🎁

🚩 သောတာပန်ဆိုသည်မှာ •••
.........

✿ ဒိဋ္ဌိဆိုတာက အယူမှားတာ၊
ဝိစိကိစ္ဆာဆိုတာက ယုံမှားသံသယဖြစ်တာ။
သောတာပန်တည်တယ်ဆိုတာ အဲဒိ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ ပြုတ်သွားတာ။ အဲဒိလို ဒိဋ္ဌိပြုတ်သွားတဲ့ပုဂ္ဂိုလ်ဟာ
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မရှိတော့ဘူး။
သောတာပတ္တိမဂ်ဥာဏ်ရပြီးသား ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကို ထပ်သတ်စရာမလိုတော့ဘူး။

✿ သောတာပတ္တိမဂ်ဥာဏ်
တစ်ကြိမ်တည်လိုက်တာနဲ့ သူ့ကိစ္စပြီးသွားပြီ။
ပြီးနိုင်တဲ့လမ်းဆိုတာ အဲဒါကိုပြောတာ။
မပြီးနိုင်တဲ့လမ်းကျတော့ ခင်ဗျားတို့ အရိုးကြေကြေ အရေခန်းခန်းလုပ်နေကြတာ။
သားတွေ သမီးတွေက မုန်းတဲ့အထိကို လုပ်နေကြတာ။

✿ သောတာပန်တည်ထားတဲ့ပုဂ္ဂိုလ်မှာ
ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာအတွက် အလုပ်လုပ်စရာမလိုတော့ဘူး။
ငါပြောလိုက်တဲ့စကားကြောင့်အပါယ်ကျအုံးမလားလို့ သောတာပန်က ပူစရာကို မလိုတော့ဘူး။
အပါယ်လေးဘုံက သူ့အတွက်ငြိမ်းသွားပြီ။

✿ မဟာနာမ်ဆိုတာ ဘုရားရဲ့ညီတော် နောင်တော်ထဲကပဲ။
မဟာနာမ်မင်းကြီးဟာ မြတ်စွာဘုရားရဲ့တရားတော်ကို နာပြီး သောတာပန်ဖြစ်သွားတယ်။
ဘုရားကျောင်းတော်ကိုသွားတဲ့အခါမှာ ရှင်ဘုရင်ဖြစ်ပေမယ့် ဘယ်တော့မှ ဆင် မြင်း ယာဉ်ရထားတွေ စီးမသွားဘူး။
ဘုရားဆီကိုခြေကျင်ပဲ သွားတတ်တယ်။
ဘုရားကျောင်းတော်ကို မြင်ရတဲ့အရပ်ကနေ ဖိနပ်ချွတ်လာတယ်။ အဲဒါ ဂါရ၀တရားတွေပေါ့။

✿ ဘုန်းကြီးကျောင်းထဲရောက်မှ ဘုန်းကြီးက
“ဟဲ့ ဖိနပ်ချွတ်” လို့ပြောရရင် မကောင်းတော့ဘူး။
ဂါရ၀တရား အရေးကြီးတယ်နော်။
ဂါရ၀တရားနဲ့ ရိုသေမှု့ကို ပြရတယ်။
မဟာနာမ်တို့ ဂါရ၀တရားကို မြင်ရာအရပ်ကနေ ပြထားတယ်နော်။
အဲဒိ မဟာနာမ် မင်းကြီးဟာ သောတာပန်တည်ပြီးသားပဲ။

✿ သွားရင်း လာရင်း ဘာစဉ်းစားမိသလဲဆိုတော့…
ညနေစောင်း ဘုရားကျောင်းတော်လာပြီး ပြန်တဲ့အခါမှာ တစ်ယောက်တည်းပြန်လာတာ။
ရှင်ဘုရင်ဖြစ်ပေမယ့် တစ်ယောက်တည်း ပြန်တာနော်။
အခြံအရံ မပါဘူး။
အဲဒိလို ပြန်လာတဲ့အခါ ဘေးကနေ လှည်းတွေ နွားတွေ မြင်းတွေက တွန်းတွန်းတိုက်တိုက်ပေါ့။
သူဋ္ဌေးတွေ ကုန်သည်တွေက လှည်းတွေ နွားတွေ ရထားတွေနဲ့ သွားနေကြတာဆိုတော့ သူ့ကိုတွန်းမိ တိုက်မိ မတတ်ဖြစ်တာပေါ့လေ။

✿ အဲဒိလို သွားနေတာဆိုတော့ သူစဉ်းစားတယ်။
ငါလည်း ဘုရား တရား သံဃာကို မမေ့ပါဘူး။
မမေ့အောင်လည်း ကြိုးစားထားတယ်။
ဒါပေမယ့် အဲဒိယာဉ်ရထားတွေကို လှည့်ပတ်ကွေ့ရှောင်နေရတာနဲ့ သရဏဂုံလေးတွေ မေ့မေ့သွားတယ်တဲ့။
အန္တရာယ်ကြည့်နေတဲ့အချိန်မှာ သရဏဂုံကို အာရုံမပြုမိတော့ဘူး။
အဲဒိအချိန်မှာ သေသွားရင် ငါဘာဖြစ်ဦးမှာလည်းလို့ အဲလိုအတွေးဝင်လာတယ်။
ဒါနဲ့ပဲ ဘုရားရှင်ကို တွေးမိတဲ့အတိုင်းလျောက်တာပေါ့။

✿ အရှင်ဘုရား….
တပည့်တော်က အရှင်ဘုရားနဲ့တကွ အရှင်ဘုရားရဲ့တရားတော်နဲ့ သံဃာတော်တွေကို အကြွင်းမဲ့ယုံကြည်ပါတယ်ဘုရား။
ယုံကြည်လို့လည်း အမြဲမပြတ်အောက်မေ့ပါတယ်။
တပည့်တော်မှာ ဒီသုံးပါးမှလွဲပြီး ကိုးကွယ်ရာမရှိပါဘူး။
အဲဒိလို အားထားပြီးတော့ နေပါလျှက်နဲ့ တပည့်တော်အရှင်ဘုရားဆီ အသွားအပြန်တွေမှာ လမ်းမှာ ယာဉ်ရထားတွေနဲ့ ဥဒဟိုရှုတ်ယှက်ခတ်နေတော့ တပည့်တော်မှာ သူတို့ကို ရှောင်ရင်းတိမ်းရင်းနဲ့ သရဏဂုံတစ်ချက် တစ်ချက် လစ်သွားတယ်ဘုရား။
အဲဒိအချိန်မှာ တပည့်တော်သေသွားရင်ဘာများ ဖြစ်အုံးမလဲအရှင်ဘုရား။
ဆုတ်နစ်စရာများရှိပါသေးလားအရှင်ဘုရားတဲ့။

✿ မဟာနာမ်မင်းကြီးက အဲဒိလိုမေးတဲ့အခါမှာ ဘုရားရှင်က..

✿ မင်းကြီး…
ထောပတ်ဆီအပြည့်ထည့်ထားတဲ့အိုးကို ရေထဲချပြီးခွဲလိုက်ပါတဲ့။
ရေထဲကျ ကွဲသွားတယ်ဆိုရင် ထောပတ်တွေဟာ ရေပေါ်မှာ ပေါ်လာမယ်။
အိုးခြမ်းကွဲကတော့ ရေအောက်မြုပ်သွားမယ်။
အဲဒိအတိုင်းပါပဲမင်းကြီး။

✿ သင်မင်းကြီး ဖြည့်ကျင့်ထားတဲ့ သီလ သမာဓိ ဥာဏ်ပညာတွေကတော့ ဆန်တက်သွားမယ်တဲ့။
အိုးခြမ်းကွဲနဲတူတဲ့မင်းကြီးရဲ့ ခန္ဓာကတော့မြေကြီးထဲ မြု့ပ်ရမယ်တဲ့။

✿ အဲဒိတော့ ခန္ဓာကသာပျက်ဆီးစရာအကြောင်းရှိတယ်။
သီလ သမာဓိ ပညာကတော့ ပျက်ဆီးစရာအကြောင်းမရှိပါဘူး။

✿ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်ဟာ အဖန်ဖန်ပြုပြင်စရာမလိုတော့ဘူး ။အဲဒိတော့
သောတာပတ္တိမဂ်အတွက်က တစ်ကြိမ်တစ်ခါပဲလုပ်ရမယ်။
အဲဒိတစ်ကြိမ်ကိုပြီးအောင် မလုပ်နိုင်သေးလို့ခက်နေတာပဲ။

✿ ကျန်တဲ့ သားရေး သမီးရေး
စီးပွားရေးကိုခင်ဗျားတို့ အကြိမ်ကြိမ်လုပ်နေရတယ်။

✿ အကြိမ်ကြိမ်အဖန်ဖန် ပြုပြင်ဖန်တီးနေရတဲ့ ဒီခန္ဓာသံသရာကြီးဟာ ချစ်ခင်တွယ်တာစရာလား။
ရွံမုန်းငြီးငွေ့စရာလားဆိုတာ ဥာဏ်နဲ့သိရမယ်။
အဲဒိဥာဏ်ဟာ မုန်းရုံနဲ့ကျေနပ်ရမှာလားဆိုတော့ ဆုံးတဲ့ထိလုပ်ရမှာနော်။
ဘယ်တော့မှ ဆုံးမှာလည်းဆိုတော့ ပိုင်းခြားသိမှ ဆုံးတာ။

✿ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် ပိုင်းခြားသိတဲံ့ဥာဏ်ကိုရပြီးရင် နောက်ထပ်ပူစရာမလိုတော့ဘူး။ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာမရှိတော့ဘူး။
အဲဒိ ၀ိစိကိစ္ဆာဆိုတာက ကျုပ်တို့ကိုကောင်းစွာ ဒုက္ခပေးနေတယ်လို့မှတ်ပါဗျာ။
မယောင်ရာ ဆီလူးနေတာတွေများနေတာ အဲဒိ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကြောင့်ပါပဲ။

✿ အဲဒိတော့ တစ်ကြိမ်မြင် တစ်ကြိမ်မုန်း တစ်ကြိမ်ဆုံးရုံလောက်တော့ဖြင့် ကြိုးစားသင့်ပါတယ်ဗျ။
အရိုးကြေကြေ အရေခန်းခန်းအားထုတ်သင့်တယ်။
ဒါဖြင့်ဘယ်သူ့ခန္ဓာကြည့်ရမှာလည်းဆိုတော့ ကိုယ့်ခန္ဓာကြည့်ရမှာ။

✿ ကြည့်လိုက်တော့ ဘယ်အချိန်ကြည့်ကြည့် ဖြစ်ပြီးတော့ ပျက်နေတယ်။

► ဖြစ်ပြီးပျက်တာက ဒုက္ခသစ္စာ။

► သိတဲ့ဥာဏ်က မဂ္ဂသစ္စာ။

► သေတာက သမုဒယသစ္စာ။

► နောင်ဒုက္ခ မလာတာက နိရောဓသစ္စာ။

✿ ဤကဲ့သို့သစ္စာလေးချက်တစ်ပြိုင်နက်ကိုက်မှသာလျှင် ပြုပြင်ချင်းကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာ ဖြစ်တဲ့အတွက် မမေ့မလျော့ မပေါ့မဆဘဲ အစဉ်မပျက် ကြိုးစားကြပါလို့ တိုက်တွန်းရင်းနဲ့ နားကြအုံးစို့။

�.သာဓု..သာဓု..သာ.ဓု..

【ဥူးသုမင်္ဂလ၊ မင်္ဂလာတိုက်ဆရာတော်】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
☘ရွှင်လန်း☘ချမ်းမြေ့☘ပါစေ☘

*** Aung Zaw Lay ***ထံမှ ကူးယူမျှဝေ ပူဇော်ပါသည်။

image

@elay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center