ကကြီး ခကွေး အထင်မသေးနဲ့

ansoe(67)
Published in
#mynmar
Words
366
Reading
2 min
Listen
Play
7y

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Ka Gyi 1.png


လူအများစုက ကကြီး ခကွေးအဆင့်ဆိုရင် အတော်အထင်သေးတတ်ကြတယ်လို့ထင်ပါတယ်။ အခြေခံမပိုင်ရင် ဘယ်အတတ် ပညာမှ ကောင်းကောင်းမွန်မွန် အသုံးမချနိုင်တာကို မြင်တွေ့ရပါတယ်။ အခြေခံဆိုတာကို ကျော်ခွသွားပြီး အဆင့်မြင့်ဆိုတာတွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းတွေနဲ့ သင်ယူလိုကြတယ်။ အခြေခံကိုကျော်ပြီး အဆင့်မြင့်မြင့်ဖြစ်လိုကြတယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်သလောက်ပါပဲ။ အဆောက်အအုံတစ်ခုရဲ့ အခြေခံဖြစ်တဲ့ အုတ်ခဲတစ်ခဲက မစခဲ့ရင် ကြီးမားတဲ့ အဆောက်အအုံကြီးတစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်ပါဘူး။ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ မချခဲ့မတည်ဆောက်ခဲ့ရင်လည်း ကြီးမားတဲ့ အဆောက်အအုံကြီးက ခိုင်ခိုင်မာမာနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အချိန်တိုတိုအတွင်းမှာပဲ ပြိုကျ ပျက်စီးသွားတတ်ပါတယ်။ ဒါက အခြေခံအုတ်မြစ်ကို အလေးမထားပဲ ဖြစ်သလို လုပ်ခဲ့တဲ့အတွက် ကြီးမားလာတဲ့ အဆောက်အအုံကြီးကို မထိန်းသိမ်းနိုင်တာပဲဖြစ်ပါလိမ့်မယ်။ အင်ဂျင်နီယာပညာရပ်ကို နားလည် တတ်ကျွမ်းသူတစ်ယောက် မဟုတ်လေတော့ အခြားအကြောင်းအချက်တွေကို ဖော်ပြဖို့မတတ်နိုင်ပါဘူး။ အင်ဂျင်နီယာပညာရပ်ကို တတ်ကျွမ်းနားလည်တဲ့သူတွေဆိုရင်လည်း အခြေခံဖြစ်တဲ့အုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် သေချာ စီမံတည်ဆောက်ခဲ့မယ်လို့ထင်ပါတယ်။ အခြေခံဆိုတာ ဘယ်နေရာမဆို အင်မတန် အရေးကြီးတယ်လို့ ယူဆမိလို့ အခုစာတွေကို ရေးသားမိခြင်းဖြစ်ပါတယ်။ အခြေခံဆိုတာကို မလိုပါဘူးလို့ ယူဆတဲ့သူတွေ ထင်မြင် တဲ့သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ အငြင်းမပွားလိုပါ။ စိတ်တိုင်းကျ သဘောထား ကွဲလွဲနိုင်ပါတယ်။


Ka Gyi 2 copy.png


တိုင်းပြည်တစ်ပြည်မှာလည်း ကကြီး ခကွေး လူတန်းစားလို့ခေါ်နိုင်တဲ့ အခြေခံလူတန်းစားက အရေးကြီးတယ်လို့ မှတ်ယူမိပါတယ်။ အခြေခံလူတန်းစား အဆင်မပြေဖြစ်နေရင် တိုင်းပြည်တိုးတက်ဖို့ ခက်ခဲနေမယ်ထင်ပါတယ်။ အခြေခံလူတန်းစား မပြေလည်ခဲ့ရင် တိုင်းပြည်လည်း အေးချမ်းနိုင်လိမ့်မယ်မထင်ပါ။ အခြေခံလူတန်းစား အဆင်ပြေနေရင် တိုင်းပြည် အေးချမ်းပြီး တိုးတက်ဖို့လွယ်ကူနိုင်မယ်ထင်ပါတယ်။ အဆင်ပြေတယ်လို့ဆိုတဲ့နေရာမှာ လူတိုင်းလိုအပ်တဲ့ စားဝတ်နေရေး ကိုပဲ ပြောရမယ်ထင်တယ်။ အိမ်ထောင်စုတစ်စုမှာ စားဝတ်နေရေးအဆင်ပြေနေရင် အများအားဖြင့် ကျန်တာ တွေလည်း အဆင်ပြေတာများတာမြင်တွေ့ရပါတယ်။ စားဝတ်နေရေးမှ အဆင်မပြေရင် ကျန်တာတွေ အဆင်ပြေဖို့ သိပ်စဉ်းစားလို့ မဖြစ်နိုင်ဘူးမဟုတ်လား။ လေကို စားပြီး အသက်ရှင်နေထိုင်နိုင်တဲ့ လူသားတွေမှ မဟုတ်တာပဲ။ အစားအသောက်တွေစားပြီးမှ အသက်ရှင်နေထိုင်နိုင်ကြမှာပေါ့။ အစားအသောက်စားဖို့က ငွေဆိုတာလိုအပ်တာပေါ့။ ဒီတော့ ငွေရှာထွက်ကြရပြီ။ ရိုးရိုးသားသား ငွေရှာလို့မရရင် အများစုက ဘာလုပ်မယ် လို့ ယူဆကြသလဲ။ ခိုးမယ်၊ နှိုက်မယ်၊ လုမယ်။ ခိုးလို့ လူမိ ရန်ပြုကြမယ်။ နှိုက်လို့ လူမိရင် ပြန်ရန်ပြုမယ်။ လုလို့ လူမိရင် ပြန်ရန်ပြုမယ်။ ဒါဆိုရင်တော့ လူအများ အေးချမ်းမှုမရနိုင်တော့တာ သေချာပြီ။ ပိုက်ဆံရှိ လူတန်းစားတွေ အရာရှိကြီးတွေကတော့ ဘယ်လိုမှတ်ချက်ပြုမယ်မသိပါဘူး။ အခြားသော လူမှုရေးတွေမှာလည်း လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေကြသူတွေဟာလည်း အများစုက အခြေခံလူတန်းစားတွေဖြစ်ပါတယ်။ ဘယ်ငွေကြေး ချမ်းသာကြွယ်ဝသူပဲဖြစ်ဖြစ်၊ အရာရှိကြီးတွေပဲဖြစ်ဖြစ် သွေးသံရဲရဲနဲ့ သေလုမြောပါးလူကို ကိုင်ချင်ကြလိမ့်မယ် မဟုတ်ပါဘူး။ ဒါက လူတန်းစားမှာ အခြေခံက အရေးကြီးတယ်လို့ ယူဆမိတာတစ်ချက်ဖြစ်ပါတယ်။


Ka Gyi 3.png


နည်းပညာခေတ်လို့ခေါ်ဆိုနိုင်တဲ့ ယနေ့ခေတ်ကာလမှာ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေဆိုတာကို မကိုင်မဖြစ် ကိုင်နေကြရတာတွေရှိနေပါပြီ။ ကွန်ပျူတာကို အခြေခံလေးလောက်မှမသိရင် မတတ်ရင် ဌာနဆိုင်ရာတွေမှာ ရာထူးတိုးဖို့ ခက်ခဲသွားပါတယ်။ အပြင်မှာမှာဆိုရင် နောက်ကောက်ကျသွားပါပြီလို့ပြောနိုင်ပါတယ်။ ဖုန်းဆိုတာ ကတော့ ကွန်ပျူတာ အသေးစားလေးတွေလို့ သတ်မှတ်ပါတယ်။ ကွန်ပျူတာအသေးစားလေးတွေဖြစ်တဲ့ အတွက် အခြေခံကို နားလည်တတ်ကျွမ်းထားခဲ့ရင် ကွန်ပျူတာအခြေခံကို နားမလည် မတတ်ကျွမ်းသူတွေထက် ပိုပြီး ကျွမ်းကျင်ပိုင်နိုင်တာကို တွေ့နိုင်ပါတယ်။ အခြေခံကို ကျော်ခွသွားပြီး အဆင့်မြင့်မြင့်ကို သွားဖို့ခက်ခဲတယ် ဆိုတာ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ ပိုသိသာပါတယ်။ အခြေခံဖြစ်တဲ့ အပေါင်း အနှုတ် အမြှောက် အစားကို မသင်ချင်ပဲနဲ့ ဘယ်လိုအဆင့်မြင့်ပညာရပ်ကို သင်ကြားဖို့ လွယ်ကူမယ်ထင်မိသလဲ။ အခြေခံဖြစ်တဲ့ ကကြီး ခကွေး ကိုမှ မသင်ချင်ပဲနဲ့တော့ ဘယ်လိုစာတွေကို ဖတ်နိုင်မလဲ။ ပညာရပ်ပိုင်းဆိုင်ရာတွေမှန်သမျှမှာ အခြေခံ ဆိုတာကို ကျော်ခွသွားတယ်ဆိုတာ မဖြစ်သင့်တဲ့အရာဖြစ်တာကို ပညာရှင်တိုင်းက လက်ခံထားပါတယ်။ ပညာ စသင်သင်ချင်းမှာ တက္ကသိုလ်ကစာတွေကို သင်ရင် တတ်ကျွမ်းမယ်မဟုတ်ဘူး။ တက္ကသိုလ်ပညာရပ်တွေကို သင်ဖို့ ကကြီး ခကွေး သင်ကိုသင်ရမှာပါ။ အခြေခံမပါတဲ့သူဟာ တစ်ချိန်ချိန်မှာတော့ အကြီးအကျယ် ဒုက္ခရောက်ကြရတာပါပဲ။ ဒါက ပညာရပ်တွေနဲ့ဆိုင်တဲ့ အခြေခံရဲ့ အရေးကြီးတာတစ်ခုလို့ ထင်မြင်မိတာပါ။


Ka Gyi 4.png


ဒီနေရာမှာ သိစေလိုတဲ့ အကြောင်းက အခြေခံဆိုတာ ဘယ်နေရာမှာမဆို အရေးကြီးတာကို သိစေလိုတာပဲဖြစ်ပါတယ်။ အခြေခံဆိုတာကို ကျော်ခွဖို့ကြိုးစားတာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစား နေတဲ့သူလို့လည်း မြင်မိပါတယ်။ နိုင်ငံတစ်နိုင်မှာ အရေးကြီးတဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးကို အဆင်ပြေမှ နိုင်ငံတိုးတက်နိုင်မှဖြစ်သလို အခြေခံဖြစ်တဲ့ လုပ်ငန်းတွေ နည်းပညာတွေကို အခြေခံလူတန်းစား တွေ မသိ မတတ်ရင်လည်း အဆင်ပြေနိုင်မယ်မဟုတ်ပါဘူး။ အခြေခံလူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေပါမှ အသိတွေလည်း တိုးတက်လာလိမ့်မယ်လို့ထင်ပါတယ်။ အသိတိုးတက်လာမှလည်း လူမှု ပတ်ဝန်းကျင်ကို အထောက်အပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။ စားဝတ်နေရေးတွေ ဘယ်လောက်ပဲ အဆင်ပြေနေ ပါစေ အခြေခံလူတန်းစားတွေရဲ့ အသိတိုးတက်လာခြင်းမရှိခဲ့ရင်လည်း အလကားပါပဲ။ နည်းပညာမှာလည်း အတူတူပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ အခြေခံနည်းပညာလေးတွေနဲ့ တည်ဆောက်နိုင်တဲ့ အသေးစား စက်မှု လက်မှု လုပ်ငန်းလေးတွေမှာထည့်သွင်းအသုံးပြုလာနိုင်ပါမှ အခြားနိုင်ငံတွေကို ပေးရတဲ့ နိုင်ငံခြားငွေ လျော့နည်း သွားနိုင်မှာဖြစ်သလို အခြေခံလူတန်းစားတွေလည်း စားဝတ်နေရေး ချောင်လည်လာနိုင်မယ် မဟုတ်လား။ ဒီတော့ကာ ကကြီး ခကွေးကို အထင်သေးရင် ဘာမှမတတ်ဖြစ်ပါလိမ့်မယ်။ အဆင့်မြင့်ချင်တယ်ဆိုရင် အဆင့်မြင့်နိုင်ဖို့အတွက် ကကြီး ခကွေးက စကို စရမှာပါ။ ကကြီး ခကွေး စနိုင်ရင် အဆင့်မြင့်ဆိုတာ မျှော်မှန်းလို့ ရပါပြီ။ ကကြီး ခကွေး ကစလို့ အဆင့်မြင့်မြင့်တွေကို မျှော်မှန်းလုပ်ဆောင်နိုင်ကြ ပါစေကြောင်း ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)_______

stemit ansoe myanmar no word logo 2.png

ansoe@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

4-6-2019 အင်္ဂါနေ့(Tuesday)

ကကြီး ခကွေး အထင်မသေးနဲ့ | Ecency