အထူးသဖြင့်၊ အမြဲ အတူတတွဲတွဲ ရှိနေသူတွေ အကြားမှာ၊ ဖြစ်ပေးမှ ကောင်းတယ်။ ပြဿနာဖြစ်တာဟာ၊ သဘာဝ။ ပြဿနာ လံုးဝ မရှိတာကမှ၊ သဘာဝ မကျတာ။ သဘာဝကို လွန်ဆန်နေတာ။
အကြောင်းက ဒီလိုပါ။
- ချစ်သူနှစ်ဦးအကြားပဲ ဖြစ်ဖြစ်၊
- လင်နဲ့ မယားအကြားပဲ ဖြစ်ဖြစ်၊
- မိဘ နဲ့ သားသမီး အကြားပဲ ဖြစ်ဖြစ်၊
- ညီအစ်ကို မောင်နှမ အကြားပဲ ဖြစ်ဖြစ်၊
Google
ပြဿနာတွေ ဖြစ်တာ ကောင်းတယ်။
အမြဲလိုလို တစ်ကျက်ကျက်နဲ့ ဆိုရင်တော့ မကောင်းလှဘူး။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ လူသားတွေဟာ ပုထုဇဥ်တွေ ဖြစ်တယ်။ အားလံုး အတ္တကိုယ်စီနဲ့ ဖြစ်တယ်။ လံုးဝ ပြဿနာ မဖြစ်တဲ့ မိသားစု၊ လူ့အသိုင်းအဝိုင်းဆိုတာ ရှားပါးပါတယ်။
ကျနော်ကတော့၊ ပြဿနာတွေကို အဆိုးလို့ မမြင်ကြည့်ဘဲ၊ အကောင်းဘက်က တွေးမိလိုက်တယ်။ ပြဿနာ တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရမယ်။ ပြဿနာတွေကို ပညာနဲ့ ဆင်ခြင်တံုတရားနဲ့ သတိလေးနဲ့ ထိန်းရင် ပြဿနာက ကြီးမသွားပါဘူး။
ပြဿနာတွေ ဖြစ်လို့၊ အားနည်းချက်တွေအများကြီး ဖြစ်နိုင်ပါတယ်။ အဲ့လိုပဲ ဆိုးကျိုးတွေ အများကြီးလည်း ဖြစ် နိုင်ပါတယ်။
ဒါပေမယ့်၊ တစ်ဖက်မှာလည်း ပြဿနာဖြစ်ဖို့ တစ်ဦးကို တစ်ဦး နားလည်သွားကြတာတွေလည်းရှိတယ်။ ပြဿနာတွေကြောင့်၊ တစ်ဦးအကြောင်း တစ်ဦး သိသွားကြတယ်။ ပြဿနာတွေကြောင့်၊ တစ်ဦးခံစားနေရတာ တစ်ဦးသိသွားကြတယ်။ အထူးသဖြင့်၊ မိသားစု အဝန်းအဝိုင်းမှာ ဖြစ်ဖြစ်၊ ချစ်သူတွေ အကြားမှာဖြစ်ဖြစ် ဒါက ကောင်းသော ချည်းကပ်ပံုနဲ့ ဆိုရင်၊ ကောင်းကျိုးဖြစ်နိုင်တယ်လု့ိ မြင်မိတယ်။
စဥ်းစားကြည့်ပါ။
ပြဿနာတွေ ဖြစ်ရင်၊ လူတွေက စိတ်ထဲရှိတာတွေ မချွင်းမချန် ထုတ်ပြောကုန်ကြတယ်။
သာမန် အချိန်ဆိုရင်၊ လူတွေက အဆင်ပြေနေသယောင် ထင်ရပေမယ့်၊ သိုသိပ်ထားတာတွေ မြံုထားတာတွေ ရှိတယ်။ ခံစားချက်တွေကို ဖံုးထားတယ်။ ဖိထားတယ်။ ဟန်ဆောင်ထားတယ်။ သိုဝှက်ထားတယ်။ အဆင်ပြေ တဲ့ ပံုစံနဲ့ ပဲ ဆက်ဆံနေကြတယ်။ အဲ… ၊ တစ်စံုတစ်ခု အတိုင်းအတာအထိ လွန်သွားကြမှ အရင်က မြံုထား၊ အံုထားတာတွေ က ပေါက်ထွက်ကုန်ကြတယ်။ အဲ့လို ပေါက်ကွဲ ထွက်ကုန်တဲ့နေရာမှာ၊ သတိနဲ့ မထိန်းနိုင်ရင် မဖြစ် သင့်တာတွေ ဖြစ်ကုန်ပါတယ်။
အဲ့ … သတိသာ ရှိထားနိုင်ရင်၊ ကိုယ့်စိတ်ကိုလည်း ကိုယ် ဆင်ခြင်တံုတရား ကပ်ထားနိုင်ရင်၊ ပြဿနာတွေက လူကို ကောင်းကျိုးပြုတယ်။
တစ်ဦးကို တစ်ဦး ပိုနားလည်လာတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာတယ်။ တစ်ယောက် အထာ တစ်ယောက် နားလည်လာတယ်။ တစ်ယောက် ခံစားချက် တစ်ယောက် ဖလှယ်မိကြတယ်။ ဒါကို ပညာနဲ့ သံုးနိုင်ရင်၊ ပြဿနာတွေ သည်ပင်၊ ပိုကောင်းသော ဆက်ဆံရေးဖြစ်အောင် ဖန်တီးနိုင်တဲ့ အကြောင်း တရားဖြစ်တယ်။
Google
ပြဿနာတွေ မဖြစ်ခင်၊ ပွင့်လင်းကြရင်လည်း ကောင်းတယ်။
မပွင့်လင်းတဲ့ ဆက်ဆံရေးမှာ၊ ပြဿနာတွေ ဖြစ်လိုက်ခြင်းက ဖံုးထားတာတွေကို ထိုးဖွလိုက်ခြင်းဖြစ်လို့၊ တုံ့ပြန်ပံုသာ မှန်ခဲ့ရင်၊ ဆက်ဆံရေးကောင်း ဖြစ်လာပါတယ်။
တံု့ပြန်ပံုမှန်ဖို့တော့ လိုပါတယ်။
သတိရှိနေဖို့တော့ လိုပါတယ်။
အပြုသဘောဆောင်တွေးတတ်ဖို့တော့ လိုပါတယ်။
ဆင်ခြင်တံုတရား ကပ်ဖို့တော့ လိုပါတယ်။
အဲ့ဒီလို ဆိုရင်၊ ပြဿနာတွေက ပိုကောင်းတဲ့ ဆက်ဆံရေးဖြစ်ဖို့ ကောင်းကျိုးပြုတယ်လို့ ကျနော် မြင်ပါတယ်။