ဒီတခါ သိန်းအေးဆိုတဲ့ အတန်းတူ သူငယ်ချင်းအကြောင်းပါ၊ သိန်းအေးက အတန်းထဲမှာ ဗလ အကောင်းဆုံး ကျနော်ထင်တာတော့ သူက သက်ကြီးပုဖြစ်မယ်ထင်တာပဲ၊ သူနဲ့က(၂) တန်းအရောက်မှာ ဆုံတာပဲဗျ...။ သူကတမျိုး၊ ခလေးအရွယ်မှာကတည်းက သူနဲ့အပေါက်အလန်းတည့်တဲ့သူ (၃)ယောက်ရှိတယ်၊ သူတို့သုံးယောက်ကို တခန်းလုံးနီးပါးက ခလေးတွေ ကျနော်အပါအဝင်ပေါ့၊ တနေ့ ဒါမှမဟုတ် တပါတ်ကို သုံးခါလောက်တော့ ငါးပြားပေးရတယ်။ မပေးရင် သိန်းအေးက အဖွဲ့ခေါင်းဆောင် သမတယ်၊ သူ့ကိုဘယ်သူမှ ဆရာမကို တိုင်မပြောရဲကြဘူး။ ဆရာမတိုင်ရင်လည်း သိန်းအေးက ကျောင်းဆင်းရင်ထိုးတယ်၊ ဒီတော့ ကျနော်လည်း ငါးပြားဆက်သရတဲ့အမှုကို ထမ်းရတယ်ပေါ့လေ။ ကြောက်တာကိုးနော။ ပြောရအုံးမယ်ဗျ၊ ကျနော်အဲ့ဒီအတန်းကို တက်ခါစက ငါးပြားမပေးရသေးဘူး ဖြစ်ခြင်တော့ဗျာ ကျနော်နဲ့ ခုံတတန်းတည်းကျတဲ့ ဗဟိန်းနဲ့ လှချစ်တင်တို့က စတာပဲ။ သူတို့ကစပြီး ငါးပြားပေးနေတော့ ကျနော်လဲလိုက်ပေးရတာပေါ့လေ။ ဟုတ်ဘူးလား၊ ရောရောင်ပြီး ထည့်တယ်လို့ဆိုရမလားပဲ၊ ခလေးဆိုတော့ မသိဘူးလေဗျာ...။
Images Credit - Original Source
တနေ့တော့ဗျာ ကျနော်ကျောင်းကပြန်လာတော့ အမေကခေါင်းကိုပွတ်သပ်ပြီး ဟိုလှန်ဒီလှန်လုပ်တယ်၊ သန်းဥလေးတွေ ဘာလေးတွေ ကြည့်တယ်၊ မိခင်မေတ္တာပေါ့၊ နှပ်ချေးညှစ်တယ်၊ ဒါမိခင်တိုင်း လုပ်တတ်တဲ့သဘောပါ။ ကျောင်းကအကြောင်းတွေမေးတယ်၊ စာလိုက်နိုင်လား စသည်ဖြင့်ပေါ့..။ ကျနော်အမေရောအဖေရော သားက တယောက်ပဲမွေးတာ အိမ်မှာက မိန်းကလေး(၄)ယောက်ဆိုတော့ ကျနော့်ကို သိတ်ချစ်ကြတယ်ထင်တာပဲ။ အမေက အဲ့ဒီ့လိုကြည်နူးစရာလေးတွေ ပြောတော့ဗျာ။ ခလေးဆိုတော့ ကိုယ့်အဖြစ်ကို ရင်ဖွင့်တတ်တယ်မလား၊ အဲ့ဒီတော့ အမေ့ကိုချွဲချင်ပြန်ရော၊ "အမေသားလေ မုန့်မဝဘူး"လို့ ပြောလိုက်ကရော အမေက "ဘာဖြစ်လို့လည်း အမေဆယ်ပြားတောင် ပေးတာပဲ"တဲ့၊ အဲ့ဒီ့ခေတ်က မုန့်ဟင်းခါးတပွဲမှ တောမြို့မှာဆို ဆယ် ပြားပဲ.....တော်တော်ဝတယ်ဗျ။ ဒီတော့မှ အတန်းဖေါ်လူမိုက်သိန်းအေးက တနေ့ငါးပြားလောက်ပေးနေရ တာ အမေ့ကိုဖွင့်ပြောမိပါရောဗျို့။
Images Credit - Original Source
အမေ တော်တော်စိတ်မကောင်းဖြစ်သွားပုံရတယ်၊ ခနနေတော့ "နင်တဲ့ဒီအတိုင်း လူလူချင်းကြောက်နေရရင် ခက်နေမယ်"ဆိုပြီး အမေက သားဇောနဲ့လုပ်ငန်းစတော့တာပဲကွယ်။ ခနနေတော့ အမေက ဝါးချမ်းခတ်ထူထူတခုကို ပေတံလုပ်ပေးတယ်၊ သာမန်ပေတံထက် တော်တော်ထူတယ် "နင့်ကိုအနိုင်ကျင့်နေတာ ဆရာမကိုပြောသလား" တဲ့ "ကျနော်မပြောရဲဘူးအမေ သူကကျနော့်ကို ကျောင်းဆင်းရင်ထိုးမှာ ကြောက်တယ်" အမေတင်းတာပေါ့ "ယောင်္ကျားပဲ မတရားရင် ပြန်လုပ်တဲ့" တခွန်းပဲပြောတယ်။ အမေမှန်တာမှားတာတော့ တပိုင်းပေါ့လေ၊ ကျနော် နောက်နေ့ကျောင်းသွားတော့ အဲ့ဒီပေတံကြီးထည့်သွားရောဗျို့၊ စိတ်ထဲလည်း တင်းထားတယ်၊ ငါ့မှာပေတံကြီး ရှိတယ်ပေါ့...။ ကျောင်းရောက်ပြီး မုန့်စားဆင်းတော့ အမေပေးတဲ့ဆယ်ပြားကို ဒေါ်တုတ်မကြီးဆီမှာ မုန့်ဟင်းခါးတပွဲဝယ်စား ပစ်လိုက်တယ်။ မစားရတာကြာပြီ သိန်းအေးကို ဆက်နေရတာနဲ့လေ၊ စားလို့ကောင်းလိုက်တာ။ ကျောင်းပြန် မတက်ခင်ပဲ ပွဲကစပြီဗျို့....။
သိန်းအေးတို့တသိုက်နဲ့ တိုးပါလေရော။ တိုတိုပြောရရင် ငါးပြားတောင်းပါပြီကော၊ ကျနော့်မှာပေးစရာမရှိ့တော့ဘူးလေ၊ အမေပေးတဲ့ပေတံကြီးအားကိုးနဲ့ ဝယ်စားပစ်လိုက်ပြီလေ။ ပေတံကြီးကိုတော့ လက်ထဲမှာကိုင်ထားတယ၊် ဒါပေမဲ့ဗျာ... ကျနော့်မှာ မရိုက်ရဲဘူးဗျာ၊ ငယ်ကြောက်လိုဖြစ်နေတယ်ဗျ၊ တော်တော်အားတင်းထားပြီး သိန်းအေးကိုတောင်းပန်တယ်။ ဒါပေမဲ့မရဘူး သိန်းအေးက ရင်ဖတ်ကိုလာကိုင်တယ်။ ကျနော်ပြာနေပြီ၊ ဘာလုပ်ရမှန်းမသိတော့ဘူး။ နောက်တော့ သူစိတ်မဆိုးအောင်ဆိုပြီး ပေတံနဲ့ရောကိုင်ထားတဲ့ "ကျောက်တံအသစ်လေးယူပါကွာ"ဆိုပြီး ပြောမိတယ်၊ သိန်းအေးကမရဘူးဗျာ။ ကျောက်တံလေးက အဖေဈေးကနေဝယ်လာတာ တော်တော်လေးကောင်းပါတယ်။ သိန်းအေးက ကျောက်တံကိုယူပြီးတော့ ချိုးပစ်လိုက်ရော။ ကျနော်လည်းကြောင်သွားတယ်၊ ပြီင်္းတော့ စိတ်ထဲလွှတ်ကနဲ့ဖြစ်သွားပြီး သိန်းအေးကို ကြောက်ကန်ကန်ပြီး ပေတံနဲ့တီးလိုက်မိပါရော။ သိန်းအေးလည်း ကြောင်အန်းသွားတယ်၊ ကြောက်လို့ရိုက်လိုက်တာဆိုတော့ အားကလည်း မထင်တဲ့နေရာက ထွက်သလားတော့မပြောတတ်ဘူး။ ကြောက်ကျွဲခတ်ရင် သေတတ်တယ်လို့ ကြီးတော့သိလာရတာပေါ့လေ...။
Images Credit - Original Source
သိန်းအေးနဖူးကြီးညိုသွားပြီး အာလူးသီးထွက်တော့တာပါပဲ။ အဲတော့မှ သိန်းအေးငိုပါလေရော ကျနော်ကဆက်တိုက် သုံးချက်ရိုက်လိုက်မိတာကိုး။ ခဏနေတော့ ကျောင်းအုပ်ဆရာကြီးရုံးခန်းရောက်တဲ့အထိပါပဲ။ နှစ်ယောက်စလုံး ခုံပေါ်တက်ပြီး အရိုက်ခံရတယ်။ ကျနော်က (၅)ချက်၊ သိန်းအေးက (၂)ချက်၊ နင့်မို့ဆို သူအရိုက်ခံရမှာ မဟုတ်ဘူး။ အဖြစ်အပျက်စုံကို ကျောင်းအုပ်ကြီးကသိသွားတော့ သိန်းအေးကို နောက်ဒီလို ကျောင်းသားချင်း အနိုင်မကျင့်ရ အောင်ဆိုပြီး (၂)ချက်၊ ကျနော်ကတော့ ကျောင်းသားချင်း တုတ်နဲ့ရိုက်လို့(၅)ချက်။ မှတ်မိသေးတယ်ဗျာ ကျနော် သေးတောင် ထွက်ကျချင်တယ်။ ကိစ္စကမပြီးသေးဘူး။ နောက်နေ့မိဘတွေခေါ်ရတယ်။ ကျနော့်ပေတံကြီးလည်း အသိမ်းခံရတယ်။ အမေနဲ့ သိန်းအေးအမေတော့ အလုပ်ရှုပ်တော့တာပေါ့...။
အဲ့ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျောင်းမှာ ခလေးတွေချင်း အဲ့ဒီ့လိုအနိုင်ကျင့်တာမရှိတော့ဘူးဗျာ သိန်းအေးလည်း ကျနော့်ကို မနိုင်ရဲတော့ဘူး။ ကျနော့်အမေလည်း အဖေဆူတာခံလိုက်ရတယ်ဆိုပါတော့...။ အဲဒီနောက်ပိုင်းမှာတော့ ဗဟိန်းနဲ့ လှချစ်တင်လည်း ကျနော့်ကို ပိုပြီးခင်လာကြတော့တာပါပဲဗျာ။