ခွင့်တူ ညီမျှ ဝါဒ ဖြူစင်တဲ့မြေ။

တရားမျှတ လွတ်လပ်ခြင်းရဲ့မသွေ
တို့ပြေ တို့မြေ။
ခွင့်တူ ညီမျှ ဝါဒ ဖြူစင်တဲ့မြေ။

ဖော်ပြပါ နိုင်ငံတော်သီချင်းကို
အိမ်ဘေးရှိ ကိုယ်ပိုင်မူလတန်းကျောင်းမှ
ကလေးများက ပြိုင်တူ အော်ဆိုနေကြခြင်း
ဖြစ်သည်။ မနက်ပိုင်း ကျောင်းတက်ချိန်မှာ
နိုင်ငံတော်သီချင်းကို ဆောင်ဘောက်ဖြင့်
ဖွင့်ကာ နေ့စဉ်သီဆိုကြသည်။

တနေ့က ထို ကျောင်းမှ နိုင်ငံတော်သီချင်းကို
ကလေးများက သံပြိုင်အော်ဟစ် ဆိုနေသည်။
ထိုသို့ သီဆိုနေစဉ် ကျောင်းပေါ်မှ တိုက်လေယာဉ်က
ဝေါကနဲ့ အော်မြည်းကာ ကလေးများ၏
နိုင်ငံတော် သီချင်းသံကို ဖုံလွှမ်းကာ
ဖြတ်သန်းပျံဝဲသွားသည်။

ခွင့်တူ ညီမျှ ဝါဒ ဖြုစင်တဲ့မြေမှာ
ပြေးသူက ပြေး၊ ငေးသူက ငေးနေကြလေရဲ့။
စစ်မက်ဖြစ်ပွားရာ အရပ်ဒေသမှ ကလေးများက
ငိုကြွေး ဆာလောင်ပြီး ပြေးလွှားနေကြသည်။
ကျွန်တော်တို့အရပ်မှ ကလေးများက
စာသင်ကျောင်းမှ နေ၍ ကောင်းကင်ထက်မှ
တိုက်လေယာဉ်ကို ငေးမောကြည့်နေကြလေရဲ့။

ခွင့်တူ ညီမျှ မှုက ဘယ်အချိန်မှာဖြစ်လာမလဲ။
ဝါဒ ဖြုစင်တဲ့မြေ ကရော ဘယ်ကာလမှာ
ရောက်လာမလဲလေ။ လောလောဆယ်မှာတော့
ပြေးကြသူတွေက များလာသလို။ ငေးကြသူ
တွေလည်း နည်းလာသလိုပါ။ ဆာလောင်မှုတွေ
ကင်းတဲ့၊ အေးချမ်းငြိမ်းချမ်းတဲ့ အချိန်ကာလ
တခုကို လူတိုင်း တမ်းတမက်မောနကြသည်။

ဘယ်အချိန်၊ ဘယ်ကာလ
ဘယ်တော့များမှ အေးချမ်းတဲ့ဘဝတွေ
ရရှိကြပါမလဲလေ။ ယခုအချိန်မှာတော့
ကိုယ်ရဲ့ အိမ်၊ ကိုယ်ရဲ့ဒေသကို စွန့်ခွါ
နေကြသူများကို မြင်ရ၊ တွေ့ရတော့
ဝမ်းနည်းရပါသည်။ ကိုယ်တွေ အလှည့်
ဘယ်တော့လဲဟု တွေးရင်း၊ ငေးရင်း
မြန်မာပြေ ငြိမ်းချမ်းပါစေ ....
ကမ္ဘာမြေ ငြိမ်းချမ်းပါစေဟုသာ ......။

@htwegyi
July 9, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center