ကျနော်ငယ်ငယ်က ဖြစ်ပျက်ခဲ့တဲ့ ငယ်ဇာတ်ကြောင်းလေးတွေထဲက စွဲနေတဲ့ မှတ်မိစရာလေး တွေပြောပြချင်ပါတယ်။
Images Credit - Original Source
ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ ကြောက်နေရတဲ့ ဗိုလ်ကလေးတွေရှိတယ်။ ထားပါတော့လေ... ကျနော်နဲ့ကစားဖေါ်ထဲက ကျနော်ကြောက်ရတာက ရပ်ကွက်ထဲမှာက သာနု ဆိုတဲ့ကစားဖေါ်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းအေးဆိုတဲ့ ကျောင်းနေဖက်တို့နှစ်ဦးပေါ့။ ကျနော်သာနုကို ကြောက်ခဲ့ရတာလေး မှတ်မိသမျှအရင်ပြောရရင် ကျနော်(၅)နှစ်သားလောက်က သရေကွင်းပစ်တယ်။ လက်မှာစွတ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင်နိုင်တဲ့ ကစားနည်းပေါ့ဗျာ။
ကျနော်ကလက်တည့်တယ်လေ၊ ကျနော့်အဖေကလည်း သားရေကွင်းပူဆာရင် အဲ့ဒီ့အချိန်က အထုတ်လိုက် ဝယ်ပေးတတ်တယ်။ ကျနော်ပူစာတာကို အဖေက နားညည်းလို့နေမှာပါ။ ဒီတော့ သားရေကွင်းတွေနဲ့ အိမ်ရှေ့မှာ အမြဲတမ်းပစ်နေတော့တာပဲ၊ ကျောင်းကမတက်ရသေးဘူး၊ ကျနော်တို့ခေတ်က (၅) နှစ်ပြည့်တယ်ဆိုတာထက် လက်ကိုခေါင်းပေါ်က တည့်တည့်ကျော်ပြီး တဖက်ကနားကို မှီအောင်ကိုင်ပြနိုင်မှ ကျောင်းတက်ရတာကိုး၊ တော် တော်လက်တွေ့ကြတဲ့သဘောထင်တာပဲ၊ ကျနော်ကလက်နည်းနည်းလေးမမှီဖြစ်နေတာကို ကျောင်းလက်ခံတဲ့ ဆရာရှေ့မှာ အကြောကိုနည်းနည်းလေးတွန့်ဆုတ်ထားလိုက်တာ ငါးနှစ်ကလည်းမပြည့်သေးတော့ဗျာ နောက် နှစ်မှလာခဲ့ပါတဲ့ ကျနော်ကတော်တော်ပျော်သွားတာ၊ ကျောင်းတက်ရမှာပျင်းစရာကြီးဆိုတာထက် ကျောင်းကြီး ကိုသွားရမှာကိုက အားငယ်စရာကြီးဗျာ။ ဒီတော့ကျောင်းမတက်ချင်တာ ဘာဆန်းလဲနော်။ သားရေကွင်းတွေလည်း တစ်ဝတစ်ပြဲ ပစ်ဆော့ကစားရတော့မှာမို့လေ။ ဒါပေမဲ့ မသက်သာဘူးဗျာတို့ အမေကကျောင်းသွားထားတာ ဆရာရှေ့မှာ လက်ကိုနည်းနည်းလေး မဆန့်ရကောင်းလားဆိုပြီး အိမ်ရောက်တော့ဆော်လိုက်တာ အီစလန်ဝေတယ်ဗျို့ အဖေရှိလို့တော်သေးတာ၊ အမေကကျနော်တို့ကိုသာနိုင်တာ အဖေပြောရင်နာခံတာပဲ၊ "နင့်အဖေရှိနေလို့ နင်သက်သာသွားတယ်မှတ်တဲ့'' အဖေကပြောတယ် ''ခလေးဆိုတာ သင့်တော်တဲ့အချိန်ရောက်မှ ပညာသင်တာ ကောင်းတယ်တဲ့" အဖေ့ကျေးဇူးကြောင့် ကျနော်သားရေကွင်း အဝပစ်ရတော့မှာပေါ့လေ....။
ဆက်ရရင်တော့ဗျာ....သားရေကွင်းကိုအိမ်ရှေ့မှာတင်မကဘူး၊ လမ်းထိပ်အထိထွက်ပစ်ဘို့ကျိုးစားတော့တာပဲ၊ အဲ့ဒီမှာ သာနုဆိုတဲ့ ကစားဘက်နဲ့တိုးတော့တာဆိုပါတော့၊ ကျနော်က လက်ကကျင့်သားကောင်းတော့ နိုင်တယ်၊ ဒီမှာတင် သာနုတို့ညီအကိုက ကျနော့်သားရေကွင်းတွေကို လုတော့တာပဲဗျာ။ ကျနော်က သူများလုတာမခံဖူးတော့ အလုခံရတယ်လေ၊ ကျနော်ပြန်လုတော့ သာနုက ကျနော့်ကိုထိုးတာ ပါးစပ်က သွေးနည်းနည်းတောင်ထွက်တယ်၊ ဒီတော့ငိုတာပေါ့ဗျာ၊
Images Credit - Original Source
ဘေးကလူကြီးတယောက်က သာနုကို ပြန်ပေးဘို့ပြောတော့ ဒီကောင်တွေညီအကိုက ထွက်ပြေးကြပါရော၊ အဲ့ဒီ့တော့ ဦးလေးကြီးက ''မင်းသူ့အဖေကိုသွားတိုင်တဲ့" ကျနော်လည်းငိုလက်စနဲ့ သွားတိုင်တယ်။ သူ့အဖေဦးကောက်က ဖဲဒိုင်ခံတယ်၊ အရက်ရောင်းတယ်၊ ရက်ကွက်ထဲမှာမိုက်တဲ့သဘောရှိတယ်၊ ဒါကကြီးလာမှသိတာ၊ ငယ်ငယ်ကတော့ ဆိုးတယ်လောက်ပဲသိတာပေါ့။ ဆိုကြပါတော့ဗျာ....သွားတိုင်တော့ ဦးကောက်က ''ဟေ့..သာနု လာအုံး၊ မင်း သူ့သားရေပင်းယူလာလား ပြန်ပေးလိုက်တဲ့" တခွန်းပဲပြောတယ်။ သာနုက မကျေမနပ်နဲ့ဆင်းလာတယ်၊ အဲ့ဒီ့အချိန်မှာ သူ့အဖေက အိမ်နောက်ဖေးဘက်ထွက်သွားရော၊ သူ့ဖေမရှိတော့ သာနုက ရော့..ဆိုပြီး သူလုသွားတဲ့ထဲက တဝက်မရှိတရှိလောက်ကို လှမ်းပစ်ပြီးပေးတယ်။ သူ့ညီကလည်း မိုက်ကြည့်လေးနဲ့၊ ကျနော်ရသမျှလေးယူလိုက်တယ၊် သွားတိုင်တာက ငိုနေတဲ့စိတ်ခံစားမှုနဲ့မို့လေ၊ သူ့ အဖေမရှိတဲ့ အချိန်မှာ သာနုမျက်နှာက ခုနက ဆော်ပလော်ထားတဲ့မျက်နှာထက်တောင် ပိုပြီးကြောက်စရာကောင်းနေသလိုပဲဗျို့။ ပြောရရင်တော့ဗျာ ငယ်ကြောက်ဖြစ်သွားရတာပါ။
Images Credit - Original Source
အိမ်ပြန်ခဲ့တာပေါ့၊ အိမ်ရောက်တော့ နှုတ်ခမ်းက နည်းနည်းလေးရောင်နေရော အမေက''ဘာဖြစ်လာသလဲဆိုတော့" ကျနော်က.... ''သာနုလုပ်တာ"လို့ ပြောတော့ အမေက"လာသူ့အဖေကို သွားတိုင်ရမယ်"တဲ့ အဖေကတော့ ''လုပ်မနေပါနဲ့ကွာ၊ ခလေးချင်းဆိုတာ ဒီလိုပါပဲ"တဲ့ ဒါပေမဲ့ အမေက သားဇောကပ်နေပြီလေ၊ ကျနော့်လက်ကိုဆွဲပြီး သာနုတို့အိမ်ဆီကိုပေါ့.......။
Images Credit - Original Source
ဒီတခါ သူ့အမေနဲ့တွေ့တယ်၊ ဘာပြောတယ်မှတ်သလဲ ''ခုနက သူ့သား သာနုက သားရေကွင်းတွေ ပြန်ပေးလိုက်ပါပြီတဲ့" အမေကကျနော့်ကိုမေးတယ်၊ ဟုတ်သလားဆိုတော့ ကျနော် သာနုမျက်နှာကို တချက်ကြည့်လိုက်ပြီး အမေ့ကိုပြန်ပြောလိုက်တယ် ''ဟုတ်တယ်"လို့၊ သာနုထပ်ထိုးခံရမှာ ကြောက်တဲ့စိတ်က အရှိအတိုင်းဖြစ်ခဲ့တာကို မပြောရဲတာပေါ့လေ။ အမေက ထပ်ပြောတယ် ''လက်သီးနဲ့လည်းထိုးသေးတာ" ဆိုတော့ သာနုအမေက ''အေးအေးဆုံးမလိုက်မယ်"ပြောပြီး သာနုကို လာစမ်းလို့ ခေါ်တော့ ရုတ်တရက် သာနုကထွက်ပြေးရော၊ ကျနော်လည်းကြောင်နေတာပေါ့၊ သူ့အမေက ''ဆုံးမလိုက်ပါ့မယ်" ''စိတ်ချတဲ့" ''ဒီကောင်လေး ဒီလိုပဲတဲ့" အမေလည်းဘာမှတော့ ဆက်မပြောတော့ဘူး။ ကျနော့်ကိုလက်ဆွဲပြီးပြန်လာတယ်။
လမ်းရောက်တော့ အိမ်ရှေ့ဘက်က အဒေါ်ကမေးတယ်၊ ဘယ်လိုလဲအမဆိုတော့ အမေက ''သာနုအမေက ဆုံးမမယ်ပြောတယ်"လို့ပြောတော့ "အမလေး အမရယ် အဲ့ဒီကလေးတွေက မိမဆုံးမ၊ ဖမဆုံးမတွေ" "သွားတိုင် ဘယ်တော့မှ မဆုံးမဘူး" "သူတို့ကလေး ခံလာရတယ်ဆိုရင်သာ လင်မယားနှစ်ယောက်စလုံး ရန်တွေ့တတ်တာ" တဲ့ "စရိုက်ကြမ်းတယ်၊ ကျမခလေးတွေတော့ သူတို့နဲ့မကစားခိုင်းဘူး" "ခလေးချင်းအနိုင်ကျင့်နေရာကနေ အိမ်ကသူ့အဖေနဲ့ပါ တော်ကြာပြသာနာဖြစ်တတ်တယ်မလားတဲ့" အော်....သာနုနဲ့ သူ့အမေ၊ အဖေက ဘာဖြစ်လို့ ဒီလိုလုပ်တာလည်း ခလေးဘဝကတော့ ကျနော်မသိဘူးဗျာ။
Images Credit - Original Source