အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ရုပ်ပိုင်းဆိုင်ရာတွေမှာ တိုးတက်ထွန်းလားလာတဲ့ခေတ်ကြီးမှာ မွေးဖွားလာကြရတဲ့လူအတော်များများကို ကြည့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာတွေလျော့နည်းလာကြတဲ့အကြောင်းကို မကြာခဏ ရေးတင်ခဲ့ဖူးပါတယ်။ ဖတ်မိကြလေသလားတော့မသိပါ။ ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်လာခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာတွေကို အရေးမထားတတ်ကြတော့ပါ။ ယခုခေတ်ကာလ အသက် (၄၀) ကျော် (၅၀)ရှိတဲ့ မိဘများကိုယ်တိုင် သားသမီးတွေကို စိတ်ပိုင်းဆိုင်ရာ သွန်သင်ဆုံးမနိုင်ကြခြင်း မရှိတော့တာ မြင်ရပါတယ်။ နောင်မကြာမီကာလတွေမှာ ပစ္စည်းသာမက လူတောင်မှ အတုလား အစစ်လားဆိုတာ သိဖို့ခက်ခဲတော့မယ့်ခေတ် ဖြစ်လာပါတော့မယ်။
ကျွန်တော်တို့နိုင်ငံမှာ အခြားကမ္ဘာနိုင်ငံ အတော်များများမှာမရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စအတော်များများ တည်ရှိခဲ့ပါတယ်။ အလွန့်အလွန် တန်ဖိုးရှိလှပါတယ်ဆိုတဲ့ ဘာသာတရားရှိခဲ့ပေမယ့် အလေးမထားတတ်ကြတော့ပါ။ ဘာသာတရားဆိုတာက အလွန် နူးညံ့ သိမ်မွေ့တဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စဖြစ်ပါတယ်။ ဘာသာတရားကို ပြစ်ပယ်လာကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာတွေက ရိုင်းစိုင်းကြမ်းတမ်းလာတတ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ အလေးထား တန်ဖိုးထားလာတတ်ပါတယ်။ အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေကို လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေမှာမရှိတဲ့ ရတနာ (၃)ပါးရှိခဲ့ဖူးတယ်။ ဘယ်နိုင်ငံမှာမှမရှိတဲ့ အနန္တော အနန္တ (၅)ပါးဆိုတာရှိခဲ့ဖူးတယ်။ အမြတ်တနိုး လေးစားတန်ဖိုးထားခဲ့ကြဖူးတယ်။ ဘယ်နိုင်ငံမှာမှမရှိတော့တဲ့ ကိုယ်ချင်းစာတရား အကြင်နာတရား မေတ္တာတရားဆိုတာတွေရှိခဲ့ဖူးတယ်။ ခုတော့ အဲဒီ ဘယ်နိုင်ငံမှာမှ မရှိတဲ့အရာတွေ မြန်မာနိုင်ငံမှာလည်း မရှိသလောက်ဖြစ်နေပါပြီ။ ရတနာ(၃)ပါး၊ အနန္တော အနန္တ (၅)ပါး၊ ကိုယ်ချင်းစာတရား၊ အကြင်နာတရား၊ မေတ္တာတရားဆိုတာတွေ အလွန်ရှားပါးကုန်ပါပြီ။ မျိုးတုံးပျောက်ကွယ်ကုန်ကြရတော့မယ်ထင်ပါတယ်။
ခေတ်အဆက်ဆက် အမြတ်တနိုး ထိန်းသိမ်းစောင့်လာကြတဲ့ အဖိုးတန် ရွှေလက်ကောက်ကို အဖိုးတန်မှန်းမသိကြတော့ပဲ သူတပါးလက်က အရောင်ပြောင်လက်နေတဲ့ ရွှေရည်စိမ်လက်ကောက်ကို အားကျလို့ အတုကို ဝတ်ဆင်ကုန်ကြပြီ။ ခေတ်ကာလလို့တော့ မပြောပါနဲ့။ ခေတ်ကို လူတွေကပဲ ဖန်တီးနေကြတာပဲ။ အစစ်ကို အစစ်မှန်းမသိပဲ လွှင့်ပစ်ပြီး အတုကိုဝတ်ဆင်လာကြတာကို တိုးတက်နေတာလို့ ဂုဏ်ယူနေကြပါသေးရဲ့။ သေသေချာချာ စဉ်းစားလို့ ကိုယ့်မျိုးဆက်သစ်တွေကို အစစ်ကို လက်ဆင့်ကမ်းနိုင်ကြပါစေ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -