သံယောဇဉ်
ကျွန်တော်နှင့် ဦးဘမူသည် အိမ်နီးချင်း မိတ်ဆွေများဖြစ်ပါသည်။
ကျွန်တော်က တစ်ကိုယ်တည်းသမား အေးချမ်းစွာ နေချင်သဖြင့် အကြောင်းမရှိလျှင် အပြင်မထွက်။ သို့သော် မနက်စောစောတစ်ချိန် ခြံထဲတွင် သတင်းစာထွက်ဖတ်သည်။ ထိုအချိန်ကို ဦးဘမူက စောင့်ပြီး ကျွန်တော့်ကို တစ်ဖက်ခြံက စကားလာပြောတတ် သည်။
“ကျောင်းဆရာ”
“ဟုတ်ကဲ့ ဦးဘမူ ပြောပါခင်ဗျာ”
“ကျွန်တော့်ဖုန်းလေးများ ကြည့်ပေးစမ်းပါ။ ပျက်နေလားလို့”
ကျွန်တော်က သိပ်တော့နားမလည်။ သို့သော် သူလှမ်းပေးလိုက်သည့် ဖုန်းကို လှမ်းယူမိလိုက်သည်။ ဖုန်းကို ကြည့်တော့လည်းကောင်းသလို
“ခေါ်ကြည့်ရမှာပဲ ဦးဘမူ … ကျွန်တော့်ဖုန်းနဲ့ ခေါ်ကြည့်ရမလား”
“ခေါ်ကြည့်လေ”
ကျွန်တော်က ရှေ့တွင်ချထားသည် ကျွန်တော့်ဖုန်းဖြင့် ဦးဘမူဖုန်းကို ခေါ်ကြည့်လိုက်သည်။
“ဟ … ဖုန်းလာနေတာပဲ … နားထောင်ကြည့်လိုက်လေ … ကျွန်တော်ပြောမယ်”
ဦးဘမူကို ဖုန်းလှမ်းပေးလိုက်ပြီး ကျွန်တော် စကားပြောကြည့်သည်။
“ကြားသလား ဦးဘမူ”
“ကြားတယ်ဗျ”
“ဒါဆို မပျက်ပါဘူးဗျာ … ကောင်းပါတယ်။ ဘာဖြစ်လို့လဲ”
“မဟုတ်ဘူး ကျောင်းဆရာ … မြေးလေးတွေဆီက ဖုန်းမလာတာကြာလို့ ပျက်နေသလားလို့ပါ”
ကျွန်တော်ဘာဆက်ပြောရမှန်းမသိတော့။
ဦးဘမူက ဖုန်းကို ယူပြီး အိမ်ထဲပြန်ဝင်သွားသည်။
ဦးဘမူ ဖုန်း အမြန်ဆုံး ပြန်ကောင်းပါစေဟု ဆုတောင်းပေးလိုက်ပါသည်။
တင်ညွန့်