Mini Coffee

အပြောင်းအလဲ။ လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ စကားလုံးလေး။ ပြောင်းလဲပစ်ဖို့၊ အပြောင်းအလဲ လုပ်ဖို့ ဆိုပြီး မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေ သာမက၊ ကိုယ် ကိုယ်တိုင်လည်း ပြောမိ တွေးမိ လုပ်မိတဲ့ စကားလေး။ ဘာတဲ့ ခုတလော social media မှာ အပြောများတဲ့ စကားလေး ရှိသား "ထမင်းနဲ့ ရေပဲ" ဆိုတာလေး။ ကိုယ်တွေကတော့ "ကော်ဖီနဲ့ အချစ်ပဲ"

ထမင်း ချည်းချည်း စားနေရတော့ တခါတလေ တခြားအရာလေးတွေ ပြောင်းပြီး စားချင်၊ စားပစ်တာမျိုးတွေ ရှိမှာပေါ့။ (ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကြေးအိုး အစရှိသဖြင့်ပေါ့။) ဒါပေမယ့် တချို့ အရာတွေမှာတော့ အပြောင်းအလဲ သွား လုပ်လို့ မရပြန်ဘူး။ သဲရေ ( ကိုကို ရေ) ဒီနေ့တော့ သဲ (ကိုကို) နဲ့ date ရတာ နည်းနည်း ပျင်းလာလို့ တခြား တယောက်နဲ့ ခဏပြောင်း date မယ်နော်။ တရက်ပါပဲ၊ ခဏပါပဲ ဆိုပြီး မရသလိုပေါ့။ ဒီနေရာမှာကြ စင်ဖေ (Single+FA) တွေက သာသွား ပြန်ရော။ ဘာစားစား ဘာသောက်သောက် ...

ဖတ်ဖူးတဲ့ စာလေးတောင် သွားသတိရမိသား။ အိမ်ထောင်သည် ယောကျ်ားတွေက မိန်းမ လဲ (အလဲ အလှယ် လုပ်) မရလို့ ကားခဏခဏ ပြောင်းစီးကြတယ် ဆိုလားပဲ။ မှန် မမှန်၊ ဟုတ် မဟုတ် ကတော့ အိမ်ထောင်ကျ ပြီးမှ လာပြန် ပြောပါအုံး မည်။

ရိုးအီ မသွားတဲ့ ကော်ဖီ၊ ပြောင်းလဲ မသွားတဲ့ ချစ်ခြင်းတွေ ရှိခဲ့ ရှိမြဲ ရှိဆဲပါ။ ကော်ဖီနဲ့ အချစ်ကို ချစ်တဲ့စိတ် မပြောင်းဘူး နေရာလေးပဲ ပြောင်းကြည့်ချင်တယ်၊ ထိုင်နေကြ ဆိုင်လေးကို ရိုးအီ သွားလို့ မဟုတ်ဘူး တခါတလေ အပြောင်းအလဲလေး ဖြစ်ကြည့် ချင်တယ် ဆိုရင်တော့ ဒီစာလေးကို ပြီးဆုံးအောင် ဖတ်ပေးပါ။

ဆိုင်နာမည်လေးက "Mini Coffee " တဲ့။ နာမည်နဲ့ မလိုက်အောင် သူ့ဆီကနေ ပြန်ရလိုက်တာက အကြီးကြီး၊ အများကြီး ရယ်။ ဆိုင်လေးက သပ်ရပ်ပြီး ရှင်းလို့။ အတွင်းပိုင်းမှာ အဖြူရောင် ဆေးလေးတွေနဲ့ ခန်းလုံးပြည့် ခြယ်သထားတယ်။ လင်းလင်းချင်းချင်း ရှိပုံများ ကိုယ့် နှလုံးသားကို ကိုယ်ပြန် မြင်နေရတဲ့ အတိုင်းပဲ။ အဲ့လို ပြောတော့ ပိုတယ် ထင်နေကြမလားပဲ။ မယုံရင် သွားကြည့်ပါလို့ပဲ ပြောပါရစေ။ ကျွန်းစားပွဲတွေက အဖြူရောင် ဆေးသား၊ အလင်းရောင် လုံလောက် လှပစွာ ရရှိမှုတွေနဲ့ လိုက်ဖက်လွန်းလှတယ်။ အားမနာတမ်း ပြောရရင် Coffee ဆိုင်လို့ မခံစားရဘူး၊ ကိုယ့် အိမ်က ခြံဝန်းလေးထဲမှာ ပြန်ထိုင်နေရတဲ့ အတိုင်းပဲ။ ဒီလို ပြောလိုက်လို့ ပန်းပွင့်၊ ပန်းအိုးတွေ အများကြီးနဲ့ စီချယ်ထားတာမျိုး ထင်လိမ့်မယ်။ အဲ့လိုလည်း မဟုတ်ဘူး။

ဒီလိုဗျာ ခင်ဗျား coffee ဆိုင် ရောက်နေတယ် ဆိုတဲ့ feel မျိုး မဟုတ်ဘဲ ကိုယ့်အိမ် ကိုယ့်ရာလို ခံစား မိနေလိမ့်မယ်။ အိမ်မှာ မသောက်ချင်လို့ ဆိုင်လာထိုင်တာလေ၊ ဘယ်နှယ့် အိမ်ပြန်ပို့နေတာလဲဟု ပြောကြမည်ထင်။ ကျနော် ပြောချင်တာက ဆိုင်ထဲဝင်ထိုင် ကော်ဖီမှာပြီး မကြာမီ ခင်ဗျားနဲ့ ဆိုင်၊ ဆိုင်နဲ့ ခင်ဗျား တရင်းတနှီး ဖြစ်သွားမှာကို ပြောတာပါ။

ဆိုင်မှာ ရတဲ့ ကော်ဖီတွေကတော့ အခြား ကော်ဖီဆိုင်မှာ ရတတ်တဲ့ ကော်ဖီ အမျိုး အစားတွေပါပဲ။ ဒါပေမယ့် တမူထူးခြား နေတာလေးကတော့ ကော်ဖီနဲ့ အခြားအရာတွေ ပေါင်းစပ်ထားတာလေးပါ။ Black orange, Black coconut, Black mango, Black Peach တို့ပေါ့။ (ဒီနေ့ သောက်ကြည့်ခဲ့တာကတော့ Black coconut ပါ။) အခြားဆိုင်တွေမှာလည်း ရကောင်း ရနိုင်ပေမယ့် ကျနော် ပထမဆုံး မြည်းစမ်းခွင့် ရတာကတော့ ဒီဆိုင်လေးမှာ ဖြစ်ပါတယ်။ စာပိုဒ်မှာ စလာခဲ့တဲ့ စကားအတိုင်း အပြောင်းအလဲလေး လုပ်ကြည့်ချင်တယ်ဆိုရင် မြည်းစမ်းကြည့်ဖို့ အကြံပေး လိုပါတယ်။ တကယ်လည်း ကောင်းပါတယ်။ နောက်တခုကတော့ mousse cake ။ ကော်ဖီနဲ့ တကယ် ကို လိုက်ဖက်တဲ့ cake လေးပဲ ဖြစ်ပါတယ်။ စားဖြစ်အောင် စားကြည့်ပါလို့။

မြို့ထဲမှာ ထိုင်ရတာ ပျင်းလာတဲ့ အခါမျိုး၊ ပြီးအဝေးကြီးလည်း မသွားချင်ဘူး ဆိုတဲ့အခါမျိုးမှာ ဒီဆိုင်လေးကို သွားထိုင်ကြည့်ပါ။ ကား၊ ဆိုင်ကယ်၊ စက်ဘီးလေး စီးရင်းပေါ့။ ကျနော်ကတော့ ဒီနေ့ ဆိုင်ကယ်စီးပြီး နားကြပ်လေးနဲ့ linkin park သီချင်းတွေ နားထောင်ပြီး Mini Cafe' ဆီ သွားဖြစ်ခဲ့ပါတယ်။

တောင်ကြီးမှာတော့ မွန်းကြပ်တယ်လို့ ခံစားရတာမျိုး နည်းကောင်း နည်းနိုင်ပါတယ်။ အခြားမြို့တွေနဲ့ စာရင်ပေါ့။ ဒါပေမယ့် စိတ်ညစ်ညူးနေတဲ့ အခါမျိုးဆိုရင်တော့ ဒီဆိုင်လေးကို သွားထိုင်ကြည့်သင့်ပါတယ်။ သွားလိုက်ရတဲ့ အကွာအဝေးနဲ့ ယှဥ်ရင် ပြန်ရလိုက်တဲ့ ခံစားချက်လေးတွေက ပိုပါတယ်။

ဆိုင်ကနေ မြင်ရတဲ့ မြင်ကွင်းကတော့ ဒီကလူတွေ မြင်နေကြ မြင်ကွင်း မျိုးပါပဲ။ view လှ၊ မလှ ဆိုတာက ကြည့်ရှု ခံစားသူနဲ့သာ ဆိုင်တာ မလား။ ဘာပဲပြောပြော ကျနော် oxygen လိုအပ်နေပြီလို့ ခံစားမိတိုင်း အဲ့ဆိုင်လေးကို သွားမိမယ် ထင်တာပဲ။

ဆိုင်မှာ ထိုင်ပြီး ရှေ့က အောက်ဆီဂျင် ဆိုင်းဘုတ်လေးကို အခေါက်ခေါက် အခါခါ အပြန်ပြန် အလှန်လှန် ဖတ်ကာ ခပ်လှမ်းလှမ်းက ဆက်သွယ်ရေး တာဝါတိုင်ကို ငေးမောရင်း သူမနဲ့ ခုထိ connection မမိသေးတဲ့ ကိုယ့် အဖြစ်ကို တွေးရင်းပေါ့...

ဆိုင်လိပ်စာ

နမ ၃/ ၁၇၇၊ (A) လမ်း၊ လမ်းသွယ် (၄)၊ ရွှေတောင်ကြား ဧည့်ရိပ်သာ အနီး၊ တောင်ကြီး အောက်ဆီဂျင် စက်ရုံ မျက်နှာချင်းဆိုင်၊ ရွှေတောင်ကြား - ရှမ်းကွင်း၊ ကံကြီး ရပ်ကွက်၊ တောင်ကြီးမြို့။

Facebook page: :

https://www.facebook.com/profile.php?id=100083219756423&mibextid=LQQJ4d

ဆိုင်ဖွင့်ချိန်

နံနက် (၉) နာရီမှ၊ ညနေ (၆) နာရီ ထိ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center