®®®®စာအုပ်ဆိုင်လေး®®®®
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမက အချိန်က ဖုန်တွေ၊ ပိုးမျှင်တွေ အလိမ့်လိမ့်တက်နေတဲ့ မှတ်တမ်းစာ အုပ်ရှည်ကြီးတွေကို ဒေါ်ခင်သန်းဆွေတစ်ယောက် စာအုပ်စင်အောက် ချောင်ကျကျနေရာကနေ ဆွဲထုတ်ပြီး ခါလိုက်ပါတယ်။
အဲဒီမှတ်တမ်းစာအုပ်တွေကတော့ နေ့စဉ် စာအုပ်ငှားရမ်းသူတွေရဲ့ နာမည်စာရင်းတွေ ရေးမှတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒေါ်ခင်သန်းဆွေဟာ ကုန်လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က စာအုပ်အငှား မှတ်တမ်းမှာ တနေ့ကို လူဦးရေ ၃၀၀ ကျော်အထိရေးမှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူရေးမှတ်ရတဲ့ လူစာရင်းဟာ လက်ဆယ်ချောင်းတောင် မပြည့်တော့ပါဘူး။
ဆိုင်ရဲ့ပတ်ပတ်လည်က စာအုပ်စင်တွေမှာ စာအုပ်တွေပြည့်ကျပ်နေပါတယ်။ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်လိုက်တဲ့အခါမှာတော့ နှစ်ပေါင်းများစွာ ကိုင်သူမရှိသလို ဖုန်မှုန့်တွေ တက်နေရုံတင်မကဘဲ ပိုးမျှင်တွေပါ သွယ်တန်းနေပါတယ်။ တချို့စာအုပ်တွေဆိုရင် ချစားတဲ့စာအုပ်ကချစား၊ မှိုတက်နေတဲ့စာအုပ်က မှိုတက်လို့နေပါတယ်။
“အခုနောက်ပိုင်း မငှားရတဲ့ရက်တွေလည်းရှိတယ်’’လို့ ဒေါ်ခင်သန်းဆွေကပြောပါတယ်။
စာဖတ်သူအနည်းငယ်သာကျန်ရှိတော့တဲ့ ဖေ့စ်ဘုတ်ခ်ခေတ်ကြီးမှာ စာချစ်သူများအတွက် ကံကောင်းထောက်မစွာ စာအုပ်အငှားဆိုင်လေးတစ်ဆိုင်ဟာ အခုချိန်ထိ မုံရွာမြို့ရဲ့တစ်နေရာမှာ ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။
ဆိုင်နာမည်က ’’ရာဇာစာပေ’’လို့ခေါ်ပြီး နေရာက အောင်ချမ်းသာ ရပ်ကွက်ထဲမှာပါ။
မြို့တော်တော်များများဟာ တစ်ခေတ်တစ်ခါက စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မုံရွာမြို့မှာလည်း စာအုပ်အငှားဆိုင်ယဉ်ကျေးမှု တစ်ခေတ်တစ်ခါက ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ တခြားမြို့များတင်သာမက မုံရွာမြို့မှာလည်း စာအုပ်ငှားရမ်းဖတ်ရှုသူဟာ ပျောက်ကွယ်သလောက် နည်းပါးလာခြင်းနဲ့အတူ စာအုပ်အငှားဆိုင်တွေလည်း ကြက်ပျောက်၊ ငှက်ပျောက် အလျှိုလျှိုပျောက်ကွယ် လို့သွားခဲ့ပါပြီ။
“ဆိုင်ခန်းငှားဖွင့်ရရင် မလွယ်ဘူး။ အခုဟာက အိမ်နဲ့တွဲရက်မို့သာ ဖွင့်နိုင်တာ’’လို့ လက်ရှိအချိန်ထိ ဖွင့်လှစ်ထားနိုင်တဲ့ အကြောင်းအရင်းကို စာအုပ်အငှားဆိုင်ရှင် ဒေါ်ခင်သန်းဆွေကပြောပါတယ်။
၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ရပ်ကွက်ထဲက စာအုပ်ဆိုင်များ တစ်စတစ်စနဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကြပါတယ်။ စာအုပ်အငှားဆိုင်လေးတွေဟာ မူလစာအုပ်ဖိုးပင်ပြန်မရဘဲ အရင်းပြုတ်ကာ စားဝတ်နေရေးအတွက် တခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ကြရတယ်။
၂၀၀၇ ခုနှစ်ဝန်းကျင်လောက်က တီဗီ၊ ဗီဒီယို အောက်စက်တွေခေတ်စားလာတော့ စာအုပ်တွေအစား ဇာတ်လမ်းတွဲတွေ၊ ဗီဒီယိုဇာတ်ကားတွေက နေရာယူလာပြီး စာဖတ်သူဟာလည်း လျော့နည်းလာပါတယ်။ စာအုပ်အငှားဆိုင်တွေ တစ်စတစ်စ ပျောက်ကွယ်ဖို့ဖြစ်လာပါတယ်။
ယနေ့ခေတ်မှာတော့ နည်းပညာနဲ့ စမတ်ဖုန်းဈေးကွက်ကလည်း မြန်မာစာပေရေစီးကြောင်းကို ခြိမ်းခြောက်လာခဲ့ပါတယ်။ လူအများစုဟာ စာအုပ်တစ်အုပ်ကိုဖတ်ဖို့ထက် ဖုန်းမျက်နှာပြင်ကိုပွတ်ရင်း အချိန်ဖြုန်းရတာကို နှစ်သက်လာကြပါတယ်။ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုတစ်ခေတ် မှေးမှိန်ပျောက် ကွယ်ခဲ့ရပါတယ်။
ရာဇာစာအုပ်အငှားဆိုင်ကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီးဖွင့်ထားတဲ့အတွက် ကျန်ရှိနေသေးတဲ့ စာချစ်သူများအဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘဏ္ဍာတိုက်ကြီးတစ်ခုလိုပါပဲ။
၁၉၈၆ခုနှစ်ကဒေါ်ခင်သန်းဆွေမိဘတွေက အခုလက်ရှိအိမ်ဝင်းကို ၀ယ်လိုက်တော့ အိမ်ဝင်းနဲ့အတူ စာအုပ်အနည်း ငယ်သာရှိတဲ့ တစ်ပိုင်တစ်နိုင်စာအုပ်အငှားဆိုင် ခပ်သေးသေးတစ်ခုပါ တွဲပါလာခဲ့ပါတယ်။ စာအုပ်ဆိုင်လေးကို ဖျက်သိမ်းခြင်းမရှိဘဲ အရင်းအနှီးလေးစိုက်ထည့်ကာ စာအုပ်တွေကို ထပ်မံဖြည့်တင်း ၀ယ်ယူလာခဲ့ပါတယ်။ သက်တမ်းဟာ အခုဆိုရင် ၃၂ နှစ်တောင်ရှိခဲ့ပါပြီ။ ထိုခေတ်အခါက စာအုပ်အငှား ဆိုင်တွေ ရွှေထီးဆောင်းခဲ့ရတဲ့ ခေတ်ဖြစ်ပါတယ်။ ရပ်ကွက်တိုင်းမှာ စာအုပ်အငှားဆိုင်ရှိပြီး တစ်ရပ်ကွက် သုံးလေးဆိုင်အထိရှိပါတယ်။
’’အဲဒီတုန်းက ဒီစာအုပ်အငှားဆိုင်လေးက ထမင်းကျွေးခဲ့တာပေါ့’’လို့ ဒေါ်ခင်သန်းဆွေက တခုတ်တရ ပြောပြပါတယ်။
စာအုပ်အငှားဆိုင်တွေ ရွှေရောင်လွှမ်းစဉ်က ငှားသူတွေဟာ ၀င်လိုက်ထွက်လိုက်နဲ့ ညနေပိုင်းအချိန် တွေဆို စည်ကားနေပြီး လက်မလည်အောင် ငှားခဲ့ရပါတယ်။ စာအုပ်အငှားဆိုင်မှာ စာအုပ်ငှားရုံသပ်သပ်တင်မဟုတ်ဘဲ ရင်းနှီးတဲ့ စာဖတ်သူအချင်းချင်းလည်း ကိုယ်ဖတ်ခဲ့တဲ့စာတွေအကြောင်းပြောကြပါတယ်။ ဘယ်စာအုပ်ကတော့ ကောင်းကြောင်း စသဖြင့် ညွှန်းကြတယ်။ စာချစ်သူအချင်းချင်း စကားစမြည်ပြောရင်း မိတ်ဆွေအပေါင်း အသင်းအသစ်တွေလည်း တိုးပွားစေခဲ့ပါတယ်။
စာအုပ်အသစ်ထွက်ပြီဆိုရင် သူ့ထက်ငါဦးအောင် ဖတ်ချင်ကြတယ်။ တချို့က ဆိုင်ပိုင်ရှင်ကို အပီပေါင်းထားပြီး စာအုပ်အသစ်ထွက်ရင် သူ့အတွက်ချန်ထားပေးဖို့ပြောကြတယ်။ ဆိုင်ပိုင်ရှင်က စာအုပ်ကောင်းလေး တွေဆိုလည်း ဘယ်စာအုပ်ကတော့ အပြောများတယ်။ အဲဒီစာအုပ်လေးဖတ်စေဖို့ ညွှန်းပေးတယ်ဟု လက်ရှိအသက် ၄၀ ၀န်းကျင်အရွယ် မုံရွာမြို့ခံ အမျိုးသားတစ်ဦးက စာအုပ်ဆိုင်ယဉ်ကျေးမှုတစ်ခုကိုပြောပြပါတယ်။
’’ဖောက်သည်အတွက် ချန်ထားတဲ့ စာအုပ်ကိုလာမေးရင် ရှိလည်းမရှိဘူးလို့ လိမ်ပြောရတာပေါ့’’လို့ ဒေါ်ခင်သန်းဆွေကဆိုပါတယ်။
စာအုပ်အငှားဆိုင်တွေဟာ ချစ်ခြင်းမေတ္တာများ ဆေးခြယ်ရာ ပန်းချီကာချပ်တွေဆိုလည်း မှားမယ်မထင်ပါ။ တချို့က စာအုပ်ငှားရင်း ကောင်မလေးကို တွေ့မိကာစိတ်ဝင်စားသွားကြတယ်။ တချို့က ကိုယ်စိတ်ဝင် စားနေတဲ့ ကောင်မလေး စာအုပ်လာငှားမယ့်အချိန်ကို ကြိုတင်စောင့်နေကြရတယ်။
ကိုယ်စိတ်ဝင်စားနေတဲ့မိန်းကလေးကို ရည်းစားစာပေးဖို့အတွက် ဆိုင်ပိုင်ရှင်ကို အပူကပ်ကာ သူငှားမယ့် စာအုပ်ကြားထဲကို စာထည့်ပေးဖို့ ပြောကြတယ်။ ဒီလိုနဲ့ စာအုပ်အငှားဆိုင်ဖူး စာတွေလည်းရှိခဲ့ကြပါတယ်။ အဲဒီခေတ်က မိဘတွေကလည်း သမီးမိန်းကလေးတွေကို အပြင်ပေးထွက်ခဲပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူ ကောင်မလေး စာအုပ်လာငှားမယ့်အချိန်ကို လည်တဆန့်ဆန့်နဲ့ စောင့်မျှော်ခဲ့ရတယ်။ စာအုပ်အငှားဆိုင်တွေဟာ လူငယ်တွေရဲ့ ဖူးစာဆုံရာ နိဗ္ဗာန်ဘုံတွေလည်းဖြစ်ခဲ့ရတာပေါ့။
ထိုခေတ်အခါက စာအုပ်အငှားဆိုင်တွေဟာ လူကြီးပိုင်း၊ လူလတ်ပိုင်း၊ လူငယ်ပိုင်း၊ ကလေးပိုင်းစတဲ့ အသက်အရွယ်မျိုးစုံနဲ့ တရုံးရုံး တအုန်းအုန်း စည်ကားပါတယ်။ ဖတ်စရာစာအုပ်မျိုးစုံရှိပြီး အသက်အရွယ် အပိုင်းအခြားအလိုက် စာအုပ်တွေဟာ နေ့စဉ်ထွက်ရှိနေပါတယ်။
“ကျနော်တို့က စာအုပ်အငှားဆိုင်ကို ဘယ်သူမှ ကျင့်ပေးလို့မဟုတ်ဘူး။ ငယ်ငယ်တုန်းက မိဘကိုယ်တိုင်က စာအုပ်ဖတ်တဲ့အကျင့်ကို မွေးပေးလိုက်တာ။ မွေးပေးတော့ကျ အလိုလိုနေရင်း စာအုပ်အငှားဆိုင် ရောက်သွားတာ’’လို့ ဦးနိုင်စိုးပြောပါတယ်။
စာဖတ်တတ်စအရွယ်မှာ မိဘတွေက ရွှေသွေးတို့၊ တေဇတို့၊ မိုးသောက်ပန်းတို့ကို လစဉ်ဝယ်ပေးတယ်။ မိဘတွေက စာအုပ်လေးတွေကို ချစ်တတ်လာအောင် ကလေးဘ၀ကတည်းက သင်ပေးမှန်းမသင်ပေးခဲ့တယ်။ ဒီလိုနဲ့ မိဘက၀ယ်ပေးတဲ့ စာအုပ်နဲ့တင် မတင်းတိမ်နိုင်တော့ဘဲ စာအုပ်အငှားဆိုင်ကို အလိုလိုသွား ချင်လာတယ်။ အဲဒီခေတ်အခါက ထွက်သမျှကာတွန်းစာအုပ် မြိုင်ရာဇာတွတ်ပီ၊ အရိုင်း၊ ပြာဂလောင် ပြာလချောင်၊ ဂျောက်ဂျက်၊ စံရွှေမြင့်၊ ရွှေခေါင်းပြောင်၊ သမိန်ပေါသွပ်၊ ဦးစိတ်တို၊ မျောက်ညို၊ ဖိုးဆိတ်ဖြူစတဲ့ ကာတွန်းစာအုပ်တွေကို အငမ်းမရဖတ်ရင်း ကြီးပြင်းလာခဲ့ရတယ်။
၅၅၀ ဇာတ်နိပါတ်တော်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ မြန်မာစကားပုံဆိုရိုးတွေ၊ မြန်မာ့သူရဲကောင်းတွေ၊ မြန်မာ့သမိုင်းဖြစ်ရပ်တွေ၊ မြန်မာ့ရိုးရာအစားအစာအကြောင်းတွေစတဲ့ ကလေးအရွယ်နဲ့မလိုက်ဖက်တဲ့ စာပေကြီးတွေကို ကာတွန်းရုပ်ပြတွေကတစ်ဆင့် ပေါ့ပေါ့ပါးပါး သိခွင့်ရခဲ့တယ်။
၆ တန်း၊ ၇ တန်းအရွယ်ရောက်လာတော့ သိုင်းဝတ္ထုတွေဖတ်ကြတယ်။ မိုးကျော်သူ၊ တက္ကသိုလ်နေလင်းအောင်၊ ရန်နိုင်ဓားတို့ကိုဖတ်ကြတယ်။
အသက်လေးနည်းနည်းပိုကြီးလာပြီး လူပျိုပေါက်အရွယ်ရောက်လာတဲ့အခါမှာတော့ မောင်စိန်ဝင်း (ပုတီးကုန်း)၊ တက္ကသိုလ်ဘုန်းနိုင်၊ ဂျူး၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်၊ နီကိုရဲ၊ နွမ်ဂျာသိုင်း၊ မိုးမိုး (အင်းလျား)စတဲ့ ၀တ္ထုစာပေ ရသ အဖွဲ့အနွဲ့တွေကနေ အလှတရားတွေတွေ့ရှိခဲ့ကြတယ်။ ကိုယ်ချင်းစာတရားတွေတွေ့ရှိခဲ့ကြတယ်။ နှလုံးသားတွေနူးညံ့ခဲ့ကြတယ်။ ဘ၀အမောတွေ ပြေပျောက်ခဲ့ရတယ်။ ဒါတွေက စာအုပ်အငှားဆိုင်တွေကပေးတဲ့ ယဉ်ကျေးမှုတွေပါပဲ။
စာအုပ်အငှားဆိုင်ယဉ်ကျေးမှုတွေဟာ အခုတော့ တခုတ်တရ ပြန်ပြောရတဲ့ အခြေအနေတွေဖြစ်နေပါပြီ။ အထက်မှာ ပြောခဲ့တဲ့ စာရေးဆရာအမည်နာမတွေနဲ့ ထုတ်ဝေခဲ့တဲ့စာအုပ်တွေအားလုံး ရာဇာစာအုပ်ဆိုင်လေးထဲမှာ ရှိနေဆဲပါ။ ခင်းကျင်းထားတာကိုကြည့်ရင် စာအုပ်အရေအတွက် အုပ်ရေ သောင်းဂဏန်းအထက်မှာ ရှိနိုင်ပါတယ်။
စာအုပ်ဆိုင်တွေ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားပေမယ့် ’’ရာဇာစာပေ’’ စာအုပ်အငှားဆိုင်ပိုင်ရှင် ဒေါ်ခင်သန်းဆွေကတော့ ရှိပြီးသားစာအုပ်ဟောင်းတွေကို ရောင်းဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။
“ကျွန်မရှိနေသေးသ၍တော့ ဒီစာအုပ်ဆိုင်လေး ဆက်ရှိနေဦးမှာပါ”
#ထက်ဖြိုး
Copy Link -
https://m.facebook.com/story.php?story_fbid=832508186934315&id=462721610579643
Please Follow Me @totoo