တိုင်ကွယ်နေသော ပိပြားပင်များ

Words
162
Reading
1 min
Listen
Play
8y

image

တိုင်ကွယ်နေသော ပိပြားပင်များ

မင်းတုန်းမင်းကြီးလက်ထက်မှာ ပိပြားပင်တွေ အရမ်းပေါက်တယ်။ နန်းတော်ထဲအထိ ပိပြားပင်တွေဟာ တောဖြစ်နေတယ်လို့ဆိုတယ်။

ပိပြားပင်ဆိုတာက မြေသြဇာကောင်းတဲ့နေရာ နုန်းတင်မြေနုဒေသတွေမှာ သတ်မနိုင်လောက်အောင်ထူတယ်။ နန်းတော်ထဲမှာ ပိပြားပင်တွေဆိုတာက အထက်ဖား၊ အောက်ဖိတွေကိုပြောတာ။ အထက်က ဖိထားလို့ ပိနေတဲ့ ဝန်ကို အောက်ဆီမှာ ပိုပိအောင် နင်းတတ်တဲ့သူတွေကိုပြောတာ။

ပိပြားပင်ဆိုတာက ကြည့်လိုက်ရင် ဖြူဖွေးတဲ့ အပွင့်တွေ ဝေနေလို့ လှတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ လေအလာကို ယိမ်းလွန်းတယ်။ အရိုးမခိုင်၊ ကိုယ့်ကိုယ်ကိုယ် မနိုင်သူတွေဆိုတော့ တောင်လေတိုက်ရင် မြောက်ကိုယိမ်း၊ မြောက်လေတိုက်ရင် တောင်ကိုယိမ်း မင်းလိုလိုက် မင်းကြိုက်ဆောင်တွေကို ပိပြားပင်တွေလို့ ပြောကြတယ်။

အလျဉ်းသင့်ရာကို မြှောက်စားတဲ့ခေတ်ဖြစ်နေလို့ ပညာရှင်တွေက ဘေးထွက်ပြီးနေရတယ်။ ဘေးမထွက်ချင်တဲ့ ထက်မြက်သူတွေဆိုလည်း မြိုင်ရပ်နှင်စေဆိုတဲ့ အမိန့်နဲ့ တောရောက်၊ တောင်ရောက် ကုန်တော့တာပဲ။

image

မင်းတုန်းမင်းကြီးရဲ့ အစ်မတော် စကြာဒေဝီဟာ ပညာရှိတယ်။ ပိပြားတွေ နန်းတော်ထဲလွှမ်းလွန်းလို့ မောင်တော်ဖြစ်တဲ့ မင်းတုန်းကို အဖြစ်မှန် သိစေဖို့ အရှေ့စမုခ်နန်းဦးမှာ ရွှေသေတ္တာကြီး တစ်လုံး ထားခိုင်းတယ်။ တိုင်းပြည်ရေးရာ အမှန်ကို တိုင်ချင်သူတွေဟာ စာတိုက်သေတ္တာထဲ စာလွှာတွေ လာထည့် နိုင်တယ်လို့ အမိန့်ထုတ်တယ်။ ဒါပေမဲ့ ပိပြားတွေက အဲဒီ စာသေတ္တာထဲ ဘာစာမှ သွားမထည့်နိုင်အောင် လုပ်ထားလို့ အခေါင်းသက်သက် ဖြစ်နေရတယ်။

သားတော် သီပေါမင်းလက်ထက် ပိပြားတွေပိုဆိုးလာတယ်။ စုဖုရားလတ်တန်ခိုးထွားတော့ ပညာရှိတွေ ဘေးကပ်နေရပြန်ပြီ။ ပိပြားတွေ ဘယ်လောက်ဆိုးသလဲဆိုရင် နန်းတော်ထဲကထွက် ဓားပြတိုက် လုယက်တဲ့ အထိ သောင်းကျန်းလာတယ်။

ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားသူတွေက ပိပြားတွေနဲ့ပေါင်းမှ ကောင်းစားကြတာကိုမြင်ပြီး ပိပြားခေတ် ထူထောင်လိုက်ကြတာ ရွှေမြို့တော်ကြီးလည်း မငြိမ်သက်တော့ပါဘူး။

ဇာတ်သဘင်ပညာရှင်တွေက ဇာတ်ထွက်ပြီး ပြက်လုံးထုတ်တယ်
ဓားပြတွေက ရှေ့ကပြေး၊ နောက်က တာဝန်ရှိသူကလိုက်

“ဟဲ့ ဖမ်းကြစမ်း …ပစ်ကြစမ်း … လိုက်ကြစမ်း”

သေနတ်ကိုင် လူတစ်စုက ဒီအတိုင်းရပ်ကြည့်နေတယ်

“ဟဲ့ … ဓားပြပါဆိုတာ ဘာကြောင့် မဖမ်းသလဲ။ ဘာကြောင့် မပစ်သလဲ”

“ပစ်မရပါဘုရား”

“နင်တို့လက်ထဲမှာ သေနတ်က ဘာဖြစ်လို့ ပစ်မရသလဲ”

“မှန်လှပါ တိုင်ကွယ်နေလို့ပါဘုရား”

အဲဒီခေတ်က တိုင်တားမင်းကြီးက စုဖုရားလတ်အရှိန်အဝါနဲ့ တန်ခိုးမောက်နေတာကို “တိုင်ကွယ်နေလို့” ဆိုပြီး ပြက်လုံးတွေ ထုတ်တဲ့အထိ ဖြစ်ခဲ့တယ်။

တိုင်ကွယ်ပြီး ပေါက်နေတဲ့ ပိပြားပင်တွေကို မရှင်းနိုင်သေးသမျှ ပြည်သူတွေ ဒုက္ခပေါ့။

(ဖတ်ဖူးတဲ့ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းရဲ့ စာစုတစ်ခုထဲကပါ။ အမှတ်ရလို့ ပြန်ရေးကြည့်တာ)

တင်ညွန့်

photo : facebook

image