🔍📙📙📙

alay1(38)
Published in
#esteem
Words
988
Reading
5 min
Listen
Play
9y

⚽လူငယ်များနှင့် ဘီယာအရက်
✴✴✴✴✴✴✴✴✴✴✴

လောကလူသားတို့၏ ကျင့်ဝတ်သီလဖြစ်သည့် ငါးပါးသီလသိက္ခာပုဒ်၌ "သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" (သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏) ဟူသော သိက္ခာပုဒ်သည် အပါအဝင်ဖြစ်၏။ ထိုသိက္ခာပုဒ်ကို ကျူးလွန်လျှင် ကျူးလွန်မှု၏ ဆိုးကျိုးခံစားရနိုင်သလို၊ ရှောင်ကြဉ်လျှင် ရှောင်ကြဉ်မှု၏ ကောင်းကျိုးချမ်းသာကို ခံစားရမည်သာဖြစ်ပေသည်။

ယနေ့ခေတ်တွင် လူငယ်လူရွယ်လူကြီး ကျား/မ မရွေး ဘီယာ အရက် မူးယစ်ဆေးဝါးစသော မူးယစ်စေတတ်သော ဆေးတစ်မျိုးမျိုးကို နည်းမျိုးစုံဖြင့်ပင် မှီဝဲနေကြသည်ကို တွေ့ရှိရပေမည်။ ထိုသို့ မှီဝဲနေကြခြင်းမှာ အပြစ်ကိုမသိခြင်းကြောင့်တမျိုး၊ အပြစ်ရှိသည်ဟုသိကြသော်လည်း အသေးအဖွဲမျှသာရှိမည်ဟု မှတ်ယူနေကြခြင်းကြောင့်တမျိုး၊ အပျော်အပါးမက်ခြင်း၊ အပေါင်းအသင်းကို များစွာမင်ခြင်း၊ စိတ်ညစ်၍ စိတ်ညစ်ပြေအောင်ဟူ၍လည်းကောင်း၊ အထိမ်းအမှတ်တစ်ခုခုကို ခေါင်းစဉ်ရှာ၍သော်လည်းကောင်း နည်းမျိုးစုံဖြင့် အကြောင်းအမျိုးမျိုးပြကာ မှီဝဲနေကြခြင်းပင်ဖြစ်၏။ တခါတလေ မှီဝဲသည့်အဆင့်မှ မသောက်ရမနေနိုင် စွဲလန်းတပ်မက်သည့်အဆင့်တိုင်အောင် အရက်ကျေးကျွန်ဖြစ်သွားကြသူများ မျက်မှောက်ခေတ်တွင် များစွာရှိလေ၏။ ထိုအထဲတွင် စာရေးသူ၏ ဆွေမျိုးရင်းချာများလည်း အပါအဝင်ဖြစ်လေသည်။ မကောင်းသည်ကို အကောင်းထင်မှတ်, မဟုတ်သည်ကို အဟုတ်ထင်မှတ်, ကာမဂုဏ်တရားတို့၌ ရူးရူးမိုက်မိုက် စွဲလန်းတပ်မက်အပ်သော ကာမုပါဒါန်ကြောင့်ပင်ဖြစ်၏။ ကျန်းမာရေးအတွက် ဆေးဝါးအမှတ်ဟူ၍လည်းကောင်း၊ ရာသီဥတုအေးလွန်း၍ စသည်ဖြင့်လည်းကောင်း၊ အကြောင်းပြခြင်းမှာ သောက်သုံးလိုသူ၏ ဆန္ဒအရ ဆင်ခြေအရသာဖြစ်ပေသည်။ မည်သည့်အရပ်ဒေသ၌ မည်သည့်နည်းဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို သောက်သုံးမှီဝဲပါက အပြစ်ရှိပေသည်သာ။ မြတ်ဗုဒ္ဓက သေရည်အရက်သောက်သုံးခြင်းကြောင့် ရရှိသော အကျိုးအပြစ် (၆)မျိုးရှိ၏ ဟူ၍ သိင်္ဂါလောဝါဒသုတ်၌ ဟောကြားတော်မူခဲ့ပြီးဖြစ်၏။ ၎င်းတို့မှာ -

သုရာမေရယဿ ဆ အာဒီနဝါ


ဆ ခေါမေ, ဂဟပတိပုတ္တ, အာဒီနဝါ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ။ သန္ဒိဋ္ဌိကာ ဓနဇာနိ[ဓနဉ္ဇာနိ (သီ။ ပီ။)], ကလဟပ္ပဝဍ္ဎနီ, ရောဂါနံ အာယတနံ, အကိတ္တိသဉ္ဇနနီ, ကောပီနနိဒံသနီ, ပညာယ ဒုဗ္ဗလိကရဏီတွေဝ ဆဋ္ဌံ ပဒံ ဘဝတိ။ ဣမေ ခေါ, ဂဟပတိပုတ္တ, ဆ အာဒီနဝါ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ။
သူကြွယ်ယ်သား မူးယစ် မေ့လျော့ကြောင်း ဖြစ်သော သေရည် သေရက် သောက်လေ့ ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် ဖြစ်ရာ၏၊ ခိုက်ရန်ဖြစ်ပွားတတ်၏၊ အနာရောဂါ၏ အကြောင်း ဖြစ်၏၊ အရှိန်အစော်မဲ့တတ်၏၊ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏၊ ပညာ၏ အားနည်းသည်ကို ပြုခြင်းသည် ခြောက်ခုမြောက် အကြောင်းဖြစ်၏။

(၁) မိမိလုပ်ဆောင်သောအမှုသည် သင့်၏/မသင့်၏ မသိခြင်း၊ တစ်နည်း ပညာ နည်းပါးခြင်း။
(၂) ပျင်းရိလာခြင်းကြောင့် ဥစ္စာပစ္စည်းများ လျော့ပါးတတ်ခြင်း။
(၃) မေ့လျော့နေခြင်းကြောင့် ကုသိုလ်တရားများကင်း၍ အကုသိုလ်တရားများ တိုးပွားနေခြင်း။
(၄) သူတစ်ပါး၏ကျေးဇူးတရားတို့ကို မဆပ်ဘဲ ကျေးဇူးကန်းတတ်ခြင်း။
(၅) အကုသိုလ်တရားတို့မှ အရှက်၊ အကြောက်ကင်းခြင်း။
(၆) အကုသိုလ်တရားတို့ကို ပြုလုပ်ရန်လွယ်ကူခြင်း။
ဟူ၍ ဖြစ်၏။

"သေရည်သောက်လင့်၊ သင့်မသင့်ကို၊ ရေးခွင့်မသိ၊ ပျင်းရိမေ့မူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ် (ဟိရိသြတ္တပ အရှက်၊ အကြောက်တရား) ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ အပြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။"

"သုရာမေရယ မဇ္ဇပမာဒဋ္ဌာန"
သေအရက်​​ကြောင့်​ ယစ်​ခြင်း ​မေ့​လျော့ခြင်း၏ အ​ကြောင်း။

သုရာ- ရဲရင့်ခြင်း၊ တက်ကြွခြင်း (သေရည်)၊
မေရယ- မူးယစ်ထုံထိုင်းခြင်း (အရက်)၊
မဇ္ဇ- မေ့လျော့ခြင်း (သေရည်အရက်မှ တစ်ပါးသောပစ္စည်း)၊ ဟူ၍ ခွဲခြားနိုင်၏။

လူတို့ မစီမံ မပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယ ခေါ် အရက်မျိုးငါးမျိုးရှိ၏။
(၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သောအရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သောအရက်၊
(၄) ဂုဠာသ၀- ကြံရည်မှဖြစ်သောအရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်းဝတ္ထုပေါင်းတို့ စုပေါင်း၍ဖြစ်သောအရက်။

ရဲရင့်ခြင်းဖြစ်စေသော သေရည်၊ မူးယစ်ထုံထိုင်းစေသော အရက်၊ မေ့လျော့ခြင်းကိုဖြစ်စေသော သေရည်အရက်မှ တစ်ပါးဖြစ်သည့် ဘီယာ၊ ဘိန်းဘင်း၊ ကစော်၊ လှော်စာ၊ ထန်းရည်၊ ဆေးခြောက်၊ ဘိန်းဖြူစသော မူးယစ်စေတတ်သည့် မဇ္ဇ တစ်ခုခုကို တစ်နည်းနည်းဖြင့် မှီဝဲလျှင် သီလပျက်လေ၏။

မူးယစ်စေတတ်သော အရည်ဆေးဝါးမှန်သမျှကို ကျန်းမာရေးအတွက် မဟုတ်ဘဲ သောက်သုံးသောသူသည် သုရာမေရယကံပျက်၏။
ကာမေသုမိစ္ဆာစာရကံကဲ့သို့ ဤသီလသည် အပြစ်ကြီးသော မိစ္ဆာစာရတစ်မျိုးဖြစ်သည်ဟု ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ထို့ကြောင့် ဤသီလကို ကျုးလွန်ခြင်းမှာ အပြစ်ကြီးသည်ဟု တစ်ထစ်ချမှတ်ယူ၍ ရပါသည်။ သို့သော် မည်မျှလောက် အပြစ်ရှိသည်ကို ထပ်မံ၍ စစ်ဆေးကြည့်လျှင် ယခုခေတ်၌ အချို့သော ဆေးရည်ဆေးဝါးများတွင် မထင်မရှား အရက်ပါတတ်ပါသည်။ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌ သေရည်အနည်းငယ်မျှ ခတ်၍ချက်ရာဝယ် သေရည်အနံ့မထင်ရှားလျှင် ထိုဟင်းကို သံဃာတော်များပင် သုံးဆောင်ကောင်းသည်ဟု မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါသည်။ ထို့ကြောင့်
(၁) မထင်မရှား အရက်ပါသောဟင်းများကို စားသောက်မှု၊
(၂) မလွဲသာ၍ ဆေးဝါးအဖြစ် အနည်းအကျဉ်းသောက်သုံးမှု၊
(၃) တကယ့်ကို အရက်သီးသန့် သောက်သုံးမှု ဟူ၍
သုံးမျိုးရှိသည်ကို တွေ့ရှိရပါသည်။
ထို့တွင် ပထမဦးဆုံးအချက်သည် အပြစ်မရှိပါ။ ဒုတိယအချက်သည် အရက်စစ်စစ်ဖြစ်လျှင် ဤသီလပျက်၏။ သို့သော် အပြစ်ကြီးလှသည် မဟုတ်ပါ။ (ပ,ဒု နှစ်ချက်အား နောက်တစ်ပိုဒ်၌ ပြပါမည်) နောက်ဆုံးအချက်သည် သောက်ပြီး သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင်လုပ်မှု၊ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှု၊ ပတ်ဝန်းကျင်နှောက်ယှက်မှု၊ မူးယမ်းပြီး အော်ဟစ်နေမှုစသော အပြစ်တစ်စုံတရာ မလုပ်ဘဲနေပါကလည်း ဤသီလပျက်ပြီး သမ္မာသတိကင်းလွတ်မှု၊ မကောင်းသောအတွေးအကြံများ လွှမ်းမိုးမှု၊ မိုက်မဲတွေဝေမှု၊ ကုသိုလ်ကောင်းမှုပြုလုပ်ရန် မေ့လျော့မှု၊ စီးပွားပျက်မှု၊ အိမ်ထောင်ရေးပျက်စီးမှုစသော မျက်မှောက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ တစ်ချို့သောသူများက အရက်သောက်ပြီး သူတစ်ပါးကို မနှောက်ယှက်လျှင် အပြစ်မရှိမှုဟု မှတ်ထင်နေကြပါသည်။ အပြစ်ရှိပါသည်။ ထိုအပြစ်များမှာ ကုသိုလ်ကောင်းမှုမလုပ်ဖြစ်သောအပြစ်၊ ဉာဏ်ထိုင်းသောအပြစ်၊ ဘာဝနာမပွားများသောအပြစ်၊ စီးပွားရေးထိခိုက်စေသောအပြစ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်စေသောအပြစ်၊ သူတော်ကောင်းတို့ ကဲ့ရဲ့အပ်သောအပြစ် အစရှိသော အပြစ်တို့ များစွာရရှိပါသည်။ ထို့ပြင် ဤသီလကို ကျုးလွန်ပြီးနေသောသူသည် မျက်မှောက်ဘ၀၌ အထက်၌ဖော်ပြခဲ့သော သူတစ်ပါးမထိခိုက်အောင် နေနိုင်သောသူမှလည်း ထိုသို့သောအပြစ်များရရှိသည်ကို ထောက်ဆလျှင် သူတစ်ပါးထိခိုက်အောင် ပြုလုပ်သောသူသည် ပို၍ပင် အပြစ်များရရှိမည်ကို မှန်းဆကြည့်လျှင် သိနိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျုးလွန်သောသူသည် အသိဉာဏ်ကင်းမဲ့ပြီး မူးမိုင်းနေသောကြောင့် အထက်ပါလေးပါးသော သီလတို့ကို ကျုးလွန်မိရန် လွယ်ကူသည်ဟု ပြောဆိုသောစကားမှာ မှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။

ဝိနည်းပါဠိတော် ဘိက္ခုပါစိတ် သုရာပါနသိက္ခာပုဒ် အဖွင့်၌-
သေ မည်သည် မုန့်ညက်ဖြင့် ပြုသော သေမုန့်ဖြင့် ပြုသော သေထမင်းဖြင့် ပြုသော သေတဆေးခပ်၍ ပြုသော သေအထူးထူးသော အရာဝတ္ထုတို့နှင့် ယှဉ်စေ၍ ပြုသော သေတည်း။ အရက် မည်သည် အပွင့်ဖြင့် ပြုသော အရက် အသီးဖြင့် ပြုသော အရက် ပျားရည်ဖြင့် ပြုသော အရက် ထန်းလျက် တင်လဲဖြင့် ပြုသော အရက် အထူးထူးသော အရာဝတ္ထုတို့နှင့် ယှဉ်စေ၍ ပြုသော အရက်တည်း။ သောက်ငြားအံ့ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားဖြင့်သော်လည်း သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်၌ သေအရက်ဟု အမှတ်ရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ်သင့်၏၊ သေအရက်၌ ယုံမှားရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်၌ သေအရက် မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက် မဟုတ်သည်၌ သေအရက်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ် သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ်သည်၌ သေအရက်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ သေအရက်မဟုတ်ဘဲ သေအရက်၏ အဆင်း, သေအရက်၏ အနံ့, သေအရက်၏ အရသာ ရှိသော အဖျော်ကို သောက်အံ့၊ ဟင်းချက်ရာ၌လည်းကောင်း၊ စမဲဟင်းလျာချက်ရာ၌လည်းကောင်း၊ ဆီချက်ရာ၌လည်းကောင်း၊ သျှိသျှား (ဖန်ခါး)တင်လဲ၌လည်းကောင်း (အနံ့ကောင်းစိမ့်သောငှါ သေအရက် အနည်းငယ် ထည့်ချက်၍ စားအံ့)၊ သေအရက်မဟုတ်သော အရိဋ္ဌမည်သော (ဆေးနက်ရေ)အဖျော်ကို သောက်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။

ဤသီလကို ကျုးလွန်သောသူများသည် ဖြစ်လေရာဘ၀တို့၌ -
၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ပျက်ပြား ကျပ်မပြည့်ခြင်း။
၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။
၉။ နောင်ဘ၀၌ အရူးဖြစ်ရခြင်း။
၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှုမလုပ်ဘဲ သေပါက နောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက်ခြင်း။
စသောဆိုးကျိုးများကို ခံစားရမည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓဟောကြားခဲ့၏။ စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရပြီးထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာများကို ခံစားရပါသည်။ ထို့ကြောင့် အရက်သောက်ခြင်းသည် မျက်မှောက် တမလွန် နှစ်တန်သောကာလတို့၌ မကောင်းသောဆိုးကျိုးတို့ကိုသာ ခံစားရ၍ လုံးဝရှောင်ကြဉ်ရန် အထူးပင် လိုအပ်လှပါသည်။

ဗန်းမော်ဆရာတော်ကြီးအား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်းနှစ်ဦး အငြင်းအခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်းရာ ဆရာတော်က ခွင့်ပြုတော်မူပါသည်။
"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်မရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါဘုရား၊ ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား" ဟု ဒကာဖြစ်သူက လျှောက်ထားပန်ကြားအပ်ပါသည်။
ဆရာတော်က "ဒကာက ဘယ်ဘက်ကလဲ၊ အပြစ်ရှိတဲ့ဘက်ကလား၊ အပြစ်မရှိတဲ့ဘက်ကလား"
"အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီးသောက်ရင် အပြစ်မရှိဘူးလို့ တပည့်တော်ကထင်ကြောင်းပါဘုရား"ဟု လျှောက်ထားလေသည်။
ဆရာတော်က "ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့် ဒကာ"
ဒကာက "စိတ်သာရှင်စော ဘုရားဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား"
"ကောင်းပါလေ့ကွယ်" ဟုပြောပြီး ဆရာတော်မှ ဥပမာဖြင့်ရှင်းပြလေသည်။
"မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်"
"မြွေပွေးက ပေါက်မှာပါ ဘုရား"
"ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား"
"တက်မှာပါ ဘုရား"
"အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား၊ မြွေပွေးအဆိပ်ဖြစ်မလား"
"မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်"
"မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား၊ မသေနိုင်ဘူးလား"
"သေနိုင်ပါတယ် ဘုရား"
"အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား"
"မရနိုင်ကြောင်းပါဘုရား"
"ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး"
"မကိုင်ဝံ့ပါဘူး ဘုရား"
"ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား၊ ရေရဲ့ သတ္တိပြမလား"
"အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား"
"အရက်သတ္တိပြရင် မူးမလား၊ မမူးဘူးလား"
"မူးမှာပါ ဘုရား"
"မူးပြီး မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ... အပြစ်ဟာ အပြစ်ပါပဲ ဒကာ" ဟု ဆရာတော်က မိန့်တော် မူလေသည်။
တကယ်ထိမိတဲ့ ဆရာတော်၏ ဥပမာပေးချက်ပါသတည်း။
နေဘုန်းဝေ (ဗန်းမော်ဆရာတော်စွယ်စုံပုံပြင်များ)မှ

ခုဒ္ဒကပါဌ အဋ္ဌကထာ ၂၁၌ သုရာမေရယကံမြောက်ကြောင်း အင်္ဂါ(၄)ပါးအား ဤသို့ပြ၏။
၁။ သေရည်အရက် စသော မူးယစ်ဆေးဝါးတို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း။
၂။ မူးယစ်လို သောက်လိုသော စိတ်ရှိခြင်း၊၊
၃။ မူးယစ်သောက်စားခြင်းငှာ လုံ့လပြုခြင်း။
၎။ မူးယစ်ဆေးဝါးများကို သောက်သုံး မှီဝဲခြင်း။
၎င်းအင်္ဂါလေးပါး ညီညွတ်ပြည့်စုံလျှင် ကံမြောက်၏။ ထိုအဋ္ဌကထာ၌ပင် သုရာမေရယ(အရက် သေစာ သောက်စားခြင်း)မှ ရှောင်ကြဉ်ခြင်း အကျိုးတရား(၃၀)ပါးကို ပြပါတယ်။

၁။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့သော အလုပ်ကိစ္စတို့၌ ကောင်းမွန်လျှင်မြန်စွာ သိလွယ်ခြင်း။
၂။ အမြဲ မပြတ်သော သတိတရားများ ရှိခြင်း။
၃။ စိတ် ဂယောင်ခြောက်ခြားမဖြစ်ဘဲ ရူးသွပ်မှု မဖြစ်ခြင်း။
၎။ သတိလွတ်ကင်းမှ မဖြစ်ဘဲ ဉာဏ်ပညာ ရှိခြင်း။
၅။ မပြင်းမရိ လုံ့လ ဝီရိယ ရှိခြင်း။
၆။ ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းနေသူ မဖြစ်ခြင်း။
၇။ ပဋိသန္ဓေအားဖြင့် ဆွံ့ -အ နေသူ မဖြစ်ခြင်း။
၈။ မတွေမဝေခြင်း။
၉။ မမေ့မလျော့ခြင်း။
၁၀။ အသိပညာ ဉာဏ်မနည်းခြင်း။
၁၁။ ကိုယ်လက်အင်္ဂါ ခက်ထန်ရော်ကြမ်းတမ်းမှု မရှိခြင်း။
၁၂။ ဘေးအန ရာယ်ကင်းခြင်း။
၁၃။ ကြောင့်ကြမှုကင်းခြင်း။
၁၄။ မှန်ကန်ကောင်းမွန်သော စကားကိုပြောဆိုလေ့ရှိခြင်း။
၁၅။ ကုန်းချော ကုန်းတိုက်သောစကား၊ အကျိုးမဲ့သောစကားတို့ကို မပြောဆိုခြင်း၊ မိုက်ရိုင်း ကြမ်းတမ်းစွာ မပြောဆိုခြင်း။
၁၆။ နေ့ည မပြတ် မပြင်းမရိ လုံ့လ ဝီရိယရှိခြင်း။
၁၇။ သူတပါး၏ ကျေးဇူးကို သိတတ်ခြင်း။
၁၈။ ပြုလုပ်ပြီးသော အမှ ကိစ္စကို မမေ့မလျော့သိခြင်း။
၁၉။ ဝန်တိုတတ်မှု မရှိခြင်း။
၂၀။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှု ရှိခြင်း။
၂၁။ ကိုယ်ကျင့်သီလနှင့် ပြည်စုံတတ်ခြင်း။
၂၂။ ရိုးသား ဖြောင့်မတ်တတ်ခြင်း။
၂၃။ သူတစ်ပါးအား ရန်ပြုတတ်သော အမျက် ဒေါသနည်းပါးတတ်ခြင်း။
၂၄။ မကောင်းမှ များကို ပြုလုပ်ရမည်ကို ရှက်ခြင်း။
၂၅။ မကောင်းမှုများကို ပြုလုပ်ရမည်ကို ကြောက်ခြင်း။
၂၆။ ဖြောင့်မတ် မှန်ကန်သော အယူရှိခြင်း။
၂၇။ ကြီးမြတ်သော ကောင်းမှုနှင့် ပြည့်စုံတတ်ခြင်း(ရှိခြင်း)။
၂၈။ ပညာဉာဏ် ရှိနိုင်ခြင်း။
၂၉။ ပညာရှိ ဖြစ်နိုင်ခြင်း။
၃၀။ အကျိုးရှိသည် မရှိသည်တို့၌ လိမ္မာခြင်း (ကောင်းမှု မကောင်းမှုတို့ကို ခွဲခြား၍ သိတတ်ခြင်း)။
ဟူသော အကျိုးတရားတို့ ဖြစ်သည်။
ဤအကျိုးတရား(၃၀)မှ ပြောင်းပြန်ယူသောအားဖြင့် အကျိုးအပြစ်(၃၀)ကိုလည်း ဤနည်းမှီ၍ သိပါလေ။

အရက်သေစာသောက်စားခြင်း အပြစ်ပြဝတ္ထုအနေဖြင့် -
ရှေးအခါက ဘုရင်တစ်ပါးသည် သေရည်အရက်ကြောင့် သားငယ်အား မိမိကိုယ်တိုင်သတ်ခဲ့ဖူး၏။ သူသည် အသားဟင်းကိုလည်း တက်မက်သူဖြစ်၏။ တစ်နေ့သ၌ ဘုရင်ကြီး သေရည်သောက်ပြီးချိန်တွင် ပွဲတော်တည်ရန် အချိန်ကျသောကြောင့် စားတော်ချက်သည် အသားဟင်းမပါ၍ စိုးရိမ်ထိတ်လန့်စွာဖြင့် မိဖုရားကြီးအား အကူ အညီပေးနိုင်ရန် တောင်းပန်လျှောက်ထား၏။ မိဖုရားကြီးက "ဘုရင်ကြီးသည် သူ၏ချစ်လှစွာသော သားငယ်လေးအား တွေ့မြင်ရလျှင် အသားမပါသည်ကို ဘုရင်ကြီးမေ့သွား လိမ့်မည်၊ မစိုးရိမ်ပါနှင့်ဟူ၍ စားတော်ချက်အား နှစ်သိမ့်လိုက်၏။ ဘုရင်ကြီးပွဲတော် တည်ချိန်တွင် အသားဟင်းမပါသည်ကို သိပြီးအမျက်ထွက်တော်မူချိန်တွင် မိဖုရားကြီးက သားတော်လေးအား ပွေ့ချီလာပြီး ဘုရင်ကြီးအား ဆက်သလိုက်ရာ ဘုရင်ကြီးသည် သားတော်လေး၏လည်ပင်းကို ချိုးသတ်ပြီး စားတော်ချက်အား ချက်ချင်းချက်ခိုင်းပြီး ဟင်းအဖြစ်သုံးဆောင်တော်မူလေသည်။ နောက်တစ်နေ့နံနက်တွင် မိဖုရားကြီးအား သားတော်လေးကို ဆက်သရန်ပြောသောအခါ မိဖုရားကြီးလည် ငိုပြီး အကြောင်းစုံကို လျှောက်ထားလိုက်ရာတွင် ဘုရင်ကြီးသည် ပြင်းစွာနောင်တရခဲ့လေ၏။ အရက်သေစာသောက်စားမူးယစ်ပြီး ထိုကဲ့သို့ မှားယွင်းခဲ့သော ဆိုးရွားလှသည့် သာဓကများမှာ များစွာရှိ၏။ ယခုဘ၀၌လည်းအကျိုးမရှိ၊ သေလွန်လျှင်လည်း အပါယ်သို့ သွားရဦးမည်ဖြစ်၏။ လူပြည်ပြန်ရောက်လာသောအခါတွင်လည်း ရူးသွတ်ခြင်း၊ စိတ်မနှံ့ခြင်း စသည့် ဆိုးကျိုးများဆက်လက်ခံစားကြရပြန်သည်။ ဆိုးကျိုးပေါင်းများစွာ မွေးထုတ်ပေးသော သေရည်အရက်အား အဘယ့်ကြောင့်များ နှစ်သက်နေကြသနည်းဟု မိမိကိုယ်မိမိ မေးခွန်းထုတ်ရန် အလွန်ကောင်းလွန်းလှ၏။ မကောင်းမှန်းသိ မှားနေမှန်းသိသော်လည်း အဘယ်ကြောင့်များ မရှောင်ကြဉ်နိုင်ဘဲ မှဲဝဲနေကြသနည်း။ မိမိစိတ်ကိုနိုင်အောင် အထူးအားဖြင့် စောင့်ရှောက်ပြီး ထိုမကောင်းသော သေရည်အရက်တို့အား ရှောင်ကြဉ်ခြင်းအားဖြင့် မြတ်ဗုဒ္ဓ၏ ဥပါသကာ ဥပါသိကာအဖြစ် ခံယူဆောက်တည်ခြင်းဖြင့် မိမိအကျိုးသာမက လောကအကျိုးကိုလည်း စောင့်ရှောက်နိုင်သူဖြစ်အောင် လူငယ်လူကြီးအားလုံး အထူးပင် ကြိုးစားသင့်ပေသည်။

⬇ မှီငြမ်း ⬇

  • (သုတ်ပါထေယျ)
  • (ပါထိကဝဂ် သိင်္ဂါလသုတ်)
  • (ဘိက္ခုပါစိတ် သုရာပါနဝဂ်)
  • (ခုဒ္ဒကပါဌ အဋ္ဌကထာ)
  • (ပါချုပ်ဆရာတော်ဘုရားကြီး ဟောကြားသော “ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်” တရားတော်)
  • (တက္ကသိုလ်နန္ဒ၏ အင်တာနက်ဆောင်းပါး)

image

alay1@alay1