အကျဉ်းသားတွေ လွှတ်ပေးသတဲ့။
နိုင်ကျဉ်းဆိုတာအတွက် တစ်ခေတ်ဆီက
အသံတွေထွက်ခဲ့ဖူးသူတွေပါးစပ် လေဖြတ်သွားတယ်။
ဘယ်လိုမူဆိုတာ မျက်လှည့်ဆရာ ပြတဲ့ပြကွက်ထဲမှာ
လုံးဝကွက်ပျောက်ပေါ့။
ပါဂျောင်တွေ ပါကျယ်တွေဆိုတာမေ့ထားပြီး
ဒူတာတေးရဲ့ အပြုအမူတွေကို လျှာထုတ်ပြလိုက်တာ
စတိုင်တွေက လှနေပြန်သလား။
အခြေပြုအသွင်ဆန်တဲ့ မိန့်ခွန်းအပြောမှာ
ကိန်းဂဏန်းတွေက ဟိုက်လိုက်ဖောက်ထားတဲ့
အဘွားအို ဆံပင်လိုပါပဲ။
အဆင်မပြေပေမဲ့ လှလိုက်တာ မေမေရယ်လို့
ကျွန်တော်တို့ နားရည်ဝနေပြီလေ။
အမှားကို စာတိုလေးနဲ့ ပြင်ဆင်ဖတ်ရှုခွင့်အရမှာ
ငှက်တွေအတွက် ဝန်ခံရဲတဲ့ သတ္တိအတွက် တစ်မှတ်တိုးတယ်။
ဂုဏ်ထူးထွက်တယ်။
၂၀၂၀ အတွက် ငှက်ရပ်ကွက်မှာ ကြိုတင်မဲပေါ့။
လင်းတလောက်တော့ ငှက်တိုင်းလှတတ်တာ
ကျွန်တော်တို့အိမ်အဝင်ဝမှာ စာရေးထားသင့်ပြီ။
အချိန်ကာလ မပါတဲ့ တိုးမြှင့်လစာ မနက်ဖြန်တိုင်းအတွက်
မျှော်လင့်ချက် မဟုတ်လား။
ကြက်သားစားပွဲ။ ကလေးသူငယ်ပဲစားပွဲတွေအလွန်မှာ
ကျွန်တော်တို့က ရာခိုင်နှုန်းကို စားကြမယ်။
အချို့က အခွန်ကို စားကြလိမ့်မယ်။
အချို့ကတော့ သက်တမ်းလွန်အမှတ်တံဆိပ်ဆေးကို
စားကြလိမ့်မယ်။
ဝတ်စုံမထပ်တဲ့ ပဝါကွင်းသိုင်းကလည်း
ခေါင်းတစ်ခါခါနဲ့ ကော့ပက်ပက် လမ်းလျောက်မှာပေါ့။
ဖာသူတွေဖာကြ။
ကာသူတွေကာကြလိမ့်မယ်။
ကျွန်တော်တို့ကတော့ တိုင်းပြည်အခွန်အတွက်
ရက်စွဲနဲ့ ခုနှစ်မပါတဲ့ ပြက္ခဒိန်ကို လှန်ကြတာပေါ့။
အနည်းဆုံးအဆင့်ချွေး။
အခန့်မသင့်ရင်သွေးနဲ့။
ဆိုးတော့လဲ မြေဆွေးဘဝပါပဲလေ။
ဒါပါပဲ မဟုတ်လား။
လိုင်ဇာနဲ့ လက်နက်ငယ်တစ်ကမ်းအကွာမှာ
ငြိမ်းချမ်းရေးဆိုတဲ့ ဝိုင်တစ်ခွက် အသံထွက်လာတယ်။
တောက်တစ်ချက် ခေါက်လိုက်စဉ်မှာ မဲ့ပြုံးက အသက်မပါဘူး။
ဂျိုးငှက်ကလေးများ ထွက်လာလေမလားဆိုတဲ့အတွေးတစ်စ
ကျည်မခ ဘူးတဲ့လူတွေအတွက်တော့ ကာရံတွေ ပြည့်လို့။
အလံဆိုတာ လွှင့်ထူရတာပါကွယ်။
အခုလောလောဆည်တော့ ညီလေးကို ကိုယ်ခြုံပေးလိုက်တယ်။
ညီလေး နွေးထွေးခြင်းကို အေးချမ်းစွာခံစားပါတော့။
အော်။ ညီလေးလဲ ပါသလား။
တိုင်းပြည်အတွက် အသက်ကိုတောင် ပေးမတဲ့လား။
ဝိုင်တစ်ခွက်လောက် အဖိုးမတန်ပါဘူးကွယ်။
သူတို့က ငှက်ကလေးတွေ ဖမ်းချင်တာလား။
ဒါမှ မဟုတ်။
လွတ်လပ်သွားစေချင်တာတဲ့လား။
ညီလေး အိပ်မပျော်ခင်မှာ အိပ်မက်မက်သွားသေးတာကိုး။
လာပါကွယ်။
လွှင့်ထူခွင့် မရတဲ့အလံကို ကိုယ်စီဆောင်ပြီး
ငှက်သွားဖမ်းကြတာပေါ့။
ဒါမှ မဟုတ်ရင်လဲ လွတ်လပ်ခွင့် ပေးလိုက်ကြပါစို့။
အနည်းဆုံးအဆင့် ငါတို့အလံကို ခြုံပေးမဲ့သူတော့
မျှော်လင့်ထားကြမယ်လေ။
ကိုယ်တွေက ငှက်ကလေးတွေကို ရှာယုံ သက်သက်ပဲ မဟုတ်လား။
မနက်ဖြန်တိုငါးလည်းဒီလိုပဲနေမှာပဲ။
မပြောင်းလဲတဲ့ စကားလုံးတွေနဲ့
ဂျင်းပေါတဲ့တိုင်းပြည်မမှာလူဖြစ်လာရတာ
ကိုယ်တိငငါတောင် ဂျက်းန့စွဲနေပြီ။