ကျွန်တော်နှင့် နိုင်ငံခြား ( Henry Aung )

henry Aung.jpg

မင်္ဂလာပါ။ ဤ ဆောင်းပါးမှာ ကျွန်တော့ ကိုယ်ပိုင်ခံယူချက်သာ ဖြစ်၍ ဤ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း ပြောလိုရင်းမဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် လူတိုင်းလူတိုင်း၏ ကိုယ်ပိုင်အလုပ်ချိန်နှင့် လုပ်ရသော လုပ်ငန်း မတူ ကြ၍ ရရှိနိုင်ကြသော အားလပ်ချိန်ချင်း မတူနိုင်ကြ၍ ဖြစ်ပါသည်။

ကျွန်တော် စင်္ကပူ သင်္ဘောကျင်းတွင် အလုပ်လုပ်နေစဉ်က မိမိအားလပ်ချိန်များကို ပညာရေးအတွက် အသုံး ပြုနေရသဖြင့် စင်္ကပူ ပြင်ပသို့ ခရီး ထွက်ရန် အခွင့်မသာခဲ့ပါ။ သို့သော် ကျွန်တော် ရုံးလုပ်ငန်း ပြောင်းလုပ်ပြီ ၂၀၁၀ နှောင်း ပိုင်းတွင်တော့ တနှစ်လျင် အနည်းဆုံး ၂ ကြိမ် စင်္ကပူ ပြင်ပသို့ ခရီး ထွက်ပါသည်။

ခရီးတခါ ထွက်လျင် အနည်းဆုံး တပါတ်ခန့် အချိန်ယူ၍ လည်ပတ်လေ့ရှိပါသည်။ အခြားသူများ ခရီထွက်လျင် နာမည်ကြီးသောနေရာ ခမ်းနားသော shopping mall များသို့ လည်ပတ်သော်လည် ကျွန်တော် ခရီးထွက်လျင်ထိုသို့ မဟုတ်ပါ။ လူမသိ သူမသိ သေးသောနေရာ အထူးသဖြင့် လူအရောက်အပေါက်နည်းသော နေရာများကို ရွေးချယ်သွားလေ့ရှိပါသည်။

ဥပမာဆင်းရဲသားရပ်ကွက် များနှင့် နာမည် မကြီးသော ဘုရားပုထိုးများ ကို သွားရောက်ကြည့်ရှုရန် ပိုအားသန်ပါသည်။ အကြောင်းမှာ လှပခန့်ငြားသော အဆောက်အဦးများ မှာ အမြင်တင့်တယ် စေရန် ပြင်ဆင်ထားပြီး ဖြစ်၍ မိမိမရောက်သေးသော်လည်း ဓါတ်ပုံများ internet များတွင်ရှာ၍ ကြည့် နိုင်ပါသည်။ ထိုလူ အရောက် အပေါက်နည်းသော နေရာများမှာ သဘာဝကို သဘာဝအတိုင်း မြင်နိုင်ပါသည်။

ထို့ကြောင့် ကျွန်တော် နှင့် ခရီးသွားလျင် တော်ရုံလူ မလိုက်ချင်ကြပါ။ အများအားဖြင့် ကျွန်တော်တယောက်တည်း လျှောက်သွားသည်ကများပါသည်။ မလေးရှား ၊ အင်ဒိုနီးရှာ ၊ ဗီယက်နမ် ၊ ထိုင်းနိုင်ငံ ဖူခက် စသည်နေရာများမှ နေရာတော်တော်များများ လူမသိသေးသော နေရာများသို့ ရောက်ဖြစ်ပါသည်။

အင်ဒိုနီးရှား သို့ ရောက်သော အခါ တံငါ သည်များ ရှိရာ ရပ်ကွက်သို့ သူတို့ မည်သို့ မည်ပုံ ငါးဖမ်းသည် မည်သို့ မည်ပုံ နေထိုင်သည် စသည်တို့အား လေ့လာသည် ဆိုခြင်းထက် စူးစမ်း လိုသည်ဟု ဆိုလျင် ပိုမှန်မည် ထင်ပါသည်။ ထိုထက် ပိုပြောရလျင်တော့ စပ်စု သည်ဟု ဆိုနိုင်ပါသည်။ သူငယ်ချင်းများအား ဤသို့ ညစ်ပတ် နံစော်နေသော ရပ်ကွက် ကြိုကြား သို့ ခေါ်သွားလျင် သူတို့ အနေဖြင့် စိတ်ဝင်စားစရာ မရှိလှ၍ ကျွန်တော့အား ပိုက်ဆံဖြုန်းသူ အနေဖြင့် ဝိုင်းဆဲ လေ့ရှိသောကြောင့် များသောအားဖြင့် တယောက်တည်းသာ သွားလေ့ရှိပါသည်။

တခါတရံ အဖေါ် အဖြစ် တိုးဂိုက်များ ငှားသွား သော်လည်း ကျွန်တော်သွားချင်သော နေရာသာ လိုက်ပို့ ခိုင်း၍ သူတို့ အနေဖြင့် ကျွန်တော်ကဲ့သို့ လည်ပတ်သူ မတွေ့ဘူးကြောင်း ပြောပြကြသလို အချို့ကလည်း သတင်းထောက်လော ၊ စပိုင် လော ဟူ၍ အထင်ခံရသည်လည်း ရှိပါသည်။

001.jpg

ဤတွင် ကြုံ၍ ခရီးထွက် ခြင်း တနည်းအား ဖြင့် နိုင်ငံခြား သွားသည် ဆိုသည့် အကြောင်းအား အနည်းငယ် ဝေမျှလိုပါသည်။ တရက်တွင် ကျွန်တော်တို့ ရုံးတွင် ရှိသော လုပ်ဖေါ်ကိုင်ဖက်များဖြင့် နေ့လည်စာ စားပြီးနောက် pantry ထဲတွင် စကားထိုင်ပြောနေခဲ့ကြပါသည်။ စကားများ ဟိုရောက်သည်ရောက် ဖြင့် မိမိတို့ လက်ဖဝါးတွင်ရှိသော လက်ဏ္ခာ များအကြောင်းကို ရောက်သွား၍ စကားကောင်းနေခဲ့ကြပါသည်။

ကျွန်တော်လည်း ဘေးတွင်ရှိနေသော စာရေးမလေး တယောက်၏ လက်ဖဝါးအားကြည့်၍ " နင် နိုင်ငံခြား သွားရကိန်းရှိတယ် " ဟူ၍ ပြောလိုက်ပါသည်။ သူ့ အနေဖြင့် ထွေထွေထူးထူး ခံစားချက် မရှိပါ။" နိုင်ငံခြား သွားရတော့ ဘာဖြစ်သလဲ " ဟူ၍ ပြန်မေးပါသည်။ ထို့နောက် သူမှ ဆက်၍ " ငါ အလုပ်လုပ်ကတည်းက ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ခရီးထွက်တာ နိုင်ငံ ပေါင်းစုံ ရောက်နေပြီ ၊ ဒီနှစ်လည်း ပေါ်တူဂီ သွားဖို့ လက်မှတ်ကြို ဝယ်ထားပြီး ပြီ " ဟူ၍ ထပ်ပြောပါသည်။

သူတို့ အတွက်တော့ နိုင်ငံခြား ထွက်ခြင်းမှာ အထူးတဆန်း မဟုတ်တော့ပါ။ ကျွန်တော်တို့ မြန်မာ များ အဖို့တော့ " ဗေဒင် ဆရာမှ နိုင်ငံခြား သွားရမယ် " ဟု ဟောပေးလျင် သွားရသည် မသွားရသည် နောက်မှ အရင်းဆုံး စိတ်ကူးနှင့် ပျော်နေကြသူများ ဖြစ်ပါသည်။ ရပ်ခြား မြေခြားသို့ ခရီးထွက်ခြင်းသည် ဗဟုသုတများ တိုးပွားလာစေသည့် အပြင် မိမိ အတွင်းစိတ်ကို အစာကျွေးရာလည်း ရောက်ပါသည်။

မိမိ မရောက်ဘူးသေးသော နေရာဒေသ ၊ တိုးတက် မှု နိမ့်ပါးမှု စသည်တို့အား အထင်းသားမြင်နိုင်ပါသည်။ ခရီးသွားခြင်း ဟု ဆိုရာ၌ နေရာဒေသ၏ သွားလာရ လွယ်ကူ မှု ၊ ဈေးနှုန်း စရိတ်သက်သာမှု ၊ ဝန်ဆောင်မှု ကောင်း ခြင်း တို့ အပေါ်အများကြီးမှုတည်ပါသည်။

အင်ဒို နီးရှား ၊ ဘာလီ ၊ ဘင်တန် ၊ ဘာတန် စသည့်နေရာများသည် လည်ပတ်ရန် စရိတ်စက သက်သာသလို သွားလာရလည်း အလွန်လွယ်ကူပါသည်။ ရာဇဝတ်မှုနှင့် မကင်းသူများ မှလွဲ၍ သာမန်လူများ အဖို့ မိမိအိမ်သို့ ဝင်ထွက်သွားလာရသလောက်လွယ်ကူပါသည်။ တခုခု ဖြစ်လျင်လည်း ဆေးရုံဆေးခန်းများ ရဲစခန်းများက ကူညီရန် အသင့်ရှိပါသည်။ ကျွန်တော့ အတွက် တော့ မိမိ မရောက်ဘူးသေးသော နေရာများသည် မိမိအတွက်တော့ နိုင်ငံခြား သာဖြစ်ပါသည်။

002.jpg

၂၀၁၈ ခုနှစ်အတွက် ကျွန်တော် မရောက်ဘူးသေးသော နိုင်ငံခြား မန္တလေးသို့ သွားရောက်လည် ပတ်ပြီး ဖြစ်သလို ယခုလာမည် သြဂုတ်လတွင်လည်း နိုင်ငံခြား ပုဂံသို့ သွားရောက်လည်ပတ်ပါအုံးမည်။ ဤတွင်ကြုံ၍ ကျွန်တော်တို့ ပုဂံတွင် ပြုလုပ်မည် ဖြစ်သော တွေ့ဆုံပွဲ သို့ တက်ရောက်ရန် အချို့ members များက အသွားအပြန် စရိတ် တသိန်းကျော် ကုန်ကျမည့်သူများ ရှိသလို အချို့ကလည်း ၂ သိန်းနီးပါးရှိကြောင်း သိရပါသည်။

ကျွန်တော့ အနေဖြင့် ပြောရလျင် အလွန်အားနာပါသည်။ ဤ ၂ သိန်းဟူသော ငွေကြေးသည် အချို့သူများ အတွက်တော့ တလစာ လခ ဖြစ်နိုင်သလို ၊ တပါတ်စာ မီးဖိုချောင်စရိတ်လည်း ဖြစ်နိုင်ပါသည်။ သာသမီးရှိကြသော မိဘများ အဖို့ သားသမီးများအတွက် တလစာ ကျူရှင် စရိတ်လည်း ဖြစ်နိုင်ပါသည်။

ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံပွဲ တို့ တက်ရောက်ရန် နှောင့်နှေးနေကြသူများအားလည်း နားလည်နိုင်ပါသည်။ အခြား နိုင်ငံသူ နိုင်ငံသားများက တော့ မိမိတို့ လုပ်ခလစာထဲမှ အားရင် အားသလို နိုင်ငံရပ်ခြားသို့ အိမ်သာတက်သကဲ့သို့ အလွယ်တကူ အလည် အပတ်ထွက်နိုင်ကြသော်လည်း မိမိတို့ မြန်မာ နိုင်ငံသားများကတော့ ပြည်ပ ထွက်ရန် အသာထား ဤ မိုင် ၅၀၀ , ၁၀၀၀ ပင်မဝေးသော ပြည်တွင်းသို့ လည်ပတ်ရန်ပင် စဉ်းစားချင့်ချိန်နေကြရသော ဘဝများကို တွေးမိ၍ သွားလေသူ ၊ သွားလေလတံ့ သော ညာဏ်ကြီးရှင် များအားသာ ကျိန်ဆဲချင်မိပါတော့သည်။ ဆက်၍ ရေးသားရလျင် ဒေါသ သင့်သော ဆောင်းပါး ဖြစ်တော့မည် ဖြစ်၍ ဤမျှနှင့်ပင် တော်သင့်ပါပြီ။

ကျွန်တော့ အနေဖြင့်လည်း MSC members များအားလုံး အကုန်အကျ မရှိ FOC တွေ့ဆုံပွဲ ဖြစ်စေချင်သော်လည်း ကျွန်တော့ ဖခင်မှာ ခရိုနီ တယောက်မဟုတ်၍ ထိုမျှလောက် မစွမ်းသာပါ။ ဖြစ်နိုင်လျင် MSC members တိုင်းအား သိန်း ၄၀၀၀ တန်ကားများဖြင့် တွေ့ဆုံပွဲသို့ ပို့ပေးချင်ပါသည်။ ယခုတော့ မိမိ အနေဖြင့်လည်း SBD ဈေး ထိုးတက်သွားစေရန် ဆုတောင်းခြင်းသာ တတ်နိုင်ပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit :Original source

Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now