ခွက်ကလေးတလုံး ရှိတယ် ။
လူပြောသူပြောများတဲ့ အတိတ်ကံကြွေးလောက် ကြီးတယ်။ သူသူကိုယ်ကိုယ် လှိုင်းတံပိုးတွေကြားကပဲ
ရေဖြူဖြူလေး တချို့တဝက် ဝင်နေရာယူထားတယ်။
သူ့တို့ကိုယ် သူတို့ တံဆိပ်မကပ်ဘူး။
သူ တို့ကိုယ် သူတို့ မသိခဲ့ဘူး ။
ခွက်က ရေအတိမ်အနက် မသိဘူး။
ရေကလည်း ခွက်ပမါဏကို မသိဘူး။
တယောက်ကို တယောက်က နားလည်ဖို့ ကြိုးစားရင်း
ကိုယ်စီ ကိုယ်စီလည်း ပြန် ပြန် ဖတ်နေရသေးတယ်။
ဘဝက အဲ့ဒီလို ဆိုပါတော့...
ဦးဆိုင်းရဲ့ သီချင်းလို
" မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး"
ခွက်က ရေကို ပြောတယ် ...
" ရေဆိုတာ စုစည်းမှ အင်အားကြီးတာ
မင်းဟာ ပင်လယ်ဆီ မိတ်ဖွဲ့သင့်တယ် ။"
နေပါစေတော့
"အင်အားတွေလည်း မကြီးချင်တော့ပါဘူးဗျာ။
ဘရူးတပ်စ်တို့ပြည်မှာ ဘုရင်လုပ်ဖို့အတွက်တော့
ဆားငန်ရေတွေအကြောင်း မသင်ကြားချင်တော့ဘူး။
ကျနော်သိချင်တာက ကျနော်ဟာ phဘယ်လောက်
နဲ့ ရှင်သန်နေခဲ့ရတာလည်း ဆိုတာပါပဲ ။"
"ph ဘယ်လောက်နဲ့ ရှင်သန်ခဲ့တယ်ဆိုတာက
တကယ်အရေးကြီးလို့လား? မင်းဟာ အမှန် နဲ့
အမှား နှစ်ခုတည်းသိတဲ့ လူတွေလို ကိုယ့်ကိုကိုယ်
ဘောင်ခတ်ချင်နေတယ်ထင်တယ်။အမှန် ၊အမှား
ဆိုတာရဲ့အပြင်ဘက်မှာ လုပ်သင့်တာ၊မလုပ်သင့်တာ
နဲ့  ဖြစ်သင့်တာ ၊မဖြစ်သင့်တာ တွေ နောက်......
အမှား ဖြစ်လာနိုင်တဲ့ အမှန်တွေ ၊
အမှန်ဖြစ်လာနိုင်တဲ့ လတ်တလော အမှားတွေ
ရှိနေသေးတယ် မဟုတ်လား။ ဒီတော့ ရေဖြူလေးရေ
ရေဖြစ်တုန်းခဏ လုပ်သင့်တာပဲ လုပ်ပါကွာ"
"မဟုတ်သေးဘူးဗျ၊၊
ကျုပ်သိသမျှ ကျောက်ထက်အက္ခရာတွေမှာ
ခွက်တလုံးရဲ့ ဒဿနအကြောင်း သင်ပြမထားဘူး။
ရာဇဝင်မှာ ရေကသာ တိုက်စားတတ်တာမျိုးလေ။ "
"ဒီလိုပါပဲ ။
ရေတွေ ဝင်လာလိုက် ၊ ထွက်သွားလိုက်
သူတို့ပြောသမျှ အကြောင်း ငါ့မှာ မှတ်သား
ထားရတာပေါ့ ။ မင်းတို့တွေ ရောက်လာတဲ့အခါ
ပြန်ပြောဖို့လေ။ တခါတလေတော့လည်း ရေတွေရဲ့
ပွတ်တိုက်မှုကနေ အရောင်တွေ၊အနံ့တွေ ကျန်နေ
ခဲ့တတ်တယ်။တခုတော့ စိုးရိမ်သား... အဲ့အရောင်၊
အနံ့ တွေနဲ့ ငါ့ကို ခေါင်းစဉ်တခုခု တပ်လိုက်မှာကိုပေါ့။ "
"အဲ့ဒီ ရေတွေ ဘယ်ရောက်သွားလည်း....."
"အငွေ့ပျံ ပျောက်ကွယ်သွားတယ်လို့ ပြောကြတာပဲ
တချို့လည်း မင်းလိုပေါ့ ကိုယ့်ကိုကိုယ်ရှာရင်း၊
တချို့ကြလည်း အင်းအားတည်ဆောက်ဖို့
ပင်လယ်ကို မိတ်ဆွေဖွဲ့ရင်း ၊ တချို့ကြတော့လည်း
အမောပြေ အပန်းပြေပေါ့ ဒီလိုပဲ အငွေ့ပျံသွားကြတယ်။ "
"ဒါဆို ခင်ဗျားကရော ...."
"ခွက်တလုံးပါပဲ။
ငါ့ထဲကို ရေတွေဝင်လာတဲ့အခါ ရေခွက်ပေါ့။
အရက်တွေ သွန်ချတဲ့အခါလည်း အရက်ခွက်၊၊
တခါတလေတော့ ငါလည်းမူး၊လူလည်းမူးပေါ့ကွာ။
ထားပါတော့ .... အခု ငါနဲ့မင်း ဆုံတုန်း
မင်းကိုယ်မင်း ရှာတွေ့မလား ရှာချင် ရှာကြည့်ပေါ့။
ငါကတော့ .....
ငါဘာကောင်လည်းဆိုတာ ငါအော်နေတာထက်
ခွက်စောင့်နတ်က နတ်သဘင်အစည်းအဝေးမှာ
သတင်းပို့ပေးတာ ပိုကောင်းတယ်ထင်တယ်ကွာ။"
"ခွက် နဲ့ ရေ ဆုံ တုန်း
ခွက်အလုပ် ခွက်လုပ်ပါ့မယ် ။
ငါ့ကြောင့်တော့ မင်းထွက်မကျစေရဘူး။
မင်းကြောင့်လည်း ငါ မမူးစေနက်ပေါ့ ။"
"စိတ်ချစမ်းပါဗျာ ။
ကျနော်က ရေဖြူဖြူလေးပါ၊၊''
"အဲ့ဒီလို ရေဖြူဖြူလေးကိုပဲ လူတွေက သံပုရာသီးလေးပါ ညစ်သောက်ပြီး မူးသွားကြတာကွ..
အဖြူတွေက နေဝင်ချိန်စောတတ်ကြတယ်။
ငါ့သခင်ရဲ့ သားလေးကြည့်လေ ဘာအရောင်မှမရှိသေးခင်
အဖေ တဲ့ အမေ စကားများကြတုန်း လှေကားပေါ်က
ပြုတ်ကျသွားတယ်။ သူဝတ်ထားတဲ့ အင်္ကျင်္ီဖြူဖြူလေး
ရဲနေအောင် စိုသွားခဲ့တယ်ကွာ "
"ခင်ဗျားနဲ့  ဆုံရတာကောင်းတယ်ဗျာ ...
ကျနော်လာတဲ့လမ်းမှာ ခင်ဗျားပြောတဲ့
သင်ရိုးတွေ မပွင့်ဘူးဗျ .."
"ဒီလိုပါပဲ ။ဘာသာစကားတွေက သူ့နေရာနဲ့သူ
သီးကြ ပွင့်ကြတာမျိုးပေါ့ ။"
ခဏကြာတော့ အိမ်ရှင်ဝင်လာတယ် ။
ရေခွက်ကို ကောက်ယူသွားတယ်။
သူ သောက်ပစ်လိုက်မှာလား။
ပလုပ်ပဲ ကျင်းပြီး ထွေးပစ်လိုက်မလား။
လက်ဆေးမလား မသိနိုင်တော့ဘူး ။
သူက တော်တော်မူးနေပြီ မဟုတ်လား ။ ။ ။