တောင်ချွန်းရိပ်

အရိပ်အာဝါသ။ သစ်ရိပ်ဝါးရိပ်၊ သူငယ်ချင်းရိပ်၊ ချစ်သူ ခင်သူရိပ်၊ မိဘရိပ်။ အရိပ်အာဝါသလို့ ဆိုလိုက်ရင်ပဲ အေးချမ်းသာယာမှုလေးကို ခံစားမိကြမယ် ထင်ပါရဲ့။ ဒါပေမယ့် တခါတလေ တချို့ အရိပ်တွေက အေးချမ်းမှု အစား ပူလောင်မှုတွေပဲ ပေးတတ်ပြန်ရော။ သဘာဝကနေ ရတဲ့ သစ်ရိပ်ဝါးရိပ်၊ တောတောင်ရိပ်ကတော့ အေးချမ်းမှာ ချွင်းချက် မရှိပါပဲ။ ခုလို နွေရာသီမျိုးဆို ပိုလို့တောင် သိသာဦးမယ်။

ခုနောက်ပိုင်း အရိပ်အာဝါသ ရှားပါးမှုတွေ တဖြည်းဖြည်း များလာခဲ့ပါပြီ။ စိတ်အပန်းပြေ၊ ဖြေဖို့ နေရာလေးတွေလည်း တဖြည်းဖြည်း နည်းလာခဲ့ပါတယ်။ အစားအသောက်ဆိုင်လေးတွေ များလာတယ် ဆိုပေမယ့်လည်း လူအများကို စိတ်ကျေနပ်မှု ပေးနိုင်သော၊ လူ့စိတ်နှလုံးကို သိမ်းပိုက်နိုင်သော ဆိုင်၊ နေရာလေးတွေကတော့ နည်းနေပါသေးတယ်။ တခါတလေ စိတ်ညစ်လို့၊ စိတ်ပင်ပန်းလို့ ဆိုင်ထိုင်ပါတယ်ဆိုမှ ပိုပြီး စိတ်ညစ်သွားရတာမျိုးလည်း ရှိတတ်ပြန်ပါသေးတယ်။

စားသုံးသူနဲ့ ဆိုင် ဆိုတာမျိုးက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မဟုတ်လား။ တဦးမေတ္တာ တဦး စေတနာ ဆိုသလိုပေါ့။ စားသုံးသူ အပေါ် စေတနာ မေတ္တာထားပြီး သေချာပြင်ဆင်ကာ ကောင်းမွန်သော ဝန်ဆောင်မှုလေးနဲ့ ဆိုရင် မိမိဆိုင်အရိပ်ကို လာရောက်ခိုလှုံသူတွေ များများ လာမှာ အသေအချာပါပဲ။ လာပါ လာပါလို့ ခေါ်စရာ မလိုအောင် မိမိဆိုင်ကို တခုတ်တရနဲ့ လာရောက် အားပေးကြပါလိမ့်မယ်။

ဒီနေ့အဖို့ အစားအသောက်ကော၊ ဝန်ဆောင်မှုကော သဘောကျမိတဲ့ ဆိုင်လေး တဆိုင်နဲ့ မိတ်ဆက်ပေးပါရစေ။

" တောင်ချွန်းရိပ် " Cafe တဲ့။ ကော်ဖီဆိုင်နဲ့ မလိုက်တဲ့ ကော်ဖီဆိုင်။ ကော်ဖီဆိုင် မဆန်တာမျိုးမဟုတ်ဘူး ကော်ဖီဆိုင် တခုထက်ကို ပိုနေတာ။ အဲ့ကြောင့်လည်း သူက Food House ထပ်ဖြည့်ထားပေးတာ နေမယ်၊ Cafe & Food House ဆိုပြီး။ နာမည်နဲ့ လိုက်ပါတယ်။ တောင်ချွန်းရိပ် ဆိုတဲ့အတိုင်း ဆိုင်က တောင်ချွန်းကြီးရဲ့ အရိပ်အနီးနား ရှိနေတာ ပြီးတော့ အစားအသောက် စုံစုံလင်လင် ရတာတွေပေါ့။

ဒီနေရာမှာ ကျနော်တို့မြို့က ဆိုင်လေးတွေကို ချီးကျူး ချင်မိတယ်။ ရတဲ့ နေရာလေးတွေနဲ့ အကောင်းဆုံး ဖန်တီး ပြထားတာလေးတွေကိုပေါ့။ ခုထိ ကျနော်တို့ သွားထိုင်၊ ဖော်ပြခဲ့ဖူးတဲ့ ဆိုင်လေးတွေက ဆိုင်ခန်းကျယ်ကြီးတွေ နေရာ အများကြီးတွေနဲ့ မဟုတ်ပါဘူး။ ဆိုင်လေးတွေ ဆိုပေမယ့် အထင်တော့ မသေးနဲ့မောင်၊ ရနိုင်တဲ့ အစားအသောက် ပြန်ပေးတဲ့ ဝန်ဆောင်မှုတွေ တကယ်ကောင်း၊ တကယ်ကြီးမား ပါတယ်။ စားသုံးသူကို အပြည့်အဝ စိတ်ကျေနပ်မှု ပေးနိုင်ကြပါတယ်။

ဆိုင်ကို အပြင်ကနေ လှမ်းမြင်ရုံနဲ့ အထဲ ဝင်ထိုင်မိချင်သွားပါလိမ့်မည်။ ဝင်ထိုင်ပြီ ဆိုရင်လည်း အများစုက အပေါ်ထပ်မှာပဲ ထိုင်ကြလိမ့်မယ် ထင်ပါရဲ့။ (ဆိုင်က နှစ်ထပ်ပါ) ကျနော််တို့လည်း အပေါ်ထပ်မှာပဲ ထိုင်ခဲ့ပါတယ်။ စကားလေးပြောရင်း တောင်ချွန်းကြီးကို လှမ်းကြည့်ရင်းပေါ့။

ထုံးစံအတိုင်း ကျနော်ကတော့ ဆိုင်ရဲ့ trademark တောင်ချွန်းရိပ် ကော်ဖီ သောက်ခဲ့ပါတယ်။ အပူကော အအေးကော ရပါတယ်။ ကျနော်က အပူ၊ သူငယ်ချင်းက အအေး၊ နောက်ထပ် သူငယ်ချင်းကတော့ အိုင်းရစ် ကော်ဖီ သောက်ပါတယ်။ နောက်တခေါက်သွားထိုင်ရင် ကျနော်လည်း အိုင်းရစ် ကော်ဖီပဲ သောက်ဖြစ်မယ် ထင်ပါရဲ့။ (ဟီးဟီး)

အိုင်းရစ်ကော်ဖီ လေးကို မြည်းစမ်း ကြည့်ရင်းကနေ Item 7 မှာ သောက်ခဲ့ ဖူးတဲ့ ဂျမေကာကော်ဖီလေးကို မဆီမဆိုင် သွား သတိရမိပါတယ်။ တောင်ချွန်းရိပ်ကော်ဖီ မှာရင် single လား၊ double လား မေးပါလိမ့်မယ်။ ကျနော်က ရှက်ရှက်နဲ့ single လို့ ဖြေခဲ့ပါတယ်။ အမှန်တော့ ကော်ဖီကို ပုံမှန်လား၊ ခါးမလားလို့ မေးတာပါ။ (မသိဘူးလေ ကိုယ်ကလည်း အမှန်ဖြေချင်နေတာကိုး) မိမိက ကော်ဖီကို ဘယ် level လောက် ကြိုက်တဲ့ပေါ် မူတည်ပြီး single/ double ရွေးပြီး မှာနိုင်ပါတယ်။ ကော်ဖီ အပြင် တခြား သောက်စရာ အအေးဘာညာတွေလည်း ရနိုင်ပါသေးတယ်။

နောက်ထပ် သဘောကျမိတာက ဆိုင်မှာ လက်ဖက်ရည်နဲ့ စီလုံတီးတွေပါ ရနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ Cafe & Food House လို့ ခေါ်တွင်တာ။ စားစရာတွေတော့ အတော် စုံစုံလင်လင် ရပါတယ်။ ဘာရွေးလို့ ရွေးစားရမှန်း မသိအောင်ပါဘဲ။ ဗိုက်ဆာနေသူတွေ ကော်ဖီဆိုင်သွားခဲပါတယ်။ ကော်ဖီဆိုင်မှာ ဗိုက်ပြည့်သွားနိုင်လောက်တဲ့ စားစရာ ရှိနိုင်၊ ရနိုင်ခဲလို့ပါ။ ဒါပေမယ့် အဲ့အတွေး အဲ့လောဂျစ်က အမြဲ မမှန်နိုင်တော့ပါဘူး။ တောင်ချွန်းရိပ်လို ဆိုင်မျိုးလေးဆိုရင် ကော်ဖီလည်းသောက်၊ ပြီး ဗိုက်ပြည့်အောင်လည်း စားလို့ရပါပြီ။ ဘာတွေ ရနိုင်လဲ ဆိုတာ ဆိုင်ရဲ့ menu မှာ ကြည့်နိုင်ပါတယ်။

လက်ဖက်သုပ်၊ ကင်ချီ ထမင်းကြော်၊ ဆန်ပြုတ်၊ ပုဇွန်ကော်ပြန့်တွေ စားကြည့် ဖြစ်ခဲ့ပါတယ်။ အားလုံး စားလို့ ကောင်း၏။ ဒီထဲမှာမှ ကျနော် အထူးပြောပြချင်မိတာက ဆန်ပြုတ်ပါ။ ဆန်ပြုတ်ကို လူမမာစာလို့ပဲ ကျနော်က မှတ်ယူထားတဲ့ ကောင်ပါ။ နေမကောင်းရင်တောင် ကျနော်ဆိုတဲ့ကောင်က ဆန်ပြုတ် မစားပါဘူး။ ဆန်ပြုတ် သောက်ခဲ့တဲ့ အကြိမ်အရေအတွက်ကို လက်ချိုးမှတ်ထားလို့ရပါတယ်။ ခုက ကြုံကြိုက်နေတာနဲ့ ဆန်ပြုတ်ကို စမ်းပြီး စားကြည့်လိုက်တာပါ။ ခံတွင်းတွေ့ပြီး စားမြိန်ပါ၏။ အသားဆန်ပြုတ် အပြင်၊ အသီးအရွက် ဆန်ပြုတ်လည်း ရနိုင်ပါသေး၏။

အစားအသောက် အပြင် ဆိုင်အပြင်အဆင်လေးကလည်း လှပ သေသပ်၏။ ဆိုင်နေရာကလည်း အေးချမ်း စိတ်ငြိမ်မှုကို ခံစားရစေပါ၏။ နှစ်ယောက်ထဲ သွားသွား၊ တယောက်ထဲပဲ သွားသွား အတော်လေး အဆင်ပြေ၏။ သူငယ်ချင်း ၃၊ ၄၊ ၅ ယောက်နဲ့ မွေးနေ့ ပွဲလိုမျိုးလေး လုပ်ချင်ရင်လည်း အပေါ်ထပ်မှာ အခန်းလေး သက်သက် တခန်း ရှိပါသေးတယ်။ ခဏတာ စိတ်အမောအပန်းလေး ဖြေ၊ ပြေချင်တယ်ဆိုရင် တောင်ချွန်းရိပ်လေးမှာ သွားပြီး ခိုလှုံကြည့်ပါလို့

(စာလည်း အတော်ရှည်သွားခဲ့ပြီ။ နောက်တပတ်မှာ ပြန်ဆုံ ကြမယ်နော့်)

ဆိုင်လိပ်စာ

မင်္ဂလာတောင်ချွန်းလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

Google Map

Taung Choon Yake (Cafe &Food House)
https://maps.app.goo.gl/KnEbdKDpf8XtHygb9

Facebook page

https://www.facebook.com/taungchoonyake?mibextid=ZbWKwL

ဆိုင်ဖွင့်ချိန်

နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ။

#TaungChoonYake
#FoodMyChoice
#PhyoeBakerySupply

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center