလေပါပဲ။
အားလုံးကို လေးစားလျှက် -