Credit:photo
အမည်မဖော်ဝံ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးခင်ဗျား
တိုင်းပြည်စီးပွားတိုးတက်မှာ သေချာပါရဲ့လား
(၁)
ဖေဖော်ဝါရီ ၂၃ ရက်ထုတ် ကြေးမုံသတင်းစာနဲ့ ၂၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ “နိုင်ငံစီးပွားတိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။
ဆောင်းပါးရဲ့ ဆိုလိုရင်းက ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းက ပြင်ဆင်ချက်ပုဒ်မ ၂၅ ကိုပဲ တိုက်ရိုက်ရည်ညွှန်းထားပြီး ဒီပုဒ်မကြောင့် နိုင်ငံ့စီးပွားရေးတိုးတက်လာမယ်လို့ တိုက်ရိုက်ရည်ညွှန်းရေးသားထားတာ ဖြစ်ပါတယ်။
ရေးသူအမည်ကိုတော့ “ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး” လို့ပဲ သုံးနှုန်းထားပါတယ်။ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်ရှိတယ်ဆိုတဲ့ အရပ်သားအစိုး ရလက်ထက်မှာ ကိုယ့်နာမည်ကိုယ်တောင် မထုတ်ဖော်ရဲဘဲ ပထမအကြိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ရေးသားထားမှုနဲ့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ဟောင်း၊ လာဘ်စားခဲ့သူ အရာရှိ၊ တရုတ်၊ ‘၀’ ၊ လက်နက်ကိုင်တွေနဲ့ မူးယစ်ရာဇာတွေပဲ အကျိုးရလာဒ်ရမယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဒီပုဒ်မ ၂၅ ကို နိုင်ငံ့စီးပွား တိုးတက်မယ်ဆိုပြီး ရေးသားခဲ့တာက ဝေဖန်စရာ ဖြစ်လာပါတယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဆိုပြီး ကလောင်နာမည်ခံခဲ့တာဟာ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပထမအကြိမ် ပြည်သူ့လွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်ထဲက တစ်ဦးဦးဆိုတဲ့ ယုံထင်ကြောင်ထင် ကလောင်အမည်အသုံးအနှုန်း ဖြစ်နေပါတယ်။ ဒီလို အမည်မဖော်ပြ၀ံ့ဘဲ မမျှတဘူးဝေဖန်ခံနေရတဲ့ ပုဒ်မ ၂၅ ကို အစိုးရ အာဘော်ကိုယ်စားပြုတဲ့ နိုင်ငံပိုင် သတင်းစာမှာ ပါဝင်လာတဲ့အခြေအနေဟာ အရင်စစ် အာဏာရှင်တွေလက်ထက်မှာ အကြီးအကျယ်ဝါဒဖြန့်ခဲ့တဲ့ ကပ္ပိယ ကံကောင်း၊ မအူပင်ခြင်ကျားတို့လို ရေးသားမှုမျိုးဖြစ်နေပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လွှတ်တော်က လိုက်လံရှာဖွေခဲ့ရတဲ့ ဒေါက်တာဆိတ်ဖွားလို အရေးအသားပါ။
ပြည်သူကို ကိုယ်စားပြုတဲ့၊ ပြည်သူက ရွေးကောက်ထားတဲ့၊ ပြည်သူ့လစာနဲ့ ပင်စင်စားခဲ့တဲ့ ကိုယ်စားလှယ်ဖြစ်ခဲ့သူတစ်ဦးရဲ့ အမည်ဖော်ပြချက်မပါတဲ့ ဒီရေးသားမှုဟာ ပုဆိုးခြုံထဲက လက်သီးပြသလိုဖြစ်နေပြီး အစိုးရ အာဘော်သတင်းစာတစ်စောင်က အာမခံချက်မရှိတဲ့ ဘာမဆိုဖြစ်သွားနိုင်တဲ့ ပုဒ်မ ၂၅ ကို ကောင်းတာလေးတစ်ခုပဲရွေးပြီး နိုင်ငံ့စီးပွားတိုးတက်မယ်လို့ ၀ါဒဖြန့်ချိသွားတာဟာ စိတ်ပျက်စရာအခြေအနေ ဖြစ်စေခဲ့ပါတယ်။
ဒီပုဒ်မ ၂၅ဟာ တိုင်းပြည်အတွက်ခဏတာ စီးပွားရေးတိုးတက်မှုတော့ ဖြစ်စေနိုင်ပေမယ့် ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလိုပဲ ငွေမည်းတွေဂယက်ကြောင့် မကြာခင် နှစ်အနည်းငယ်မှာပဲ တိုင်းပြည်စီးပွားရေးကို ပြန်လည်ပြိုပျက်စေနိုင်တယ်ဆိုတဲ့ အချက်ကို အစိုးရခွင့်ပြုချက်နဲ့ တရားဝင်ထုတ်ဝေနေတဲ့ ဖေဖော်ဝါရီ ၁၉ ရက်ထုတ် Weekly Eleven ဂျာနယ်မှာ ဖြိုးဝေဆိုတဲ့ ကလောင်နာမည်နဲ့ ဖြစ်နိုင်ခြေ ခုနစ်ချက်ပါဝင်တဲ့ “အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်း၊ ကျောမွဲတွေကို ဆင်းရဲတွင်းနက်စေမယ့် ငွေမည်းလျှော်ဖွပ်တဲ့ဥပဒေကြမ်း ပြင်ဆင်ပေးပါ” ဆောင်းပါးနဲ့ ရေးသားအကြံပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒီလို ကိုယ့်ကလောင်အမည်နဲ့ ကိုယ်တာဝန်ယူမှုရှိရှိ၊ သိက္ခာရှိရှိ အကြံပြုထားပြီး ဖြစ်သလို ဆောင်းပါးရှင်ကို ပထမဆုံးအကြံပေးချင်တာက လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်ထဲက တစ်ဦးဦးဆိုတဲ့ ယုံထင်ကြောင်ထင် ကလောင်အမည် အသုံးအနှုန်းအစား “ဦးဘယ်သူ၊ ဒေါ်ဘယ်ဝှာ” ဆိုတဲ့ နာမည်မှန်နဲ့ သိက္ခာရှိရှိ ရပ်တည်ရေးသားဖို့ အကြံပေးချင်ပါတယ်။
(၂)
အမည်မဖော်ဝံ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးခင်ဗျား …
လာအိုလိုနိုင်ငံမျိုးက မြန်မာနိုင်ငံမှာ လျှပ်စစ်လာရောင်းမယ်ဆိုတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာ ခရိုနီတိုင်ကွန်းကြီးတွေရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ပြန်လည်တွေးမိပါတယ်။ အာဏာရှိသူနဲ့ပေါင်းပြီး သယံဇာတတွေ ထုတ်မယ်။ အစိုးရကို ငွေကြေးလှူပြီး အမြတ်အစွန်းရတဲ့အလုပ်တွေ နိုင်ငံကနေ ယူမယ်ဆိုတဲ့အဆင့်က တက်မလာတာ ဒီနေ့အထိပါ။
တိုင်းပြည်သယံဇာတက ကုပ်သွေးစုတ်မယ်။ ရလာတဲ့ငွေကို အခွန်ရှောင်မယ်။ ပြီးရင်အစိုးရမူဝါဒတွေကြောင့် အလုပ်မလုပ်ဘူး ဆိုတာမျိုးအပြင် ပြည်ပနိုင်ငံတွေမှာလည်း အခွန်သွားရောက်တိမ်းရှောင်ခဲ့တဲ့ ဖြစ်စဉ်ကလည်း ၂၀၁၆ ခုနှစ် NLD ပါတီအနိုင်ရပြီး အာဏာရယူပြီးစ ဧပြီ ၃ ရက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကတော့ ပနားမားစာ ရွက်စာတမ်းများလို့ခေါ်တဲ့ Panama Papers ပဲဖြစ်ပါတယ်။
Panama Papers မှာဆိုရင် နိုင်ငံ ၅၀ ကျော်က နိုင်ငံရေးသမား ၁၄၀ (အဲဒီအထဲမှာ လက်ရှိနဲ့ ယခင် နိုင်ငံ့အကြီးအကဲ ၁၂ ဦး ပါ ၀င်ပါတယ်)၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ အခွန်တိမ်းရှောင်မှုနဲ့ မြန်မာနိုင်ငံက လူတွေနဲ့ ကုမ္ပဏီတွေရဲ့ အမည်စာရင်း ၃၃ ခု ပါဝင်ခဲ့ပါတယ်။
ဒီ ၃၃ ခုထဲက အမည်စာရင်း ၁၇ ခု မှာဆိုရင် ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြသီတာဆွေတင်၊ ဒေါ်မြမြစိုး၊ ဦးသုတ၊ ဦးဋ္ဌေးမြင့်၊ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးမြင့်ဆွေနဲ့ ဦးမျိုးတင်၊ JonathanW.smith၊ Earnest Horward Bolton II ၊ Quamruddin Ahmed ၊ Willian Mark Hilsma နဲ့ Financecrop Limited ၊ Poscelin Myanmar Limited ၊Myanmar – Search Company Limited ၊ CNOOC Myanmar Ltd နဲ့ CNOOC Myanmar Holding Ltd တို့ ပါဝင်ခဲ့ပါတယ်။
ဒုတိယအဖြစ် ၁၆ ဦးစာရင်းထွက်ခဲ့ရာမှာ Joern KRISTENSEN ၊ ဦးတင်မောင်ခင်၊ ဦးသင်းမောင်အေး (နှစ်ကြိမ်)၊ Liu Manho၊ Tong Kwok Cheong ၊Wu Rong ၊ Richard Xing Wan၊ ဦးခင်မောင်အေး၊ Wong Lui Hiu Herbert ၊ Mo Wan Fong Christine ၊ ဦးဟိန်းထက်ကျော်၊ Lai Man Wah.Joseph ၊ Fong Wai Yee ၊ Gold Water Co,Ltd ၊ Mr Lars Erik Larsen နဲ့ Bissing Phillippe Francois Leslie တို့ကို ဖော်ပြခဲ့ပါတယ်။
ဒီလို Panama Papers စာရင်းဝင် လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတချို့ကို ထိုင်းနိုင်ငံအပါအ၀င် သက်ဆိုင်ရာနိုင်ငံအလိုက် စိစစ်ခဲ့ကြပေမယ့် မြန်မာနိုင်ငံမှာတော့ အစိုးရကစိစစ်မှု မရှိခဲ့ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံသားအမည်ပေါက် ငွေစာရင်းတွေနဲ့ ပြည်ပနိုင်ငံတွေက ဘဏ်တွေမှာ ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားတယ်ဆိုတဲ့ ပြဿနာတစ်ခုကလည်း မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ရှင်းလင်းချက်တွေကို ပြည်သူတွေက မနှစ်လိုခဲ့ဘဲ ဒီ ၁၁ ဘီလျံ ပြည်ပဘဏ်တွေမှာ တကယ်ရှိ မရှိဆိုတာကို ပြည်သူတိုင်း သိရှိလိုခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်ခဲ့တဲ့ ၂၅ နှစ်တာကာလဟာ တိုင်းပြည်ကျဆုံးခြင်းနဲ့ ပဋိပက္ခနဲ့ အဆုံးသတ်ခဲ့သလို တိုင်းပြည်ဘဏ္ဍာတွေဟာလည်း ပြည်ပနိုင်ငံတွေကို ပုံစံမျိုးစုံနဲ့ စီးထွက်ခဲ့တယ်လို့ အဝေဖန်ခံခဲ့ရပါတယ်။ ဒီနေရာမှာဆိုရင် ၂၀၀၂ ခုနှစ်မှာ အဖမ်းဆီးခံရပြီး ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်မှာမှ ပြန်လွတ်လာခဲ့တဲ့ ဦးကျော်နေ၀င်းတို့ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီးဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ 7 Day မှာ ပြောခဲ့သလို The Voice Weekly မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဘက်စုံမြင်ကွင်းဆိုတဲ့အမည်နဲ့ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေးဘတ်စ်ကား လိုင်းထူထောင်ခြင်းစတဲ့လုပ်ငန်းခွဲ ကုမ္ပဏီပေါင်း ၁၀ ခုနီးပါးကို တည်ထောင်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တည်ထောင်ခဲ့တဲ့ အများပိုင်ဘတ်စ်ကားကုမ္ပဏီတွေမှာလည်း ရှယ်ယာအများအပြား ပါဝင်ခဲ့ပါတယ်။ သေဒဏ်ကျခံနေရပြီး ဆယ်စုနှစ်တစ်စုလောက် အကျဉ်းကျခံနေရသူတွေက ပြန်ပြီးတော့ လွတ်မြောက်လာစမှာပဲ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ငွေအမြောက်အမြားသုံးစွဲနိုင်မှုဟာ ဘယ်လိုငွေတွေနဲ့ပါလဲ။ ဘယ်လိုရရှိခဲ့ပါသလဲ။ တရားဝင်အခွန်ဆောင်ထားသလားဆိုတာ ပြည်သူတိုင်းသိလိုနေတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာခြောက်ကျပ်နှုန်းနဲ့ နှစ်ပေါင်းများစွာ သတ်မှတ်ပြီး လုပ်ပိုင်ခွင့်ရှိသူတွေက သယံဇာတထုတ်လို့ရောင်းရငွေတွေ၊ နိုင်ငံခြား ကူညီထောက်ပံ့ငွေတွေနဲ့ ပြည်ပချေးငွေတွေကို ခိုးထုတ်ကြမှုပါ။ ဒီလို တစ်ဒေါ်လာ ခြောက်ကျပ်နှုန်းနဲ့ ခိုးထုတ်သွားခဲ့တဲ့ ငွေတွေကလည်း ပုံစံပြောင်းလဲစီးဝင်လာနိုင်ပါတယ်။
တိုင်းပြည်ဘဏ္ဍာကို ခိုးဝှက်သွားခဲ့တယ်။ အခွန်ရှောင်ဖို့အတွက် တခြားနိုင်ငံမှာ မြှုပ်နှံခဲ့တာတွေကို လက်ရှိအစိုးရလက်ထက်ကျမှ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ငွေမည်းဂယက်ကြောင့် စီးပွားရေးကျဆင်းတာကို ယာယီပြန်လည်ထူထောင်ချင်တာကြောင့် ခိုးရာပါ၊ ၀ှက်ရာပါ တိုင်းပြည်က အဓမ္မ ခိုးထုတ်သွားတဲ့ငွေတွေကို အခွန်နှုန်း မပေးရသလောက်နှုန်းထားဖြစ်တဲ့ သုံးရာခိုင်နှုန်းနဲ့ ပြန်လည်ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ မိအေးနှစ်ခါနာပါလိမ့်မယ်။ ဒါ့အပြင် ဒီငွေမည်းတွေကြောင့် ယာယီပဲ စီးပွားရေးတက်ပြီး ငွေမည်းတွေ ပြန်ရပ်သွားချိန်မှာ စီးပွားရေးပြန်ကျသွားခဲ့ရင် မိအေးအခါခါနာတဲ့ကိန်းနဲ့ပဲ နာလန်ထူတော့မှာမဟုတ်လို့ ခိုးထုတ်သွားတဲ့ ငွေတွေကို အခွန်ရာခိုင်နှုန်း ၃၀ က လျှော့ဖို့ လုံးဝမတွေး သင့်ပါဘူး။
(၃)
အမည်မဖော်ဝံ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးခင်ဗျား…
ဆောင်းပါးနဲ့ ၀ါဒဖြန့်ချိရာမှာ အိန္ဒိယနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့် (Tax Amnesty) နှစ်ခုကို ကိုးကားခဲ့တာတွေ့ရပေမယ့် ကောင်းတာလေးတွေပဲ ဖော်ပြခဲ့တဲ့ တစ်ဖက်သတ်ဖော်ပြချက် ဖြစ်နေတာကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပုံစံကတော့ ကြမ်းတမ်းပြီး ၂၀၁၆ ခုနှစ်ထဲမှာ စတင်ခဲ့တဲ့ ဒီ Tax Amnesty အစီအစဉ်မှာ တရားဝင်မထုတ်ပြန်ရသေးတဲ့ ၀င်ငွေတွေနဲ့ ပိုင်ဆိုင်မှုတွေ ဖော်ထုတ်စေရာမှာ အစိုးရအတွက် ဒေါ်လာ ၉ ဒသမ ၈ ဘီလျံလောက် ရရှိခဲ့ပါတယ်။ ဒီလို ရရှိအပြီးမှာ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန် ငွေစက္ကူကို ဖျက်သိမ်းတယ်။ ငွေတွေကို အချိန်အကန့်အသတ်နဲ့ ဘဏ်သွင်းခိုင်းလို့ လူတွေလက်ထဲ ငွေရှားသွားစေရုံတင်မက အခြေခံလူတန်းစားတွေကိုပါ ဒုက္ခရောက်ခဲ့တယ်။ ဒီလိုဒုက္ခရောက်စေရာမှာ မြန်မာနိုင်ငံဘက်က အိန္ဒိယငွေနဲ့ ကုန်သွယ်မှုပြုတဲ့ ချင်းပြည်နယ်ဘက်မှာတောင် နစ်နာမှုများစွာ ကြုံခဲ့ရပါတယ်။ ဒါ့အပြင် ငွေမည်းလက်ဝယ်ရှိနေနိုင်တဲ့ အိမ်တွေဝင်စီးတယ်။ ဘဏ်သွင်းတဲ့လူတွေရဲ့ ငွေစာရင်းတွေကို စစ်ဆေးတယ်။ အခွန်ကောက်တယ်ဆိုတာမျိုးတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် ဒီစီမံကိန်းဟာ အောင်မြင်တယ်လို့တော့ သတ်မှတ်ခံခဲ့ရမှု မရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံရဲ့ Tax Amnesty မှာ အဆင့်သုံးဆင့် ရှိပါတယ်။ ရွေးချယ်စရာ နည်းလမ်း နှစ်ခုပါပြီး သုံးလတစ်ပိုင်းသတ်မှတ်ထားတဲ့ အချိန်ကိုးလကြာမြင့်ပါတယ်။ Tax Haven နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းထားတဲ့ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်စီးဝင်လာဖို့ လုပ်ဆောင်ခဲ့တဲ့ ဒီစီမံကိန်းမှာ ပထမသုံးလအတွင်း ၀င်ငွေကြေညာခဲ့ရင် ၀င်ငွေခွန် လေးရာခိုင်နှုန်းပဲ ပေးဆောင်ရမှာဖြစ်ပြီးတော့ ပိုင်ဆိုင်မှုတွေကို နိုင်ငံအတွင်း ပြန်လည်သွင်းယူခဲ့မယ်ဆိုရင် ပထမသုံးလမှာ ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းပဲ ပေးဆောင်ရမှာပါ။ ဒုတိယသုံးလပတ်မှာ ကြေညာခဲ့ရင် ခြောက်ရာခိုင်နှုန်းဖြစ်ပြီး ပိုင်ဆိုင်မှု ပြန်လည်သွင်းယူခဲ့ရင် သုံးရာခိုင်နှုန်းပဲ ကောက်ခံမှာဖြစ်သလို တတိယသုံးလပတ်မှာ ကြေညာမယ်ဆိုရင် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှု ပြန်လည်သွင်းယူလာရင်ငါးရာခိုင်နှုန်းပဲ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီ ကိုးလကြာ Tax Amnesty အစီအစဉ်ပြီးဆုံးသွားချိန်မှာ အခွန်ရှောင်မှုတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။ ၂၀၁၇ မတ် ၃၁ ရက်မှာ ပြီးဆုံးခဲ့တဲ့ ဒီအစီအစဉ်ဟာ အင်ဒိုနီးရှားအစိုးရ မျှော်မှန်းထားတာထက် ပိုမိုတဲ့အခြေအနေဖြစ်ခဲ့ပြီး နိုင်ငံ့ လူဦးရေ သန်း ၂၅၀ ကျော်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ အခွန်ဆောင်နေရာကနေ ဒီအစီအစဉ်ကြောင့် အနည်းဆုံး ၇၄၅၀၀၀ လောက်က ဒေါ်လာ ဘီလျံ ၃၃၀ လောက်ကို ပိုင်ဆိုင်မှု ကြေညာခဲ့သလို အစိုးရအနေနဲ့လည်း အခွန် ၁၀ ဘီလျံကျော် ရရှိခဲ့ပါတယ်။ ပြည်တွင်းကို ပြန်လည်သယ်ဆောင်မှုတန်ဖိုးကတော့ ဒေါ်လာ ၁၀ ဘီလျံကျော်ပဲရှိတာကြောင့် အင်ဒိုနီးရှား အစိုးရမျှော်လင့်ခဲ့တဲ့ ဒေါ်လာဘီလျံ ၇၀ ကျော်အထိ လုံးဝရောက်ရှိခဲ့ခြင်းမရှိဘဲ မျှော်လင့်ချက်ရဲ့ ၁၄ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအ၀င် အကောင်းမြင်သူတွေက ဒါမှမဟုတ် ဒီလို ငွေမည်းခ၀ါချခွင့်ကို သုံးရာခိုင်နှုန်းနဲ့ ရဖို့ကြိုးပမ်း နေသူတွေက မြန်မာ့ Tax Amnesty ကို အလွန်အကျွံ မျှော်လင့်ပြီးဈေးကစားဖို့ ငွေမည်းခ၀ါချဖို့ စောင့်မျှော်နေပါတယ်။