စာအုပ်အမည်ကတော့ “မျက်လှည့်ပြနည်း (၁၀၀)” ဖြစ်ပြီး မျက်လှည့်ပညာရှင် စက္ကောမက ရေးသားထားတာဖြစ်ပါတယ်။မျက်လှည့်ဆရာတွေ “ပညာရှိ သတိဖြစ်ခဲ” ဆိုသလို မေ့ကျန်နေတဲ့ အချက်တွေကို သတိပေးဖို့နဲ့ မျက်လှည့်ဝါသနာရှင်တွေ လေ့လာနိုင်စေဖို့ ရည်ရွယ်ထုတ်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မျက်လှည့်ဆရာနဲ့ မျက်လှည့်ဝါသနာရှင်မဟုတ်သူတစ်ဦးတစ်ယောက်လည်း မျက်လှည့်ပညာရပ်ရဲ့ သဘောသဘာဝကို ဗဟုသုတအဖြစ် လေ့လာနိုင်တယ်လို့ ဆိုပါတယ်။ စာအုပ်မှာ စာမျက်နှာပေါင်း ၁၉၀ ကျော်ပါဝင်ပြီး မျက်လှည့်ပြမယ့်သူတစ်ဦးသိထားရန်လိုတဲ့အချက်တွေ၊ ကိုယ်နေဟန်ထားတွေ၊ စကားအပြောအဆို၊ ကြိုတင်ပြင်ဆင်ခြင်းတွေကို ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် မျက်လှည့်ပြနည်းတွေအလိုက်လည်း ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေ၊ ပြသတဲ့အခါ လုပ်ဆောင်ရမယ့် နည်းလမ်းများ၊ မျက်လှည့်နည်းရဲ့ လျှို့ဝှက်ချက်စတာတွေကို အသေးစိတ်ရေးသားတင်ပြထားပါတယ်။ ပါဝင်တဲ့အခန်းတွေကတော့ ကြိုတင်သိခြင်း (လိပ်စာကတ်)၊ မာစတာဗရိန်း၊ ရောင်စုံကျားကွက်ကတ်ပြားဖြင့်လှည့်စားခြင်း၊ ကျပ်စေ့မှ ပြား (၅၀) စေ့သို့၊ ပျောက်ဆုံးသွားသောရေများ၊ မီးခြစ်ဘူးနဲ့ ဖဲကြိုးပြကွက်၊ ၀ိညာဉ်ခေါ်ခြင်း၊ ငှက်ပျောသီးဖြင့် ပြသောပြကွက်၊ ဘောပင်၊ ပိုက်ဆံတို့ဖြင့်ပြသောပြကွက်စတာတွေ အပါအ၀င် အခန်းပေါင်း ၁၁၆ ခန်းကို ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလက ထုတ်ဝေတဲ့စာအုပ်ဖြစ်ပြီး စာအုပ်တစ်အုပ်ကို တန်ဖိုး ၂၅၀၀ ကျပ်သတ်မှတ်ထားပါတယ်
ကံကောင်းခြင်းတွေ ဆောင်ကြည်းပေးတဲ့ တရုတ်နှစ်သစ်ကူးမုန့်
တရုတ်နှစ်သစ်ကူးကာလရောက်ပြီဆိုတာနဲ့ ရန်ကုန်မြို့လယ် တရုတ်တန်းနေရာမှာ အညိုရောင်ဝိုင်းဝိုင်းအမုန့်လေးတွေကို တွေ့မြင်ကြမှာဖြစ်ပါတယ်။
ကောက်ညှင်းဆန်၊ ကြံသကာတို့နဲ့ ပြုလုပ်တာဖြစ်ပြီး စေးစေးကပ်ကပ်ဆန်မုန့် glutinous rice လို့လည်း ခေါ်ဆိုကြပါတယ်။ နှစ်သစ်ကိတ်၊ တရုတ်နှစ်သစ်ကူးကိတ်၊ tikoy၊ ti kuih လို့လည်း လူသိများကြပြီး မြန်မာနိုင်ငံမှာတော့ တီကေ့လို့ ခေါ်ဆိုကြပါတယ်။ ဒီမုန့်ကို တစ်နှစ်ပတ်လည်လုံး ပြုလုပ်စားကြလေ့ရှိပေမယ့် တရုတ်နှစ်သစ်ကူးကာလအတွင်း ပိုမိုထင်ရှားတဲ့တရုတ်ရိုးရာမုန့်ဖြစ်ပါတယ်။ ဒီမုန့်ကို တရုတ်ကန်တုံစကားနဲ့ Nian gao လို့ ခေါ်ဆိုကြပြီး နှစ်သစ်မှာ Niang gao ပြုလုပ်စားကြခြင်းဟာ ကံကောင်းမှုတွေ ရရှိစေပြီး တိုးတက်တဲ့နှစ်တစ်နှစ်ဖြစ်စေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ Niang ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကတော့ စေးကပ်မှုလို့ အဓိပ္ပါယ်ရပြီး gao ရဲ့ အဓိပ္ပါယ်ကတော့ ကိတ်မု့န်ဖြစ်ပါတယ်။ မြင့်မားမှု ဒါမှမဟုတ် ရှည်လျားမှုလို့လည်း အဓိပ္ပါယ်ရပါတယ်။ ဒီမု့န်ကို ဇွန်လအတွင်းကျရောက်မယ့် Duanwu ပွဲတော်မှာလည်း ပြုလုပ်စားသုံးကြလေ့ရှိပါတယ်။ ဒီမုန့်ဟာ တရုတ်နိုင်ငံကနေ မူရင်းစတင်ခဲ့တဲ့ မုန့်ဖြစ်ပြီး တခြားအာရှနိုင်ငံတွေဆီကို ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီမုန့်ကို ဒေသအလိုက် ပြုလုပ်ပုံ အနည်းငယ်ကွဲပြားကြပြီး ခေါ်ဝေါ်ပုံလည်း ကွဲပြားပါတယ်။ ကန်တုံချက်ပြုတ်မှုမှာတော့ Niang gao လို့ ခေါ်ဆိုသလို ဖူကျန့်ချက်ပြုတ်မှုမှာတော့ Fujiang nian gao လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီမုန့်ကို Kue Keranjang လို့ လူသိများကြပြီး မလေးရှားမှာတော့ Kuih bakul လို့သိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ tikay (တီကေ့) လို့ သိကြပြီး ဖိလစ်ပိုင်မှာတော့ tikoy လို့ ခေါ်ကြပါတယ်။ သီရိလင်္ကာမှာတော့ seenakku လို့ သိကြပါတယ်။ ထိုင်းမှာတော့ Khanom Kheng လို့ ဆိုကြပြီး ဗီယက်နမ်မှာတော့ Banh လို့ ဆိုကြပါတယ်။