ရွှေနှင့် ဝေဒနာ။

စာရေး ပိုစ့်တင်ဖို့ တရက်ခြားတင်မည်ဟု
စိတ်ကူးသော်လည်း ပျက်သည်က များလာသည်။
မီးပျက်၍ ဖုန်းအားမရှိသည်ကတကြောင်း၊
အခြားအကြောင်းများကြောင့် တကြောင်း၊
အကြောင်းတွေကများလာသည့်အပြင်
Hive ဈေးက ကျနေသည့်တကြောင်းပါ
ထဲ့တွက်ပါရင် အကြောင်းအမျိုးမျိုးပြလို့
ကောင်းတော့သည်။

မည်သို့ဆိုစေ ထိုသို့သော အကြောင်းအမျိုးမျိုး
ပြသည့်ကြားမှ ပိုစ့်တင်ဖြစ်အောင် ကြိုးစား
ရပါသည်။ မည်သည့်အချိန်တွင် ကိုယ့်အရပ်သို့
ရောက်လာမည်မသိသော တော်လှန်ရေးကို
မျှော်ရသည်က မောရပါသည်။ ရောက်ရှိလာပါမူ
Hive မှာစာရေးပိုစ့်တင်ဖို့ မသေချာတော့ပေ။
ဒီတော့ ပိုစ့်တင်လို့ ရသည့်အချိန်မှာ အပျင်း
မဖက်ပဲ ရေးလိုက်ပါဟု ကိုယ့်ကိုကိုယ်အားပေး
ရသည်။

တနေ့က အမသည် သူ့အိမ်လေးဆောက်ပြီး
ကုသိုလ်မပြုလုပ်ရသေး၍ ကုသိုလ်လုပ်ချင်သည်။
သံဃာတော်သုံးပါးပင့်ပြီး မိတ်ဆွေအနည်းငယ်ကို
ဖိတ်၍ ထမင်းကျွေးချင်သည်။ ထိုသို့ကုသိုလ်
ပြုလုပ်ရန် ငွေလိုသည်။ ငွေလို၍ ရွှေရောင်း
ရသည်။ ထိုရွှေရောင်းသည့်အခါမှာ အခက်တွေ့
လေသည်။

ကျွန်တော်တို့ အင်တာနက်မှာတွေ့ရသော
ရွှေဈေးကတမျိုးဖြစ်သည်။ ရွှေဆိုင်မှာ သွား၍
ရောင်းသည့်အခါ ဈေးတမျိုးဖြစ်‌ နေသည်။
အင်တာနက်မှ ရွှေ ဈေးနှင့် ပြင်ပရွှေဆိုင်များမှ
ရွှေဝယ်ယူမှု ဈေးက အတော်ကွာခြားသည်။
သို့နှင့် ရွှေရောင်းရန် စိတ်မပြတ်သားဖြစ်သွားသည်။
ရောင်းဖို့ရွှေက အနည်းငယ်သာဖြစ်သည်။
သို့ပေသိ ကိုယ်တွေလို သာမန်လူတန်းစားအဖို့
တသောင်း၊ နှစ်‌သောင်း ကွာခြားသည်ကပင်
ထိခိုက်ရသည်။ တသိန်း နှစ်သိန်းဆိုပါမူ
အတော်ကို ထိလှပေသည်။

သို့နှင့် ရွှေဆိုင်မှာ မရောင်းပဲ လမ်းဘေး
ရွှေငွေ ရောင်းဝယ်သည်ဆိုသော ဆိုင်မှာ
မေးမြန်သည့်အခါ ဈေးပိုရနေသည်။
ကိုယ်ဝယ်ယူခဲ့သော ရွှေဆိုင်ကြီးက
သူ့ဆိုင်ဘောင်ချာနှင့် သူ့ထံရောင်းသည့်ထက်
လမ်းဘေးက ရွှေဝယ်ယူသည့်ဆိုင်က ငွေပိုပေး
ကာဝယ်ယူသည်။


Image Credit.

တိုင်းပြည်ကြီးက ကပြောင်းကပြန်တွေ
ဖြစ်တော့ စီးပွားရေးသမားတွေလည်း
ကပြောင်းကပြန်တွေ ဖြစ်ကုန်ပေတော့သည်။
ကိုယ်တွေက အလှူဒါနလေးတွေပြုလုပ်၍
ကိုယ့်အိမ်မှာ အေးအေးချမ်းချမ်းနေ၍
ရနေပေသေးသည်။ တနေ့က Facebook
မှာ တွေလိုက်ရသည်။ စစ်ဘေးရှောင် အမျိုးသမီး
တဦးသည် ဆိုင်ကယ်ဖြင့်မိသားစုကိုတင်ကာ
ဘေးလွတ်ရာ တိမ်ရှောင်ပုံဖြစ်သည်။ သူမ၏
သန်မာမှုကို မြင်ရသည်။ ကိုယ့်သွေးသား
အန္တရာယ်ကင်းရေးအတွက် သူမ၏
စွမ်းဆောင်ရည်ကို မြင်ရသည်မှာ ရင်ထဲမှာ
ဝေဒနာတခုဖြစ်ခဲ့ရပြန်သည်။ အမည်မသိ
ဝေဒနာတွေကတော့ ယနေ့ခေတ်ကြီးမှာ
အင်မတန်ပေါများလှပါလား။

@htwegyi
July 20, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center