ထိမိတဲ့အရာတိုင်းကိုလောင်ကျွမ်းစေလို့
အပူချိန်ပြင်းလို့အရာအားလုံးပွရောင်းလာတယ်။
ကတ္တရာလမ်းမကြီးကတော့
ပိုပြီးပြန့်ကား ပိုပြီးရှည်ထွက်လာပေါ့။
ပျော့စိစိကတ္တရာသားတွေပေါ်က
ငါ့ခြေထောက်တွေဘယ်ကိုသွားရမှာပါလိမ့်။
အပူတန်းတွေဟာမြေကြီးကိုရိုက်ခတ်ပြီး ငါ့မျက်နှာကိုပြန်မှန်နေလေရဲ့။
ကမ္ဘာကြီးကိုနေမင်းကြီးနဲ့
ခပ်ဝေးဝေးရွှေ့လို့ရရင်ကောင်းမယ်လို့
စဉ်းစားမိတယ်။
အပူတန်းတွေအားပျော့သွားလောက်မဲ့နေရာကိုလေ။
ပြီးတော့ဖန်လုံအိမ်အာနိသင်ကိုလည်း
နည်းနည်းလျော့ချရမယ်။
အခုနေတော့အရိပ်ကောင်းကောင်းနဲ့
ရေတစ်ခွတ်သာလိုတာပဲ။
ဒီနေ့ဧပြီ(၁၀)ရက်မေမေ့မွေးနေ့။
ဟိုးခပ်ဝေးဝေးမြို့မှာမေမေရှိတယ်လေ
မေမေ့ကိုဘာလက်ဆောင်ပေးရမလဲအနည်းငယ်ပြင်ဆင်ထားတဲ့
နေနဲ့ဝေးကမ္ဘာကြီးတော့မဟုတ်ပါဘူး။
(အဲဒါကမဖြစ်နိုင်ဘူးထင်တယ်)
ဒါပေမဲ့မိခင်တစ်ယောက်အတွက်
အကောင်းဆုံးလက်ဆောင်ဟာ
အဝေးရောက်နေတဲ့သူ့ရဲ့သား
ပြန်လာတာပဲမဟုတ်ပါလား။
သူတစ်စုံတစ်ခုကိုသတိရသွားတယ်။
အဲဒီနောက်ကတ္တရာလမ်းမကြီးဟာ
ခြေလှမ်းသွက်သွက်နဲ့လူတစ်ယောက်ကို သယ်ဆောင်လို့
အေးမြတဲ့မေတ္တာရိပ်ဆီကိုလေ.....