📷

alay1(38)
Published in
#zappl
Words
176
Reading
1 min
Listen
Play
8y

~ ရဟန္တာလည်း အာပတ်သင့်နိုင်သည် ~


 ဥပမာ...  ရဟန္တာ ပုဂ္ဂိုလ်တပါးသည် စာပေ မသင်ကြားဘူးသဖြင့် သိက္ခာပုဒ်များကို မသိနားမလည်ချေ....

ထိုရဟန္တာ၏ မိဘနှစ်ပါးသည် ခိုက်ရန်ဖြစ်၍ မိခင်သည် အိမ်မှဆင်းသွား၏... ဖခင်သည် သားရဟန်းအား မိခင်ကိုပြန်ခေါ်ပေးရန် ပြော၏...
သားရဟန်းသည် မွန်မြတ်သော မေတ္တာစေတနာဖြင့် မိခင်ကိုလိုက်ခေါ်၍ အကျိုးအကြောင်းကို ဖခင်ထံ တဖန်ပြန်ပြောလျှင် ထိုရဟန္တာမှာ သံဃာဒိသိသ်အာပတ် သင့်လေသည်။(ကင်္ခါ၊ဋ္ဌ။၁၃၃)
ဤအချက်ကို မသိသော ပဋိပတ္တိဘက်မှ ပုဂ္ဂိုလ်ကြီးများသည် ဤခေတ်တွင် စာပေမတတ်ခြင်းကို ဂုဏ်ယူနေကြလေသည်...
ရဟန်းဝတ်ဖြင့် နေသော ပုဂ္ဂိုလ်မှန်သမျှသည် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ပါဠိစကား၊ အရေး၊ အပြောကို မသင်လိုက မသင်ယူဘဲ နေနိုင်ပါ၏...
သို့ရာတွင် ဝိနည်း သိက္ခာပုဒ်များကို မူကား မလွှဲမသွေ သင်ယူ မှတ်သားကြရမည့် တာဝန် ရှိလေသည်...
ပါဠိလို မကျက်မှတ်နိုင်ပါက မြန်မာလို သဘောအဓိပ္ပါယ်ကိုမူ ကျက်မှတ်ထားရမည့် တာဝန် ရှိလေသည်.. ဥပဒေကို မသိ၍ လွန်ကျူးသော်လည်း အပြစ်ရှိသည်သာ ဖြစ်၏...
အကယ်၍ အသက်အရွယ် ကြီးရင့်၍ ဝိနည်းသိက္ခာပုဒ်များကို ကိုယ်တိုင် ကျက်မှတ်နိုင်စွမ်းမရှိပါမူ မိမိတပါးတည်း သီးခြားနေထိုင်ခွင့် မရှိချေ...
ဝိနည်းတတ်ကျွမ်းသော မထေရ်ကြီးများ၏ အနီး၌သာ နေရမည်..
ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးများ၏ အဆုံးအမကို ခံယူနေရပေမည်....
ပုထုဇဉ်ဖြစ်စေ... ရဟန္တာဖြစ်စေ... ရဟန်းမှန်လျှင် အာပတ်တခုခု သင့်လေ့ရှိ၏.. သိက္ခာပုဒ်ကို သိသည်ဖြစ်စေ..
မသိသည်ဖြစ်စေ.. စိတ်ပါသည်ဖြစ်စေ...စိတ်မပါဘဲ အမှတ်တမဲ့ဖြစ်စေ အာပတ်သင့်နိုင်၏...
ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်များသည်လည်း ဒေသနာ ပြောကြားရ၏ အာပတ်ကို ကုစားရ၏.. လပြည့် လကွယ်နေ့တိုင်း ပါတိမောက်ရွတ်ပြရာ,ဥပုသ်ပြုရာသို့ ရဟန်းတိုင်း သွားရောက် နားထောင်ကြရ၏.. ရဟန်းများသည် လပြည့် လကွယ်နေ့များတွင် သိမ်အတွင်း စည်းဝေး၍ စွမ်းနိုင်သောပုဂ္ဂိုလ်က ၂၂၇ - သွယ်သောသိက္ခာပုဒ်များကို အစ အဆုံး ရွတ်ပြ၍ ထိုသိက္ခာပုဒ်အရ အာပတ်သင့်ခြင်း ရှိ- မရှိ မေးမြန်းစိစစ်ရသည်...
အာပတ်သင့်ကြောင်းတွေ့ရှိက ထိုနေရာမှာပင် ဒေသနာကြား၍ အာပတ်ကို စင်ကြယ်အောင် ကုစားရ၏...
ထို့ကြောင့် လပြည့်, လကွယ်နေ့တိုင်း ဥပုသ်ပြုခြင်းသည် လွန်စွာအရေးကြီး၏...
ဤအချက်ကို သဘောမပေါက်သော ရဟန္တာအရှင်မဟာကပ္ပိနသည် တပါးတည်းနေတော်မူစဉ် ဤသို့ကြံစည်စဉ်းစားလေ၏...
"ငါသည် အလွန်စင်ကြယ်၏၊ အာပတ်ဟူ၍ မြူမျှမရှိ၊ အတိုင်းထက်အလွန် စင်ကြယ်နေသောကြောင့် သံဃာတော်များ ဥပုသ်ပြုရာသို့သွားရန် လိုပါဦးမည်လော၊ စင်ကြယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကား ဥပုသ်ပြုရာ,ပါတိမောက်ပြရာသို့ သွားရောက်ရန်မလိုဟု ထင်၏"
ဤသို့ ဆင်ခြင်စဉ်းစားနေသည်ကို မြတ်စွာဘုရား သိတော်မူ၍ တန်ခိုးတော်ဖြင့် ကြွရောက်တော်မူလာပြီးလျှင်...
"ဥပုသ်ပြုခြင်း၊ ပါတိမောက်ရွတ်ပြခြင်းကို သင်ကဲ့သို့သော ပုဂ္ဂိုလ်များက အမြတ်တနိုး ရိုသေလေးစားကြရမည်... ဥပုသ်ပြုရာသို့ မသွားဘဲ မနေရ... သွားကို သွားရမည်"ဟု မိန့်ကြားတော်မူလေသည်။ (ဝိနည်း၊မဟာဝါ။၁၄၅)

image

alay1@alay1

📷 | Ecency