သိုးမည်းလေးကျနော်...

Words
62
Reading
1 min
Listen
Play
8y

image


Image Source:https://pixabay.com/en/sheep-black-sheep-colorful-color-56115/

ကျွန်တော်ဟာ
မိုးသည်းတဲ့ညတွေမှာ
ထီးတစ်ချောင်းနဲ့
ခြေဦးတည့်ရာ လျှောက်သွားတတ်တဲ့
လူငယ်လေးတစ်ယောက်ပေါ့။

လိုက်လို့ပြေးခဲ့တာတော့ မဟုတ်ဘူး။
မမြင်ရတဲ့ကြိုးတွေကြားက
အားကုန်…ရုန်းထွက်ခဲ့တာ။
ပြီးတော့….
နောက်ပြန်ဆုတ်လို့မရတဲ့ ခြေလှမ်းတွေ လှမ်းခဲ့တယ်။

လေလွင့်ငှက်တစ်ကောင် အတွက်တော့
အိပ်တန်းတက်ချိန်ဆိုတာ
အဘိဓာန်ထဲမှာတောင် ပါခွင့်မရှိခဲ့ပါဘူး။

သူကပြောတယ်။
မှန်တယ် မှားတယ် ဆိုတာ
ဆုံးဖြတ်တဲ့သူအပေါ်မှာပဲ မူတည်တာပါ တဲ့။

မလွဲမသွေ ပြစ်ဒဏ်ချခံရမယ့်
တရားခံတစ်ယောက်အတွက်တော့
အယူခံဆိုတာ…ရယ်စရာ ဟာသ တစ်ခုပဲ။

တစ်ယောက်ထဲမှ မဟုတ်ပါဘူး။
လူပုံအလယ်မှာလည်း အထီးကျန်လို့ရပါတယ်။

ပျော့ညံ့တယ်လို့တော့ မပြောစမ်းပါနဲ့
ပိုးတုံးလုံးတစ်ကောင်မှာလည်း
လိပ်ပြာဖြစ်နိုင်တဲ့ သတ္တိတော့ရှိတယ်။

ငါ့ကို ဖယ်ကျဉ်ကြပါ။
ကျေှးဇူးပြုပြီးတော့
ငါ့အနားက အပေါ်ယံ ဟန်ဆောင်မှုတွေကိုပါ
မင်းတို့နဲ့အတူ ပြန်ယူသွားပေးကြပါ။

ငါလို သိုးမည်းတစ်ကောင်မှာ အဖော်မလိုပါဘူး။
ဒီထီးတစ်ချောင်းနဲ့ ဒီမိုးညတွေရှိရင် ဖြစ်တယ်။
အထီးကျန်လမ်းမတွေပေါ်မှာ
ငါဆက်သွားမယ်။
နေမြဲအတိုင်းသာ နေခဲ့ကြပါလေ။

thazinmoe@thazinmoe

သိုးမည်းလေးကျနော်... | Ecency